ကျွန်တော် ဖုန်းဆက်တိုင်း အမေပြောနေကျ စကားပါ..။ ကျွန်တော့်က ပိုက်ဆံမပို့ ဖြစ်တဲ့ လနဲ့  အလုပ် Pressure များပြီးစိတ်ရှူပ်တဲ့လဆိုရင် မဆက်ဖြစ်ပါဘူး။ အလိုလိုနေရင်း ဒေါသထွက်နေတာကြောင့် ဘယ်သူနဲ့ မှ စကားမပြောချင်တာပါ။ နောက် ကျွန်တော် တို့ ရွာက မြို့ နဲ့  (၂၇ )မိုင်လောက်ဝေးတာကြောင့် ဖုန်းတစ်ခါချိန်းရင် အဆင့်ဆင့် ကြိုမှာရတာကြောင့်လည်း ပါပါတယ်။
လူကြုံကောင်းလို့  ဒီမှာရှိတဲ့ သကြားလုံးမျိုးဝယ်ပေးရင်တော့ အမေကဖွက်ထားပြီး ကြာကြာသိမ်းတတ်ပါတယ်.. အိမ်ရှေ့ မှာ ဖြတ်သွားတဲ့ လူမြင်ရင် .
" ဘယ်ကိုသွားဘို့ လည်း..ရေနွေးဝင်သောက်သွားအုံးလေ..." ဆိုပြီး လှမ်းအော်ခေါ်မယ်... ဒီလူက အိမ်ကိုလှည့်ဝင်လာရင်တော့ ဒီမှာ... စင်ကာပူမှာရှိတဲ့ သားကဝယ်ပေးလိုက်တဲ့ သကြားလုံး...ရော့.... .ဆိုတစ်လုံးပေးပြီး ဗူးကိုပြန်ပိတ်သိမ်းသွားတတ်ပါတယ်... ကြာကြာထားမှ သူကြာကြာကြွားရမယ်လေ...
အဓိက ကတော့ သူ့ သားတစ်ယောက် စင်ကာပူမှာ ရှိတယ် ဆိုတာကို အမျိုးမျိုးသောအကြောင်းပြပြီး သူကြွားတတ်ပါတယ်....။ ဧည်သည်လာရင်တော့ ..." ဒါက အကြီးကောင်လေ.. အလတ်ကောင်က စင်ကာပူမှာ... အငယ်ကောင်ကတော့ ရန်ကုန်မှာပေါ့ ရေနွေးသောက်ပါအုံး... စားပါအုံး" နဲ့  စကားရှာကြွားပါတယ်။
အဖေကတော့ (၃)ထည် ဒေါ်လာ ၂၀ နဲ့ ဝယ်ပေးလိုက်တဲ့ HANG TEN စပို့ ရှပ်ကို သူအပေါင်းသင်းတွေဆုံရာ ဝတ်သွားမယ်... ဟိုရောက်ရင်အပေါင်းသင်းတွေ မမေးမေးအောင် စကားရှာပြောနေတတ်ပါတယ်.... " ကိုကြည်သိန်း ခင်ဗျားက စပို့ ရှပ်အသစ်တွေဘာတွေနဲ့ ပါလား.. ဘယ်ကဝယ်လည်းဗျ... " ဆိုရင် " ဘယ်ကရှိရမှာလည်းဗျာ... စင်ကာပူက သားဝယ်ပို့ လိုက်တာပေါ့ဗျာ.... " ဆိုပြီး ပြုံးပြူံးကြီးနဲ့  ကြွားမယ်ပေါ့...။
တစ်ခါတစ်လေတော့လည်း ကျွန်တော်စဉ်းစားမိပါတယ်..။ အဖေနဲ့ အမေ့အသက်က ၅၀ ကျော်ပြီဆိုတော့ ကျွန်တော် တစ်လ တစ်ကြိမ် ပုံမှန်ဖုန်းဆက်ရင်တောင် တစ်နှစ်ကို (၁၂) ကြိမ်အဖေအမေနဲ့ စကားပြောရမယ်.. သူတို့ အသက် (၇၀) ထိနေရရင် အကြိမ်ပေါင်း (၂၄၀) စကားပြောရအုံးမယ်ပေါ့...။ (၂) နှစ်တစ်ကြိမ် ရွာပြန်ဖြစ်ရင်တော့ အဖေနဲ့ အမေကို မသေခင် (၁၀) ကြိမ်တွေ့ ဖို့ အခွင့်ရေးရှိပါမယ်။ အင်း.... အလုပ်ထဲ တစ်အိမ်ထဲ အတူနေ လူတွေနဲ့ တော့ ကျွန်တော်တို့  မတွေ့ ချင်လည်း တွေ့ နေရတာမဟုတ်ပါလားဗျာ...။
အမေ ပြောတဲ့ " တစ်လ တစ်ကြိမ်လေးတော့ ဖုန်းဆက်ပါသားရယ် ..." ဆိုတာကို ကျွန်တော် သိပ် အလေးမထားမိခဲ့ပါဘူး...။
" အာဗျာ... အမေကလည်း ...ရွာကို ဖုန်းတစ်ခါခေါ်ရတာ လွယ်မှတ်လို့ .. ဖုန်းလိုင်းတွေက ကောင်းတာမဟုတ်ဘူး ...ဘာစကားမှမပြောလိုက်ရပဲနဲ့  1818 တစ်ကဒ်ကုန်သွားတဲ့ အကြိမ်ပေါင်း မနဲဘူးရယ်... ဒီမှာ အလုပ်များရင်လည်း ဖုန်းဆက်ဖို့ အချိန်မရဘူးအမေရ ..... " ဆိုပြီးအကြောင်းအမျိုးမျိုးပြ ပြောတတ်ပါတယ်..။ ဒါပေမယ့် တစ်ရက် ကျွန်တော့် ဖတ်ဘူးတဲ့ ဆောင်းပါလေး တစ်ပုဒ်ကို သတိရတဲ့ အခါမှ အမေ့ခံစားချက်ကို ကျွန်တော် နားလည် ပါတယ်။ဖတ်ဘူးတာကြာတော့ အတိကျတော့ ကျွန်တော် မမှတ်မိတော့ပါဘူး....
