twitter
    Find out what I'm doing, Follow Me :)
ဤဘလောက်သည်ကျွန်တော်နှစ်သက်သောစာစုများနှင့် ကျွန်တော်ခံစားချက်အရေးအသားလေးများစုစည်းထာခြင်းဖြစ်သည်။လာလည်သူ၊မလာတဲ့ သှူမှန်သမျှအေးချမ်းကြပါစေ.......
Wednesday, March 30, 2011
ကဗျာအပိုင်အစများ
လွမ်းတယ်လို့ပြောရအောင်လည်း
ဒို့တွေကချစ်သူတွေမှမဟုတ်တာ
ဒါပေမဲ့ ........လွမ်းနေတယ်
ကောင်မလေးရေ...........။။
တစ်ညနေပေါ့ကောင်မလေး
မင်းပေးခဲ့တဲ့အချစ်သစ်စေ့
ရင်မုာစိုက်လို့ငါ့နှလုံးသွေးတို့
ကျွေးခဲ့တယ်......
ခုဆိုသစ်ပင်ကြီးဖြစ်လို့
အဲ့သစ်ပင်ကအလွမ်းတဲ့
နောက်................
သူသီးလာတဲ့သစ်သီးတွေက
မျက်ရည်တွေဖြစ်နေတယ်
ခုဆို............ငါ့မျက်ရည်သီး
ရင်ဘက်ပေါ်ကြွေကြလိုက်တာ
ငါ့နှလုံးအိမ်တောင်..........
ကြေမွတော့မယ်
ဒီလိုနဲ့ကောင်မလေးရေ
ဘ၀ပါမျောတော့မယ်...........။။
တကယ်လို့သာ ဆုတောင်တိုင်းပြည့်ခဲ့မယ်ဆိုရင် ဟန်ဆောင်မှုတွေကင်းမဲ့၊လှည်စားမှုတွေကင်းမဲ့တဲ့ ချစ်ခြင်းမျိုးနှင့်သာ ဆုံဆည်းရလိုပါ၏.........။။
                         မှတ်ချက်။  ။ခံစားချက်များနဲ့ တိုက်ဆိုင်တဲ့ ကဗျာလေးမျာဖြစ်ပါတယ်.....
Tuesday, March 29, 2011
လပ်ထပ်ရှင်းတမ်း
လက်ထပ်ရှင်းတမ်း
လွန်ခဲ့တဲ့ ၁၄နှစ်က မိုးသည်းသည်းမည်းမည်း ရွာတဲ့ညတစ်ညမှာ
မိဘဆွေမျိုးတွေကို ဆန့်ကျင်ပြီး သိပ်ချစ်ရတဲ့နင့်နောက် ငါလိုက်ခဲ့တယ်။
နင့်မှာ ဖျားနာနေတဲ့ မိခင်ရယ်၊ အိုမင်းနေတဲ့ ဖခင်နဲ့
သွပ်တစ်ခြမ်းခွါရောင်းထားတဲ့ အိမ်အိုတစ်လုံးအပြင် ငါရှိခဲ့သေးတယ်
မဟုတ်လား? ဒီမြို့ကို အလုပ်လုပ်ဖို့ လာခဲ့တဲ့ ခရီးစရိတ်အတွက်
ငါအစားထိုးဆရာမ တစ်လလုပ်ခဲ့ရတယ်။ ငါအပင်ပန်းခံခဲ့သမျှက နင်နဲ့အတူ
သက်ဆုံးထိတိုင် နေသွားရဖို့ပါပဲ။
ငါလူရွေးမမှားခဲ့ဘူးလို့ပဲ ပြောရမယ်။ နင်အလုပ်ကြိုးစားခဲ့တယ်။
၁၀နှစ်လွန်သွားတော့မှ ငါ့အိမ်ကလူတွေ ငါ့အတွက် သက်ပြင်းချနိုင်ခဲ့တယ်။
ငါ့မိဘတွေ ငါလူရွေးမမှားခဲ့မှန်း သိပြီး ခွင့်လွတ်တဲ့အချိန်မှာ တိုက်တွေ၊
ကားတွေ ငါတို့ပိုင်ဆိုင်ခဲ့ပြီလေ။ ဥစ္စာပစ္စည်းတွေ ပိုင်ဆိုင်လာသလို
နင့်မှာ “နှလုံးသားချင်း နားလည်တဲ့သူ” နောက်တစ်ယောက်ရှိလာတယ်လို့
နင်ငါ့ကို ပွင့်ပွင့်လင်းလင်းပဲ ပြောလာခဲ့တယ်။ ကွာရှင်းစာချုပ်မှာ
ငါလက်မှတ်ထိုးပေးရင် ပိုင်ဆိုင်သမျှနဲ့ ကလေးတွေ ငါ့ကိုပေးမယ်လို့
နင်ပြောတယ်။
ငါရယ်ပြီး နင့်ကို နောက်၃ရက်နေမှ အဖြေပေးမယ်လို့ ပြောခဲ့တယ်။
၎ရက်မြောက်နေ့မှာ အချက်အလက်တွေခွဲပြီး ငါရေးထားတဲ့ စာရင်းစာရွက်
နင့်ကိုပြခဲ့တယ်။
(၁) အိမ်ထောင်သက် ၁၀နှစ်မှာ ည၀တ်အင်္ကျီ ၃စုံ၊ အိမ်နေစီး ဖိနပ် ၄ရံနဲ့
သားရေဖိနပ် ၂၁ ရံ နင်စီးခဲ့တယ်။ သားရေဖိနပ် အရေအတွက်က ပိုများနေတယ်။
အကြောင်းက ငွေရှာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အပြင်မှာပဲ
နင်အနေများခဲ့တယ်။ ဒါကြောင့်လည်း “နှလုံးသားချင်း နားလည်တဲ့သူ” နဲ့
နင်တွေ့ခဲ့တာ ဖြစ်တယ်။
