twitter
    Find out what I'm doing, Follow Me :)

ဤဘလောက်သည်ကျွန်တော်နှစ်သက်သောစာစုများနှင့် ကျွန်တော်ခံစားချက်အရေးအသားလေးများစုစည်းထာခြင်းဖြစ်သည်။လာလည်သူ၊မလာတဲ့ သှူမှန်သမျှအေးချမ်းကြပါစေ.......

Wednesday, June 1, 2011

နိုင်ငံခြားမှမြန်မာစက်ရုပ်

အမိမြေကနေ ခွဲခွာမှဖြစ်မယ်ဆိုတဲ့အသိနဲ့ မတတ်သာလို့ခွဲခွာခဲ့ရတဲ့ လူတစ်ယောက်ရဲ့ ပုဂ္ဂလိကခံစားချက်တွေပါ။ နိုင်ငံခြားကိုမှ လူ့ပြည်လို့ထင်တဲ့လူအချို့အတွက် ဟားစရာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်
။ လူတစ်ကိုယ် စိတ်တစ်မျိုးစီပဲမဟုတ်လား...။ဒီလိုနဲ့ တိုးတက်တဲ့ ကျွန်းလေးတစ်ကျွန်းပေါ် ရောက်လာတယ်ဆိုပါတော့။ ပြီးတော့အလုပ်ရဖို့၊ အလုပ်ရတော့ နေထိုင်ခွင့်ရဖို့၊ ဒါတွေပြီးသွားတော့ လုပ်ငန်းခွင်မှာ အဆင်ပြေဖို့၊ အဆင့်ဆင့်ဖြတ်သန်းပြီး နည်းနည်းလေးနေသားကြလာတော့ ပထမဆုံးတွေးမိတာက ငါလူနဲ့မတူတော့ပါလား ဆိုတဲ့အတွေးပါပဲ။

နိုင်ငံခြားမှာ အလုပ်လုပ်ရတာတန်အောင်ခိုင်းတဲ့အပြင် ကိုယ့်စိတ်နဲ့ကိုယ်တောင် နားနေခွင့်မပေးရဲတဲ့ ဘ၀မျိုးတွေပါ။ စိတ်ကိုလေးလံတဲ့ အရာတစ်ခုနဲ့ အမြဲဖိစီးနေတဲ့အပြင် ညှစ်ပါညှစ်ခံရတာမျိုးပါ။ မနက် ၆ နာရီထ၊ မျက်စိမဖွင့်ပဲရေချိုး၊ အ၀တ်အစားလဲပြီး Bus ကားတစ်တန် ရထားတစ်တန်စီးပြီး ရုံးကိုရောက်၊ ရောက်တာနဲ့ရုံးက ကွန်ပျူတာ sever တွေနေကောင်းရဲ့လား၊ ကျန်းကျန်းမာမာရှိရဲ့လားလို့ အရင်စစ်ရတယ်။ သူတို့နေမကောင်း၊ နှာစီး ချောင်းဆိုးဖြစ်ပြီဆိုရင်တော့ တွတ်ပီကံမကောင်းတဲ့နေ့ပါပဲ။

အဲဒါစစ်ပြီးသွားရင်ရေးစရာရှိတဲ့ Program တွေခေါင်းမဖော်တမ်း ရေးလိုက်ရတာ ၁၂း၃၀ အထိပါပဲ။ ကျွန်တော့် Team မှာ ကျွန်တော်အပါအ၀င် လူ(၃) ယောက်ထဲ ရှိရတဲ့အထဲ ကျန်နှစ်ယောက်က ကုလားနဲ့ ကုလားမပါ။ သူတို့ပြောနေတဲ့ ဘာသာစကားကလဲ ကျွန်တော်နားမလည်တော့ အလုပ်ထဲမှာ တစ်ယောက်ထည်း ရေးစရာရှိရေးနေရုံပါပဲ။ ဒီလိုနဲ့ပဲ ထမင်းစားချိန် ၄၅ မိနစ် ၊ ပြီးတာနဲ့ထပ်ရေးရပြန်ရော။ Project တွေကလဲ တစ်ခုမပြီးသေးဘူး နောက်အသစ်တစ်ခုက စောင့်နေပြီ။ အရေးထဲ Team Leader ကဘာမှမသိတဲ့ ကုလားဆိုတော့ Project Delivery Date တွေက Programmer တွေအတွက် မဖြစ်နိုင်တဲ့ ရက်အကန့်အသတ်နဲ့။