ဒီထဲမှာ သားလုပ်သူက ဆောက်လုပ်ရေး အင်ဂျင်နီယာတစ်ယောက်ပါ။ အမေကတော့ တောရွာလေး တစ်ရွာကပေါ့။ သားလုပ်သူက လင်သားမရှိတော့တဲ့ အမေ့အသုံးစရိတ်အတွက် တစ်လတစ်ကြိမ် စာတိုက်ကနေ စာနဲ့ အတူ ငွေပို့ ပါတယ်။ သားဆီက ပို့ တဲ့စာနဲ့ ငွေရောက်မဲ့နေ့ စာပို့ သမားလာရင်သူ့  အမေ့မျက်နှာဟာ ကြည်လင်နေပြီး ပျော်လို့ မဆုံးပေါ့...။
တစ်ခါမှာ သားလုပ်သူအလုပ်များတာကြောင့် တစ်လတစ်ကြိမ်မပို့ နိုင်ပဲ သူ့ အမေအတွက် တစ်နှစ်စာ ပိုက်ဆံ နဲ့ စာပို့ပါတယ်... ဒီအချိန်မှာ အမေလုပ်သူက သားကို တစ်လ တစ်ခါပဲ ပို့ ဖို့ စာပြန်ရေးပြီး သားပို့ထားတဲ့ တစ်နှစ်စာ ငွေကို စာတိုက်ကနေ ပြန်ပို့ ပေးလိုက်ပါတယ်... ။ သားလုပ်သူလည်း အမေ ဘာလုပ်တာပါလိမ့်လို့ တွေးပြီး အလုပ်များတာကြောင့်  အတော်နဲ့ မဆက်သွယ်ဖြစ်ပါဘူး။ နောက် တစ်နှစ်ကျော်အကြာ ရွာကလူတစ်ယောက်နဲ့ တွေ့ ချိန်မှာ သိရတာက သူ့ ရဲ့ အမေဟာ တစ်လတစ်ကြိမ် သားဆီက ပို့ တဲ့ စာနဲ့  ငွေ ရောက်မဲ့နေ့ တွေဆို ရွှင်လန်းတက်ကြွ ပြီး ပျော်နေတတ်ကြောင်း သားလုပ်သူ သိရပါတယ်....။ ဒီအချိန်မှာမှ သားလုပ်သူနားလည်လိုက်ပါတယ်...သူ့ အမေဟာ သားဆီကပို့ တဲ့ငွေထက် ပျော်ရွှင်ကြည်နူးမှူ့ တွေကို တစ်လတစ်ခါ ပုံမှန်လေး မျှော်လင့်နေတာဖြစ်ကြောင်း နားလည်ပါတော့တယ်။
ဒီလိုပါပဲ ... ကျွန်တော်တို့ မိဘတွေဟာ ပို့ မဲ့ ငွေထက် သတိတရနဲ့ ဖုန်းဆက်တာ ပြန်လာတာ..လေးတွေကို မျှော်လင့်ပြီး အသက်ဆက်ရှင်နေကြမှာပါ။ အဖေနဲ့ အမေ မသေခင်မှာ အနဲဆုံး တစ်လတစ်ကြိမ် ပျော်ရွှင်ကြည်နူးမှု့ လေးတွေပေးကြပါစို့ လားခင်ဗျာ....။
**ကိုပုလေး**
25 April 2011
No comments:
Post a Comment
ဘယ်သူမဆို ဝေဖန်သွားလို့ ရပါတယ်
အပြုသဘောနဲ့ ပေါ့ 
အားလုံးပျော်ရွင်ကျပါစေ.....