(၂) အိမ်ထောင်သက် ၁၀နှစ်မှာ ည၀တ်အင်္ကျီ ၁၀စုံ၊ အိမ်နေစီးဖိနပ် ၁၁ရံနဲ့
သားရေဖိနပ် ၁၆ရံ ငါစီးခဲ့တယ်။ ငါ့ရဲ့အိမ်နေစီးဖိနပ်ရော သားရေဖိနပ်ရော
များခဲ့တယ်။ မိသားစုတာဝန်နဲ့ ကလေးတွေကို ပြုစုစောင့်ရှောက်ပြီး အိမ်မှာပဲ
ငါအနေများခဲ့လို့ဖြစ်တယ်။ နင်နဲ့အတူ အပြင်ထွက်ပြီး ဒိုးတူပေါင်ဖက်
ငါတို့ရုန်းခဲ့တဲ့အချိန်လည်း ရှိတာပဲ။ ပင်ပန်းတဲ့ဒဏ်ကြောင့်
လတ်ဆတ်မှုမရှိတော့တဲ့ ငါ့ရုပ်ရည်က နင့်အတွက် အိမ်မှာသိမ်းထားဖို့ပဲ
ဖြစ်ခဲ့ရတယ်။
(၃) အိမ်ထောင်သက် ၁၀နှစ်မှာ နင့်အရည်အချင်းတွေ xဆ တက်ခဲ့တယ်။
ကွာရှင်းပြီးတဲ့နောက် “အဖက်ဖက်မှာ အောင်မြင်ပြီး ရင့်ကျက်နေတဲ့”
နင့်ကိုယူဖို့ တန်းစီစောင့်နေတဲ့ မိန်းမတွေထဲမှာ ကြိုက်တဲ့တစ်ယောက်ကို
နင်ရွေးယူလို့ရတယ်။
(၄) အိမ်ထောင်သက် ၁၀နှစ်မှာ ငါ့ရုပ်ရည်၊ ငါ့ဖျတ်လတ်မှုတွေ အဆတစ်သောင်း
ထိုးကျသွားတယ်။ အမှန်အတိုင်းပြောရရင် နောက်အိမ်ထောင်ပြုဖို့ ငါ့အတွက်
အခွင့်အရေးက ၁% ပဲရှိတယ်။ ငါ့နဲ့ရွယ်တူကို ငါမယူနိုင်တော့သလို
ကလေးတွဲလောင်းနဲ့ တခုလပ်မကို ဘယ်ယောက်ျားကများ ယူချင်မလဲ?
(၅) အိမ်ထောင်သက် ၁၀နှစ်မှာ အလုပ်များတဲ့နင် ငါ့ကို ထမင်း၂၆ခါ ချက်ကျွေးဖူးတယ်။
(၆) အိမ်ထောင်သက် ၁၀နှစ်မှာ အလုပ်များတဲ့ငါ နင့်ကို ၃၆၅ရက်လုံးလုံး တစ်နေ့
၃နပ် ချက်ကျွေးခဲ့တယ်။
(၇) အိမ်ထောင်သက် ၁၀နှစ်မှာ ကလေးတစ်ယောက်မွေးဖို့ ငါ၁၀လအချိန်ယူခဲ့တယ်။
မွေးဖွားပြီး ၁၀နှစ်လောက် ငါပြုစုစောင့်ရှောက် ပျိုးထောင်ခဲ့ရတယ်။
(၈) အိမ်ထောင်သက် ၁၀နှစ်မှာ ကလေးတစ်ယောက်မွေးပြီး နာမည်မှည့်ပေးဖို့ နင်
၁၀မိနစ်အချိန်ယူခဲ့တယ်။
(၉) အိမ်ထောင်သက် ၁၀နှစ်မှာ နင့်မိဘတွေနဲ့ ငါသင့်မြတ်အောင် နေခဲ့တယ်။
နင့်မိဘတွေကို ငါဘယ်တော့မှ စကားကျယ်ကျယ် မပြောခဲ့ဖူးဘူး။
(၁၀) အိမ်ထောင်သက် ၁၀နှစ်မှာ ငါ့ကိုချစ်တဲ့ ငါ့မိဘတွေကို နင်လုံးဝ
ခွင့်မလွတ်နိုင်ခဲ့ဘူး။ အဖေ၊ အမေလို့လည်း နင်တစ်ခွန်းမှ မခေါ်ခဲ့ဖူးဘူး။
နင်ဆင်းရဲသား ဘ၀တုန်းက သူတို့ကိုခေါ်ရင်လည်း ပြန်မထူးမှာစိုးလို့
နင်မခေါ်ခဲ့သလို ချမ်းသာလာလည်း နင်သူတို့ကို အရေးလုပ်ပြီး မခေါ်ခဲ့ဘူး။
နင်လည်း နင့်သမီးကို ချမ်းသာတဲ့လူနဲ့ပဲ ရစေချင်တယ် မဟုတ်လား?
ငါရေးထားတဲ့ စာရင်းတွေကို ဖတ်ပြီး ငါရှေ့မှာ ကွာရှင်းပေးပါလို့
ငါမျက်နှာကိုကြည့်ပြီး နင်ပြောခဲ့ရင် ကွာရှင်းစာချုပ်မှာ အချိန်မရွေး
ငါလက်မှတ်ထိုးပေးမယ်။
ဒီလိုနဲ့ပဲ နင်ပြောလာမယ့်ရက်ကို ငါ၃နှစ်ကျော်စောင့်ခဲ့တယ်။ ငါပေးတဲ့စာကို
ကြည့်ပြီးကတည်းက ကွာရှင်းဖို့ နင်လုံးဝ မဟတော့တဲ့အပြင် အိမ်စောစော
ပြန်လာတတ်တယ်။ အိမ်အလုပ် ကူလုပ်လာတယ်။ လုပ်ခဲ့မိတဲ့အမှားတွေအတွက်
အပြစ်တွေကို နင်ပေးဆပ် နေတာလား? ဘာကြောင့်လဲ?
ငါ့ရဲ့အချစ်တွေရောင်ပြန်ဟက်တာပဲလား ??
လွမ်းခြင်း၏တစ်ခြားတစ်ဖက်မှာ နေသာနေတဲ့ နေ့တစ်နေ့ရှိသည်။
♥_ ♥
( )
)░လွမ်းနေ သူ░
Sunday, March 27, 2011
ဘဝ ရဲ့ အဆင့် ၃ ဆင့်...