ဒီလိုနဲ့ တစ်နေကုန်ရေးပြီး ဦးနှောက်က ၇း၀၀ နာရီဆို ဒေါင်းသွားပြီ။ အိမ်ကို Bus ကားနဲ့ ရထားစီးပြီး ပြန်ရောက်တဲ့အချိန်က ၉း၀၀ နာရီ။ ညစာစားပြီး ကိုယ်နေတဲ့အခန်းထဲ ရောက်တဲ့အချိန်က ၁၀း၀၀ နာရီ။ Blog လေး သတင်းစာလေးဖတ်လိုက်တော့ ၁၁း၀၀ နာရီ၊ နောက်နေ့ ၆ နာရီထဖို့ အိပ်မှဖြစ်တော့မယ်လို့ ဦးနှောက်က အသိပေးနေပြီ။ ဒါပေမယ့် စိတ်ကမအိပ်ချင်သေးလို့ ဂစ်တာလေး ကောက်ကိုင်လိုက်တော့  ၁၂း၀၀ နာရီ။ ကဲ.... ဒါနဲ့ပဲ တနေ၀င်တနေထွက် စက်ရုပ်လူသားဘ၀။

စနေ၊ တနင်္ဂနွေကျတော့ အ၀တ်လျှော်၊ အခန်းရှင်း၊ မီးပူထိုး၊ တစ်ပတ်စာဈေးဝယ်၊ မြန်မာဟင်း လွမ်းတာလေးတွေ ချက်စား၊ စာအုပ်လေးဖတ်ရင်ဖတ်၊ အဲဒီနေ့တွေဆို အိမ်မှာပဲ အေးအေးဆေးဆေးနေချင်တော့တယ်။ တစ်ခါတစ်လေ အလုပ်က Program ပြဿနာတွေဖြေရှင်းဘို့ စာအုပ်တွေရှာဖတ်၊ Internet မှာ download လုပ်။ ဘယ်မှာလဲ.... အပေါင်းအသင်းအတွက်၊ မိတ်ဆွေသူငယ်ချင်း အတွက်အချိန်။ သူငယ်ချင်းနေမကောင်းလဲ Ph နဲ့သတင်းမေး၊ လေဆိပ်ဆင်းရမယ့်ရက်ဆိုလဲ ခွင့်မရလို့လိုက်မပို့နိုင်၊ လူမှုရေးတွေ ပျက်ကွက်လို့။ သူငယ်ချင်းအားလုံးလဲ sms လောက်နဲ့ နှုတ်ဆက်နေကြရ။ ကြာလာတော့ လူချင်းတွေ့ရင်တောင် sms စကားတွေဖြစ်လို့။ ဟူး......... တစ်ကယ်တော့ နိုင်ငံခြားဆိုတာ လူမှုရေးတွေကို တိုတိုတုတ်တုတ် ဖြစ်စေသတဲ့လား။