ဘဝမှာ အဆင့်ကြီး ၃ ဆင့် ရှိတယ်တဲ့။
ပထမ အဆင့် (ဆယ်ကျော်သက်အရွယ်) အချိန် နဲ့ ခွန်အား ရှိတယ် ဒါပေမယ့် ပိုက်ဆံမရှိဘူး။
သတိရမိသေးတယ်။ ငယ်ငယ်က ဆို ဘာမဆို စားချင်တယ်၊ ခုံခုံမင်မင် လဲရှိတယ်။ ကိုယ့်ကိုယ်ကိုယ် တောင်ငါတော်တော်ငတ်တာပဲလို့ထင်
ခဲ့သေးတယ်။ သိပ်မစားရဘူးလေနော်။ ငယ်ငယ်ကဆို အမေက မုန့်ဖိုးလဲသိပ်မပေးဘူး။ ဘာပဲ စားရ စားရ သိပ်ကောင်းတယ် လို့ထင်တယ်။ လူကြီး သိပ်ဖြစ်ချင်တာလေ။ မြန်မြန်ကြီး မြန်မြန် အလုပ်လုပ် မြန်မြန်ပိုက်ဆံရှာ ကိုယ်စားချင်တာ ဝယ်စား ကြိုက်သလောက်စား အသေစား။ အဲ့လိုနေချင်ခဲ့ဘူးတာလေ...
အချိန်ဆိုတာတွေကလဲ ပေါလွန်းလို့ တနေ့တနေ့ ရွာရိုး ကိုးပေါက် ချောင်းပေါက်အောင် လျောက်သွားနေခဲ့တာပ
ခွန်အားကလဲ ရှိသလားတော့မမေးနဲ့ မျောက်ရှုံးအောင်ဆော့တယ် ဆိုတာ ကိုယ်တို့ ကိုပြောတာပဲ (တကယ်ပါ ကိုယ်တို့ ဆယ်ကျော်သက်အရွယ်က ခုခေတ်ကလေးတွေနဲ့မတူဘူး ရည်းစားသညာ ကိစ္စဆိုလဲမရှိဘူး ကျောင်းရယ် အိမ်ရယ် ကျူရှင်ရယ် ပဲ ကျောင်းပိတ်ရက်ရှည်တွေ ဆိုရင်တော့ အသေဆော့ဖို့လောက်ပဲ ဆယ်ကျော်သက် တောင် မျိုးစုံအောင်ဆော့နေသေးတယ် ကိုယ်က ပဲကံကောင်းပြီး ရန်ကင်းမှာနေခဲ့ရလို့ပဲလားတော့မသိ ကိုယ်တို့ အိမ်တွေက တိုက်တွေ အလယ်မှာ ကစားကွင်း ကိုပတ်ပြီးဆောက်ထားကြတာ ပတ်ပတ်လည်မှာတိုက်ချည်းဆိုတော့ ကလေးတွေကလဲ များမှများ
ကျောင်းပိတ်ရင် စိန်ပြေးတမ်းတို့ ထုတ်စီးတိုးတမ်းတို့ တူတူပုန်းတမ်းတို့ နောက် ရောမ်းရိုက်တာ လို့ ကိုယ်တို့ ခေါ်တဲ့ မြန်မာမှုပြုထားတဲ့ (ဘေ့စ်ဘောပါ) ကော် ဘောလုံးသေးသေးလေးကို သစ်သားပြားလေးနဲ့ ရိုက်ပြီး ပြေးရတာပေါ့ ထုတ်တွေကိုရောက်အောင်လေ၊ နောက် ခိုတွန်းတာ၊ အို စုံနေတာပဲ တကယ့်ကို ဆော့ခဲ့ကြပါတယ်
တနေ့တနေ့ ဘယ်လိုကစားရမလဲ ဘာစားရမလဲ ဘဲတွေးနေတာ အဲ့တာ တကယ့် ကလေးဘဝပေါ့
အပူအပင်လဲမရှိ ဘာဆို ဘာမှမသိ
နောက်တော့
ဒုတိယအဆင့် (အလုပ်လုပ်ရတဲ့ အရွယ်လေ) ငွေ နဲ့ ခွန်အား ရှိတယ် ဒါပေမယ့် အချိန်မရှိဘူး
ခုလောလောဆယ် ရောက်နေတဲ့ အရွယ်ပါပဲ တကယ်ပါ တနေ့တနေ့ အလုပ်လုပ် အလုပ်ကို သွား အလုပ်လုပ် အိမ်ပြန်လာ အလုပ်ဆက်လုပ် စနေ တနင်္ဂနွေ မပြီးသေးတဲ့ အလုပ်လုပ် လုပ်နေလိုက်ရတဲ့ အလုပ်တွေ မပြီးတော့ပါလားလို့တောင် တခါတခါ တွေးမိတယ်။
တကယ်တော့လဲ အလုပ်ဆိုတာမျိုးက ရှာလုပ်ရင်လုပ်သလို မပြီးနိုင်ဘူးလေ။ အစားစားဖို့အတွက် အလုပ်လုပ်ကြတယ်။ လိုချင်တာတွေအတွက်အလုပ်လုပ်ကြတယ်။ ဝယ်ချင်တာတွေဝယ်နိုင်ဖို့အတွက် အလုပ်လုပ်ကြတယ်။ အကျိုးအမြတ်တွေ ရချင်လို့ အလုပ်လုပ်လုပ်ကြတယ်။ လူသားကောင်းကျိုး အများကောင်းကျိုးအတွက် အလုပ်လုပ်ကြတယ်။ စသဖြင့်ပေါ့လေ....အကြောင်းအမျိုးမျိုးအတွက် အလုပ်လုပ်ကြတယ်။ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ဘဝမှလား....
ဒါပေမယ့် အခုခေတ်ကြီးက သိပ်မြန်ပါတယ်။ တနေ့တနေ့ ကုန်သွားတာ တနှစ်တနှစ်ကုန်သွားတာ အချိန်တွေ ကုန်တာ ကုန်တာ သိပ်မြန်တယ်။ အခု ဒီမှာ လာလုပ်နေတာ ၂ နှစ်ခွဲရှိပြီ မျက်စိတမှိတ်အတွင်းပဲ.... in a blink of an eye ပဲ တကယ်ပါ။ နောက် မြို့ ကြီးပြကြီးမှာနေရတာ တကယ့်ဘဝ ပျောက်နေသလိုပါပဲ။ တခါကရေးဖူးသလို ပါပဲ တခါတခါ ကိုယ်တို့တွေ ဘဝကိုခဏ ရပ်ပြီး သေချာကြည့်ဖို့လိုပါမယ်။ ကနေတဲ့ မိန်းမငယ်လေးရဲ့ ကြွကြွ ရွရွ ကနေတဲ့ ခြေထောက်လေးတွေ၊ ပွင့်ဟ လာမယ့် နှုတ်ခမ်းဖူးဖူးလေးတွေ တောတောင်တွေကြားထဲက သစ်စေ့ ဖွက်နေတဲ့ ရှဥ့်ကလေးတွေ ကိုကြည့်ဖို့အချိန်ပေးနိုင်ရပါမယ်။
ဒါပေမယ့် ပြန်ခြုံရရင် ခုနက ပြောတဲ့ ဒုတိယအရွယ်မှာ ကျတော်တို့ အချိန်ရှားပါတယ် မရှိသလောက်ရှားတာပါ။
နောက်ဆုံးအနေနဲ့က
တတိယအဆင့် (သက်ကြီးတမ်း) အချိန်ရှိတယ် ငွေရှိတယ် အင်အားမရှိတော့ဘူး
ဒါကတော့ မရောက်သေးတဲ့ ဘဝပေမယ့် မြင်နေရတယ် ပတ်ဝန်းကျင်မှာ ရှိတယ်။ လေ့လာရင် မြင်နိုင်တာပေါ့နော်....လျာရှည်လေ တွေ့ရှိလေပဲဟာ
အရင် က တိုးဂိုက် လုပ်ဖူးပါတယ် အဖိုးကြီးတွေအဖွားကြီးတွေ ရီတိုင်ယာ ယူတော့ ဆုမိဆောင်းမိလဲတော်တော်ရှိနေပြီ။ အချိန်တွေလဲ ရှိနေပြီ ငယ်ငယ်က စိတ်ကူးယဉ်ခဲ့သလို အသက်ကြီးလာရင် ကမ္ဘာပတ်မယ်ပေါ့ ဒါပေမယ့် ဘာဖြစ်သလဲဆိုတော့ အရွယ်က စကားပြောလာပြီလေ။ အသက်ကြီးလာတော့ တုန်တုန်ချည့်ချည့် ဆီးက ခဏခဏ သွားချင်၊ စိုးရိမ်စိတ်တွေကများ စသဖြင့်ပေါ့လေ။
တနေရာတနေရာ သွားမယ်ဆိုရင်လဲ စိတ်သွားတိုင်းကိုယ်မပါတော့။
ခက်တာက ဘဝဆိုတာအဲ့လိုပဲလေ ရတာမလို လိုတာမရ...တဘဝလုံး သေကောင်ပေါင်းလဲ လုပ်လာတဲ့ အလုပ်တွေ ဆုလာတဲ့ပိုက်ဆံတွေ အကုန်ပြည့်စုံနေပြီ ဘဝမှာ... တိုက်လဲရှိပြီ ကားလဲရှိပြီ...စည်းစိမ်ချမ်းသာတွေလဲပြည့်စုံနေပြီ....လုပ်ချင်တာလုပ်ဖို့ အချိန်လဲရှိလာပြီ ဒါပေမယ့် လုပ်ချင်တာလုပ်ဖို့ ခွန်အားတော့ မရှိတော့ပြန်ဘူး၊ ဘုရားသခင်ဆိုတာကြီးက မကောင်းဘူးနော် လူတွေကို ပြည့်ပြည့်စုံစုံပေးလိုက်ရင်ပြီးရော် အဲ့တာဆို အော် ငါ့မှာ ဟိုဟာရှိပြန်တော့ ဒီဟာမရှိ ဆိုတဲ့ မောဟတွေတွေ ဟိုဟာလေးလိုချင်လိုက်တာ ဒီဟာလေးလိုချင်လိုက်တာ ဆိုတဲ့ လောဘတွေ သူ့ကျတော့ ရှိတယ် ငါ့ကျတော့ မရှိဘူးဆိုတဲ့ ဝန်တို မစ္ဆိရိယ တွေ အော် ငါ့ဘဝက တယ်မကောင်းလိုက်ပါလားဆိုတဲ့ သောကတွေ ဘယ်ရှိတော့မလဲနော် ဘုရားသခင်ကသာ အကုန်ဖန်ဆင်းတယ်ဆိုရင် ပြည့်ပြည့်စုံစုံ တခါတည်းဖန်ဆင်းလိုက်ပါတော့နော့....
နောက်ဆုံးတော့လဲ ဒီလိုနဲ့ပဲ...အချိန်တွေတဖြည်းဖြည်းကုန်လာ လုပ်ချင်တာတွေက မလုပ်ရ ရှိနေတဲ့ ပိုက်ဆံတွေကို လူမသေသေးဘူး သားသမီးတွေက မျက်စောင်းထိုင်း ဒီလိုနဲ့ပဲ ကိုယ်တို့ ရဲ့ ဘဝ တတိယအဆင့်ကို ရောက်ရအုံးတော့မှာပေါ့လေ....