တစ်လကုန်လို့ရလာတဲ့ လစာကို အိမ်အတွက်ပို့ဖို့၊ အိမ်လခပေးဖို့အတွက်၊ တစ်လလုံးစားဖို့ သောက်ဖို့အတွက်၊ Ph ဖိုးနဲ့ အထွေထွေကုန်ကျစရတ်အတွက်၊ လိုအပ်တဲ့ပစ္စည်းလေးတွေဝယ်ဖို့အတွက် ခွဲခြမ်းစိတ်ဖြာလိုက်တော့ ၁၀ ပုံ ၁ ပုံတောင်စုဖို့က အနိုင်နိုင်၊ တစ်ခါတစ်လေ အပေါင်းအသင်းကို ကူညီလိုက်လို့ လခမထုတ်ခင် ပိုက်ဆံပြတ်သွားရင် ဥပုသ်စောင့်ရတာကရှိသေး။ ကိုယ့်မြေမှာတုန်းကလို သူငယ်ချင်းရေ... ငါ့ကို ဘယ်လောက်လှည့်ကွာလို့ ပြောဘို့ အားလုံးကလဲ သူမသာ၊ ကိုယ်အသုဘ..အဲ... အဲလိုလဲဟုတ်သေးပါဘူး၊ ကိုယ်လိုသူလို အတူတူဘ၀...။ ဒါ... ဘ၀တဲ့လား။

ကိုယ့်တိုင်းပြည်မှာဆို မနက်မိုးလင်းရင် ပဲပြုတ်ပူပူနွေးနွေး မွှေးမွှေးလေးနဲ့ ထမင်းနဲ့အမေကကြော်ကျွေးတယ်။ ဒီမှာဆို ပဲပြုတ်တောင် အေးခဲမာတောင့်၊ အနံ့ကလဲမရှိတော့။ အေးခဲနေတာကို ပူအောင်ပြန်လုပ်ပြီးစားလိုက်၊ မြန်မာပြည်မှာလို လတ်လတ်ဆတ်ဆတ် ချက်ပြုတ်မစားနိုင်တဲ့ဘ၀။ ဒီက food court ကဟင်းတွေကလဲ ကြာကြာစားတော့နံလာပြီ။ အရသာတွေကလဲအားလုံးတူနေသလိုပဲ။ ဒါနဲ့ပဲ မြန်မာအစားအစာလေးတွေတတ်သလောက် မှတ်သလောက် လျှောက်လုပ်စား။ တစ်ခါတစ်လေလဲ စားလို့ကောင်း၊ တစ်ခါတစ်လေလဲ ဘာဟင်းကြီးမှန်းမသိတဲ့ ဟင်းမျိုးတွေဖြစ်လို့။ အိမ်ပြန်ချင်လိုက်တာ အမေရယ်။

လူ့စိတ်ကလဲ မကောင်းတာများ ပြောပါတယ်။ မရနိုင်ဘူးဆိုမှ ဘိန်းမုန့်လေး မုန့်လင်မယားလေး စားချင်တာရှိသေး........ ရန်ကုန်မှာဆို ညဘက်လှည်းတန်းမှာ မုန့်အစုံပေါမှပေါ.. ဒီမှာတော့ ငှက်ပျောသီး သရက်သီးတောင် မချိုပါဘူးအမေရာ။ အလုပ်ကအိမ်ပြန်၊ အိမ်မှာအိပ်ပြီး အလုပ်ပြန်သွား၊ အိပ်၊ စား အလုပ်လုပ်၊ ဒီ(၃) ခုပဲရှိတဲ့ တစ်နေ့တာက ပျော်စရာကောင်းတဲ့ဘ၀လား။