-- 
တီချမ်း
Tuesday, March 22, 2011
မိခင်တစ်ယောက်၏ အဌမမြောက်မုသား
ကျွန်တော် ကလေးဘ၀ အရွယ်တုန်းက အဖြစ်အပျက်လေး တစ်ခုပါ။ ဆင်းရဲနွမ်းပါးတဲ့ ကျွန်တော်တို့မိသားစုမှာ နေ့စဉ် ထမင်းနပ်မှန်အောင် စားဖို့တောင် မသေချာတဲ့ နေ့တွေ ရှိခဲ့တယ်။ ဒါပေမဲ့ အမေကတော့ မကြာခဏ သူ့ပန်းကန်ထဲက ထမင်းတွေကို ယူယူပြီး
ကျွန်တော့်ထဲ အမြဲ ထည့်ထည့်ပေးတတ်တယ်။ ပြီးရင် အမေပြောတဲ့ စကားတစ်ခွန်းရှိတယ်။ "စား  .. ငါ့သား အမေ သိပ်မဆာဘူး.."။
အဲဒါ ကျွန်တော် သိတတ်စအရွယ်က အမေ့ရဲ့ ပထမဆုံး မုသားစကားလေးပါ။
အမေ
အမေ
ကျွန်တော် နည်းနည်း အရွယ်ရောက်လာတော့ ပိန်လှီ သေးကွေးရှာတဲ့ ကျွန်တော့်ကို အာဟာရဓါတ် ပြည့်ဝ စေချင်တဲ့စိတ်နဲ့ အိမ်ဘေးနားက မြစ်ကမ်းနံဘေးမှာ အမေရယ် ကျွန်တော်ရယ် ငါးသွားမျှားတယ်။ အဲဒီနေ့က ငါးနှစ်ကောင်မိတော့ အမေ ငါးဟင်းချို လုပ်တိုက်တယ်။ ကျွန်တော် ဟင်းချိုကို အားရပါးရသောက်နေတုံး အမေက ကျွန်တော့်ဘေးကနေ ထိုင်ကြည့်ပြီး  ကြည်နူးမှုအပြည့်နဲ့။ တခါတလေ ကျွန်တော် စားထားတဲ့ အကြွင်းအကျန် ငါးရိုးလေးတွေ ယူစားတယ်။ ဒါကို မြင်ပြီး ကျွန်တော် စိတ်မကောင်းတော့ ငါးအသားလေးဖဲ့ပြီး အမေ့ကို ကျွေးတယ်။ အမေမစားဘူး။ ပြီးတော့ ပြောတယ်။ "စား .. ငါ့သား ..အမေ ငါး သိပ်မကြိုက်ဘူး.."
အဲဒါ အမေ့ရဲ့ ဒုတိယမြောက် မုသား။
ကျွန်တော် ကျောင်းနေရမဲ့ အရွယ်ရောက်ပြီ။ အမေက မီးခြစ်ဆံ ထုတ်လုပ်တဲ့ စက်ရုံတစ်ခုမှာ မီးခြစ်ဆံဖြည့်တဲ့ အလုပ်လေး ယူလုပ်တယ်။ ညဘက်အိမ်ယူပြီး လုပ်ရတာဆိုတော့ ကျွန်တော့်ကိုလဲ စောင့်ရှောက် ကြည့်ရှုနိုင်သေးလို့ အမေသဘောကျတယ်။ တည ကျွန်တော် နိုးလာတဲ့အချိန် (တော်တော်ညဥ့်နက် နောက်ကျနေပြီ) အမေ ဖယောင်းတိုင် မီးလေးထွန်းပြီး ဗူးလေးတွေထဲကို မီးခြစ်ဆံ ဖြည့်တဲ့အလုပ်တွေ လုပ်နေတုံးပဲ။ "အမေ .. အရမ်း မိုးချုပ်နေပြီ၊ အိပ်ပါတော့။ မနက်မှ ဆက်လုပ်လို့ရတာပဲ" လို့ ကျွန်တော်ပြောတော့ အမေကပြုံးပြီး ပြန်ပြောတယ်။ "သွားအိပ် ငါ့သား .. အမေ အိပ်ချင်စိတ် မရှိသေးလို့ ဆက်လုပ် လိုက်ဦးမယ်" တဲ့။
အမေ့ရဲ့ တတိယမြောက် မုသားစကားလေးပါ။
တခါတုန်းက ကျွန်တော် အတန်းတင် စာမေးပွဲဖြေတဲ့နေ့မှာ အမေ ကျွန်တော့်ကို လိုက်ပို့ပြီး အခန်းအပြင်ဘက် တနေရာက ထိုင်စောင့်တယ်။ ပူပြင်းလှတဲ့ နေရောင်ဒဏ်ကို သိပ်အကာအကွယ် မပေးနိုင်ရှာတဲ့ နေရာ တစ်ခုမှာ နာရီပေါင်းများစွာ အမေ ကျွန်တော့်ကို ထိုင်စောင့်တယ်။ စာမေးပွဲ ပြီးပြီးချင်း အမေ့ဆီ ကျွန်တော် အပြေးအလွှား သွားတယ်။ အမေ ကျွန်တော့်ကို ဖက်ထားပြီး အသင့် ပြင်ဆင်လာတဲ့ အချိုရည် အေးအေးလေးတခွက် တိုက်တယ်။ တကိုယ်လုံး ချွေးတွေ ရွှဲနေရှာတဲ့ အမေ့ကို မြင်တော့ ကျွန်တော် စိတ်မကောင်းဘူး။ "အမေလဲ သောက်ဦးလေ" လို့ ပြောတော့ အမေ့ထုံးစံအတိုင်း "ငါ့သားပဲ သောက်ပါ။ အမေ ရေမဆာဘူး" တဲ့။
အဲဒါ အမေရဲ့စတုတ္ထမြောက် မုသားစကားတစ်ခွန်း။