ကျွန်တော်အပျင်းမကြီးပါဘူး။ တစ်နေကုန် လ္ဘက်ရည်ဆိုင်ထိုင်ပြီး ကောင်မလေးတွေအကြောင်း လျှောက်ပြောချင်နေတာမဟုတ်ပါဘူး။ အလုပ်လုပ်ချိန်၊ အစားစားချိန်၊ အိပ်ချိန်အိပ်၊ ဒါ့အပြင် ကိုယ်ဝါသနာပါတဲ့ ပန်းချီဆွဲချိန်၊ ဒါမှမဟုတ် ဂီတာတီးချိန်၊ ဒါမှမဟုတ် ရုပ်ရှင်ကြည့် အပန်းဖြေချိန်လေးတွေ ကိုယ်စိတ်ပျော်ရာကို စိတ်လက်ပေါ့ပါးစွာ လုပ်ခွင့်ရရှိခဲ့တဲ့ ကိုယ့်နိုင်ငံမှာတုန်းကအချိန်လေးတွေကို လွမ်းတာပါ။ စိတ်အပန်းဖြေစရာမရှိ၊ အလုပ်ပြီး အလုပ်၊ စားပြီးရင်အိပ်၊ ဒီလိုနဲ့အလုပ်ကဖိစီးတဲ့ဒဏ်၊ ပတ်ဝန်းကျင်က လူပါးဝတဲ့လူတစ်ချို့ ရဲ့ဒဏ်၊ အထီးကျန်ပြီး အိမ်ကိုလွမ်းတဲ့ဒဏ်တွေနဲ့ ကဗျာရွတ်သံတွေတောင် တိုးတိတ်နေပါပြီ အမေရာ။

မြန်မာပြည် လူတွေကတစ်ယောက်ယောက်များ နိုင်ငံခြားသွားတော့မယ်ဆိုရင် ပုဇွန်ခြောက်ဆိုလဲ ရွှေပုဇွန်ခြောက်လေး၊ လ္ဘက်ဆိုလည်း အညွန့်လေးတွေချည်းပဲ နှပ်ပေးရတာနဲ့၊ အရာရာကို အကောင်းလေးတွေချည်းပဲ ထည့်ပေးတတ်ကြတယ်။ ငါးပိဆိုရင်လဲ ရခိုင်ငပိလေး၊ ငါးခြောက်ဆိုရင် ငါးရံ့ ခြောက်၊ ငါးပုတ်ခြောက်စသည်ဖြင့်ပေါ့။ ဒီကလူတွေကတော့ ရှိတာလေးကိုဝေပုံချပြီး တိုင်းထွာသုံးနေရတဲ့ဘ၀မျိုးမှာ မြန်မာပြည်ပြန်လို့ လက်ဆောင်တွေပေးရတော့မယ်ဆိုရင် ဈေးသက်သာတဲ့ဆိုင်ကိုရွေး၊ လျော့ဈေးရှာဝယ်ရနဲ့ ဖတ်ဖတ်မောလို့။ ဒါပေမယ့်လည်း ကိုယ့်ဝမ်းနာကိုယ်သာသိ၊ ကိုယ့်ဒုက္ခနဲ့ ကိုယ်မဟုတ်လား။

စိတ်ရွှင်လန်းပါစေတော့ရယ်လို့ အိမ်ရှေ့မှာ ပန်းအိုးလေးတွေနဲ့သစ်ပင်လေးတွေ စိုက်ထားပြန်တော့လည်း ဈေးကြီးတဲ့သစ်ပင်လေးဆို ခိုးသွားပါလေရော။ ဟိုနားဒီနား အလွယ်တစ်ကူသွားလို့ရအောင် စက်ဘီးလေးဝယ်ပြီး ၀ရန်တာလက်တန်းမှာ သံကြိုးနဲ့ချည်ထားပြန်တော့ ဖြုတ်လို့ရတဲ့ ဒေါက်နဲ့ခြေနင်းတွေဖြုတ်သွားပြန်ရော။ တွန်းလှည်းလေးနဲ့ အပြည့် ဈေးဝယ်ပြီး အပြန်လမ်းမှာ ဆိုင်လေးတစ်ခုထဲခဏ၀င်ပြီး ဖုန်းကဒ်ဝယ်လိုက်တော့ ခြင်းတောင်းထဲက လိမ္မော်ရည်ပုလင်းက မရှိတော့ပြန်ဘူး။ ဖိနပ်အသစ်လေးဝယ်ပြီး အိမ်ရှေ့ ဖိနပ်စင်မှာ တင်ထားမိတော့ တစ်ညအတွင်း ဖိနပ်ကမရှိတော့ဘူး။ ကဲ........ ဘာများထူးသေးလဲအမေရာ။