သိပ်မကြာခင် အဖေဆုံးတယ်။ အတန်းကြီး လာပြီဖြစ်တဲ့ ကျွန်တော်တို့ ပညာရေးနဲ့ အိမ်ကိစ္စက အမေ့တာဝန် လုံးလုံး ဖြစ်ပြီ။ အမေ အပြင်ထွက် အလုပ်လုပ်ပြီး ငွေရှာရတော့ အိမ်မှာ ကျန်ခဲ့တဲ့ ကျွန်တော်တို့တွေ ငတ်တလှည့် ပြတ်တလှည့်။ မိသားစု အခြေအနေ ဆိုးသထက်ဆိုးတာ မြင်လာတဲ့ အိမ်နားက အမေ့မိတ်ဆွေက ကျွန်တော်တို့ကို ရံဖန်ရံခါ လာစောင့်ရှောက်တယ်။ ပတ်ဝန်းကျင်က အမေ့ကို သူနဲ့ပဲ နောက် အိမ်ထောင်တစ်ခု ထူလိုက်ဖို့ တိုက်တွန်း ကြတယ်။ အမေ ခပ်ပြတ်ပြတ် ငြင်းဆိုပြီး အခိုင်အမာ စကားတစ်ခွန်း ဆိုတယ် .. "ကျွန်မဘ၀အတွက် ကျွန်မ ကလေးတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ လုံလောက်တယ်.." တဲ့ ။
အမေ့ရဲ့ ပဉ္စမမြောက်မုသား။
ကျွန်တော် ကျောင်းပြီးသွားတော့ အလုပ်ကလေး တစ်ခုရတယ်။ ကျွန်တော်က အမေ့ကို အနားယူစေချင်ပြီ။ ဒါပေမဲ့ အမေ လက်မခံဘူး။ မနက်မနက် ဈေးထဲသွားပြီး ဟင်းသီးဟင်းရွက်တွေ ရောင်းတုန်းပဲ။ ကျွန်တော်ပို့တဲ့ ပိုက်ဆံတွေ ကျွန်တော့်ဆီ ပြန်ပြန်ပို့ပြီး "အမေ့ဆီ မပို့နဲ့ ငါ့သား။ အမေ့မှာ လုံလောက်တယ် .. သားဖာသာစုထား" တဲ့။
အမေ .. ဆဌမမြောက်မုသားကို ပြောတယ်။
နောက် ကျွန်တော် မာစတာဒီဂရီကို အချိန်ပိုင်း ဆက်လေ့လာနေတဲ့ အချိန် အတော်အတန်ကြီးတဲ့ အမေရိကန် ကုမ္ပဏီ တစ်ခုမှာ အလုပ်ရတယ်။ ကျောင်းပြီးပြီးချင်း ကျွန်တော့်လစာ တိုးတော့ အမေ့ကို ကျွန်တော်နဲ့ အတူ အမေရိကားမှာပဲ ပျော်ရွှင်စရာ ကောင်းတဲ့ဘ၀ကို ဖြတ်သန်း စေချင်တယ်။ ဒါပေမဲ့ အမေက ကျွန်တော့်ဘ၀ကို သူ့အတွက်နဲ့ တာဝန်အပိုတွေ မရှိစေချင်ဘူး။ အမေကပြောတယ် .."အဲဒီလို ဘ၀ကြီးမှာ အမေ နေတတ်မှာ မဟုတ်ပါဘူး သားရယ် .." တဲ့။
အမေရဲ့ သတ္တမမြောက် မုသားစကားလေး တစ်ခွန်းပေါ့။
ဇရာကထောင်း၊ ပင်ပန်းမှုအပေါင်း ခါးစည်း ရင်ဆိုင်ခဲ့ရတဲ့ အမေ .. အရွယ်တော်တော်ကျခဲ့ပြီ။ လောကဓံက ထပ် ရက်စက်တယ်။ ကင်ဆာရောဂါနဲ့ ဆေးရုံတက်နေရချိန် အမေ့ရဲ့ နောက်ဆုံး နေ့ရက်တွေမှာ ကျွန်တော် (ဘာဆိုဘာမှ ထည့်တွက်မနေပဲ အားလုံးကို ပစ်ထားခဲ့ပြီး) အမေ့အနားကို ပြန်လာခဲ့တယ်။ အမေ ဝေဒနာကို အလူးအလဲ ခံစား ရချိန်တွေမှာ အမေ့ကို ကြည့်ပြီး ကျွန်တော် မျက်ရည်တွေ မထိန်းနိုင်ခဲ့ဘူး။ အမေမမြင်အောင် ဂရုစိုက်နေပေမဲ့လည်း တခါတလေ တွေ့မြင်သွားတဲ့ အမေက အားတင်းကြိုးစား ပြုံးပြီး ပြောတယ်  .. "မငိုနဲ့ ငါ့သား .. အမေ အရမ်း နာနာကျင်ကျင် မခံစားရပါဘူး .."တဲ့။
အဲဒီလို အဌမမြောက် မုသားကို ပြောပြီး အမေ လူ့လောကထဲက ထွက်ခွါသွားခဲ့တယ်။
အကြွင်းမဲ့ မေတ္တာတော်နဲ့ ကျွန်တော့်ဘ၀ရဲ့ မာတာမိခင်ဟာ သားသမီးများ အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာအတွက် (တာဝန် ကျေပွန်စွာနဲ့) သူ့ကိုယ်သူ အနစ်နာခံတဲ့ မုသား စကားလုံးလေးတွေ သုံးပြီး လောကအလယ်မှာ ကျွန်တော် တို့ကို စိတ်ချလက်ချ ချန်ထား နှုတ်ဆက်သွားခဲ့ပါပြီ။
ကျွန်တော်တို့ကရော အဲဒီလို မိခင်တွေရဲ့ ရင်းနှီး ပေးဆပ်ခဲ့တဲ့ ဘ၀တွေအတွက် ထိုက်ထိုက်တန်တန် ပြန်ပေးဆပ်ခဲ့ပါသလား။ ခုချိန် ကျွန်တော့်ရင်ထဲက အမေးစကားကို အမေကြားရင် န၀မမြောက် မုသားစကား တစ်ခွန်းကို ဆိုလေဦးမလားလို့ ကျွန်တော် ၀မ်းပမ်းတနည်း တွေးနေမိတယ်။
Wednesday, March 16, 2011
ဖလင်...........ဖီလင်
နဂ္ဂတစ်ဖလင်တခုလို
ငါရင်ထဲ့ ပုံရိပ်တချို့
တွဲခိုကျန်ရစ်လို့ 
ငါ...သတိရနေသေးတယ်........။ ။
ရင်ခုန်ခြင်းတပိုင်းတစနဲ့ 
လှိုင်ထကျန်ရစ်တဲ့ နှလုံးသားတခု
အသောအချာ သော့ ခတ်.....။ ။
မှောင်မှောင်နဲ့ မဲ မဲ
အခန်းကျဉ်းတခုထဲ
ထည့် ထားလိုက်မယ်.....။ ။
ငါပြန်မြင်ဆဲ
နှလုံးဖလင်ထဲ
မင်းပုံရိပ်တွေနဲ့ ပြည်နှပ်နေဆဲပါပဲ...။ ။
ဘာလုပ်ရမလဲ...ဆိုတဲ့ အတွေးများနဲ့ 
ယောင်ချာချာ...တွေဝေနေမြဲပါပဲ.....။ ။   
အကယ်၍များ
သူမအသက် ၁၁ နှစ် ရှိပြီလို့ အမေပြောတယ်။ သူမ ကတော့ သိပ်မသိလှဘူး။ သူမက ကျောင်းမနေဖူး ဘူး။ သူမနာမည်ကို အဖေကတော့ ပူစူးမလို့ခေါ် တယ်။ သူမကတော့ စာလုံးမပေါင်းတတ်ဘူး။ အဖေ ဆုံးသွားပြီးကတည်းက သူမဟာ ရပ်ကွက်ထဲက ဗွက်တောတွေထဲမှာ ဟင်းရွက်တွေကို လိုက်ခူးခဲ့ရ တာ။
img
သူမအရွယ်က လှချင်တဲ့အရွယ် မဟုတ်လား။ ဂါဝန် လှလှ ဝတ်ချင်တယ်လေ။ အခုတော့ သူမ ဝတ်ရတဲ့ ရှင်မီးအင်္ကျီက မူလက ဘာအရောင်ဆိုတာတောင် မှန်းလို့မရတော့ဘူး။ မတော့်တတော် ဘောင်းဘီတို ကလည်း မွဲစုတ်နေတာ။ နေလောင်ထားလို့ မဲမှောင်နေတဲ့အသားနဲ့၊ နီကြောင်ကြောင် ဆံပင်က သူမရဲ့ နေထိုင်မှုအဆင့်အတန်းကို ပြနေတယ်။
သူမတို့အိမ်မှာ လူ ၆ ယောက်ရှိတယ်။ ၄ ယောက်က မှီခိုသူတွေလေ။ ဒီကြားထဲ မျက်စိမမြင်တဲ့ အဖွားနဲ့ အငယ်ဆုံးမောင်က ကျန်းမာ ရေး မကောင်းကြဘူး။ သူမနဲ့အမေရဲ့ နေ့စဉ်ဝင်ငွေက ၂ဝဝဝ ကျပ် ဝန်းကျင်ရယ်လေ။ ဒီတော့ သူတို့ကို ဆေးရုံ၊ ဆေးခန်း မပို့နိုင်ပါ ဘူး။ လမ်းထိပ်ကွမ်းယာဆိုင်က ဆေးတွဲတွေလောက်ပဲ ဝယ်တိုက်နိုင်တာပါ။ ဒါတောင် ၂ ရက်စာကို ၃ဝဝ၊ ၄ဝဝ လောက် ကျတာ။
အမေနဲ့ သူမ တနေ့လုံး မနေမနား အလုပ်လုပ်တာတောင် ဝမ်းက မဝဘူး။ သူမ အဖေမသေခင်ကတော့၊ ဒီနှစ် ကျောင်းဖွင့်ချိန်ကျရင် ပူစူးမ ကို ကျောင်းထားမယ်တဲ့။ ဒါပေမဲ့ အဖေက ကျောင်းဖွင့်ချိန်မတိုင်ခင်မှာ သေသွားတယ်လေ၊ အဲဒီကတည်းက သူမလည်း ကျောင်းမတက်ရတော့ဘူး။ သူများတွေကျောင်းသွားရင် သူလည်းသိပ်ကျောင်းသွားချင်တာ။ သူငယ်ငယ်က အဖေပြောဘူးတယ်၊ အဖေတို့က ပညာမတတ်တော့ ပင်ပင်ပန်းပန်း အလုပ်လုပ်ရတာတဲ့လေ။
သူမရဲ့ နေ့စဉ်အလုပ်က သူမတို့နေထိုင်တဲ့ ဒဂုံဆိပ်ကမ်းက ကျူးကျော်ရပ်ကွက်တွေထဲမှာ ဟင်းသီးဟင်းရွက်တွေ လိုက်ရှာရတယ်။ များများစားစားရပြီဆိုရင်တော့ ဆေးကြောသန့်စင်၊ အစည်းလေးတွေစည်းပြီးရင်တော့ အမေဈေးရောင်းနေတဲ့ သာကေတ (၁ဝ) ဈေး ကို သွားပို့ပေးရပါတယ်။ သူမ သွားရင်းလာရင်း လမ်းထိပ်ကကျောင်းမှာ စာလာသင်တဲ့ ဆရာမလေးတွေကို တွေ့ရတယ်။
ဆရာမလေးတွေကိုကြည့်လိုက်ရင် အမြဲတမ်းသန့်စင်လှပနေတာပဲ၊ သူမရဲ့အမေနဲ့များ ကွာပါ့၊ သူ့အမေကတော့ ဟောင်းနွမ်းနေတဲ့အ င်္ကျီကိုပဲ အမြဲဝတ်ထားတယ်။ ပြီးတော့ ခေါင်းပေါ်က နီကြောင်ကြောင် ဆံပင်တွေကလည်း အမြဲတမ်းဖရိုဖရဲ။ ပိုဆိုးတာက ဟိုဆရာမ လေးတွေလို စကားကို တိုးတိုးညင်းညင်း မပြောတာပဲ။ အမေ့ကြည့်လိုက်တိုင်း အမြဲဒေါသထွက်နေတယ်။ အမြဲအော်ဟစ်နေတယ်။
အမေက အမြဲပင်ပန်းနေသလောက် ဆရာမလေးတွေကြည့်ရတာ မပင်ပန်းသလိုဘဲ။ အမေကစာမတတ်လို့ဖြစ်မယ်။ သူမက ကျောင်း မနေရတော့ သူမလည်း အမေ့လိုပဲ ပင်ပန်းမှာပဲထင်တယ်။ သူမကသက်တောင့်သက်သာ နေချင်တာလေ။
တခါတရံ စိတ်ကူးလေးများယဉ်မိတယ်။ သူမရဲ့ အမေဟာ ဆရာမတယောက်ဖြစ်ရင် သူမလည်း ဂါဝန်လှလှလေးဝတ်ပြီး ကျောင်း တက်နေရမှာပေါ့။ သူမလည်း အခုလို နေလောင်ပြာနှမ်းနေမှာ မဟုတ်ဘူး။ ငြင်ငြင်သာသာလေး စကားပြောတတ်တဲ့ အမေကိုလည်း ရမှာလေ။ အခုလို ရပ်ကွက်ပတ်ချာလည် ဟင်းရွက်လည်းခူးဖို့လည်း လိုမှာမဟုတ်ဘူး။ သူမ အမေက ဆရာမ မဖြစ်ခဲ့တာအတွက် သူမ ဘယ်သူ့ကို အပြစ်တင်ရမှာလဲ။ အမေကတော့ပြောပါတယ် …