ကိုယ့်နိုင်ငံမှာ လာနေတဲ့နိုင်ငံခြားသားကတော့ လုပ်ငန်းရှင်စီးပွားရေးသမားတဲ့။ မျက်နှာငယ်ရတယ်လို့လဲမကြားဖူးပါဘူး။ သူများနိုင်ငံမှာ ကိုယ်သွားနေရတာ့ ပညာဖြင့် အသက်မွေးဝမ်းကြောင်းသော အလုပ်သမားတဲ့၊ မျက်နှာငယ်တယ်ဆိုတာထက် သေချာတဲ့နေထိုင်ခွင့်မရခင် Immigration သွားရတဲ့ရက်တွေဆို ဒီကျွန်းပေါ်မှာ မျက်နှာထားအဆိုးဆုံး မလေးရှားမလေးတွေနဲ့ ရင်ဆိုင်ရပြန်ရော။ ကိုယ့်ကံကြမ္မာက သူတို့လက်ထဲမှာ။ ရယ်ပြ၊ ပြုံးပြလို့လည်း အပိုပဲ။ ကဲ........ မခက်ဘူးလား အမေရာ။

အမေကတော့ အဲယားကွန်းထဲမှာ တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်ရတဲ့ သားတော်မောင်ကွန်ပျူတာထဲမှာ ABCD တွေ ရေးနေရုံပဲလို့ ထင်နေရှာမှာပဲ။ ဟုတ်တယ်အမေရေ... အဲဒီ ABCD က error တစ်ခုခုများ တက်နေရင် စားလည်းဒါပဲစဉ်းစား၊ ထမင်းက ဘာအရသာမှန်းမသိလိုက်။ အိပ်လည်းအိပ်မက်ထဲမှာ ABCD ရွတ်။ နောက်ဆုံး စိတ်ပြေလက်ပျောက် ဂစ်တာတီးရင်တောင် လက်တွေကသာ ကြိုးပေါ်မှာ၊ သံစဉ်တွေကတော့ ABCD ပဲလေ။ ကဲ.... ဖိစီးမှုတွေ ပေါ့ပါးသတဲ့လား အမေရာ...။

စာအုပ်ထဲမှာတော့ လူဆိုတာ ရောင့်ရဲနိုင်တဲ့နေ့မှာ တစ်ကယ်ချမ်းသာသွားတာတဲ့။ ဒါပေမယ့် သားတွေအတွက် ဂုဏ်ယူနေတဲ့ အမေ့အပြုံးတွေ၊ ဆွေမျိုးတွေရဲ့ အလယ်မှာ ပျော်ရွှင်ခြင်းအပြည့်နဲ့ တောက်ပနေတဲ့ အမေ့မျက်လုံးလေးတွေ၊ အရောင်မှိန်သွားမှာစိုးလို့ အခုအချိန်အထိ ရောင့်ရဲခြင်းဆိုတာနဲ့ ဝေးနေပါသေးတယ်။ တချို့အမှန်တရားတွေကို အမေသိသွားရင် စိတ်ဆင်းရဲနေရှာမှာမို့ ကျေးဇူးပြုပြီး ကျွန်တော်ပြောတာတွေ အမေ့ကို ပြန်မပြောကြပါနဲ့ဗျာ။ ။

                       ( mysing မှကူယူဖော်ပြပါသည်)

No comments:

Post a Comment

ဘယ်သူမဆို ဝေဖန်သွားလို့ ရပါတယ်
အပြုသဘောနဲ့ ပေါ့ 
အားလုံးပျော်ရွင်ကျပါစေ.....