“ငါတို့ ဘဝက စိတ်ကူးယဉ်လို့ ထမင်းဝမှာ မဟုတ်ဘူး” … တဲ့။
အခုလည်း ဘာများထူးလို့လဲ ထမင်းလည်းမဝဘူး။ အဝတ်အသစ်ဆိုတာ သူမဘဝမှာ တခါမှကို မရဖူးဘူးလေ။
အခုတလော သူမကိုယ်သူမ အံသြနေတယ်။ သူမရဲ့ကိုယ်လုံးက ပုံစံနည်းနည်းပြောင်းလာတယ်။ တချို့နေရာတွေမှာ အသားတွေပို ပြည့်လာတယ်။ အဲဒါကို အမေက ဂရုမစိုက်မိပါဘူး။ ဒါပေမဲ့ လမ်းထိပ်အရက်ပုန်းဆိုင်က လူကြီးက သိနေတယ် ထင်တယ်။ သူမကို တွေ့ရင် စပ်ဖြီးဖြီးနဲ့ ကြည့်ပြီး တို့လား၊ ပုတ်လားလုပ်ရဲ့။ အမေ့ကိုပြန်ပြောတော့ အမေကထုံးစံအတိုင်း အာဗြဲကြီးနဲ့အော်တယ် …
“နင် စောက်ပြင်းကြီးပြီးအလုပ်မလုပ်ချင်လို့ ပြောတာမဟုတ်လား…
ညည်းနော် ညည်း စိတ်ကူးယဉ်မနေနဲ့ ဘဝကို နားလည်အောင် ကြိုးစား” … တဲ့၊
တကယ်ပြောတာကို အမေမယုံဘူး။
ဟိုတနေ့က ကျောင်းရှေ့ကမြောင်းထဲမှာ တရုတ်ကန်စွန်းပင်တွေအများကြီးပဲ တွေ့တယ်၊ တရုပ်ကန်စွန်းက ဈေးကောင်းတယ်၊ ၇ ပင် လောက်တစည်းကို ၂ဝဝ နဲ့ ရောင်းလို့ရတယ်။ ကန်စွန်းတွေက ကောင်းမှကောင်း၊ နုပြီးပွနေတာပဲ။ သူမလည်း မြောင်းထဲကို အား ပါးတရ ခုန်ဆင်းလိုက်တယ်။ အကြံတူတဲ့ လူတွေပေါ်မှာစိုးလို့လေ၊ ပြီးတော့ မြန်မြန်ဆန်ဆန်ပဲ ကန်စွန်းတွေကို ချိုးနေလိုက်တယ်။ အဲဒီအချိန်မှာ ကျောင်းထဲကစာအံသံကို ကြားရတယ်။ သူမ ငေးမောပြီး နားထောင်နေမိတာ။ သူမကို မျော့တွယ်တာတောင် မသိ တော့ဘူး။
“အေးလေ… သူမဘဝက မျော့တို့ ခွေးတို့ကို ကြောက်နေလို့ရတာမှ မဟုတ်တာ”… ။
သူမ အိမ်ပြန်တဲ့လမ်းမှာ အရက်ပုန်းရောင်းတဲ့ ဟိုလူကြီးရဲ့ဆိုင်ရှိတယ်။ ကန်စွန်းရွက်တို့ဘာတို့ဆိုရင် အဲဒီလူကြီးက သူ့ဆိုင်မှာ အ မြည်းအဖြစ်ရောင်းဖို့ ဝယ်လေ့ရှိတယ်။ သိပ်အများကြီး မဟုတ်ပါဘူး။ ၂ဝဝ မျိုး ၃ဝဝ မျိုး ပါပဲ၊ ဒါပေမဲ့ အဆစ်အရမ်းတောင်းလေ့ရှိ တယ်။ ဒါပေမဲ့ သူမက ရောင်းလိုက်တာပါပဲ။ ဘာလို့လဲဆိုတော့ သူမ မုန့်စားချင်လို့လေ၊ ဒီလိုရောင်းရတာက သူမအတွက် မုန့်ဖိုးပဲပေါ့။
“ဟိုဦးလေးကြီး ဒီမှာတရုတ်ကန်စွန်းရွက်တွေပါတယ်”…
သူမအသံလှမ်းပေးလိုက်တယ်။
“အေးအေး…ယူမယ်” ဆိုတဲ့ အသံနဲ့မရှေးမနှောင်းမှာ အဲဒီလူကြီးထွက်လာတယ်။ ပြီးတော့ ၅ဝဝ တန်တရွက်ကိုလှမ်းပေးရင်းနဲ့ …
“အကြွေမရှိဘူး ၅ဝဝ ဖိုးထည့်” တဲ့ …
ပြီးတော့ စပ်ဖြီးဖြီး မျက်နှာကြီးနဲ့ ပါးစပ်ကလည်း အရက်နံ့တထောင်းထောင်းထလို့။
“နင်တောင် အရွယ်ရောက်လာပြီ၊ ကြည့်စမ်း အချိန်ကုန်မြန်လိုက်တာ”….
ဆိုပြီး လက်ကလည်း သူမကို လှမ်းရိုက်လိုက်တယ်။
“ဟဲ့ကောင်မလေး… ခရာတောဘက်မှာ ထိကရုန်းတွေ ငါ တွေ့ထားတယ်”
“ဟင်ဟုတ်လား… ဒါပေမဲ့ ခရာတောက နက်တယ်။ မြွေပါးကင်းပါးနဲ့”…
သူမက ညည်းပြောပြောလိုက်ပေမဲ့ ထိကရုန်းတော့ သူမလိုချင်တယ်။ သာကေတဈေးထဲက အကောက်ဆိုတဲ့ တရုတ်က သူမကို ပြော ဘူးတယ်၊ ထိကရုန်းရရင် ဈေးကောင်းပေးမယ်တဲ့။ အဲဒီလူကြီးက ဆက်ပြီး …
“ဘာမှမရှိပါဘူးဟာ၊ ငါ အမြဲငါးသွားမျှားနေကြ၊ ထိကရုန်းတွေ တောထနေတာကို ဘယ်သူမှမမြင်သေးဘူး ငါတောင်တခါတလေ အ မြည်းလုပ်ဖို့ ခူးလာသေးတယ်” … ။
သူမ ခပ်လေးလေးပြောလိုက်တယ်…
“ဦးလေးသွားရင် ကျမကို လာခေါ်နော်၊ ကျမတယောက်တည်းတော့ ကြောက်တယ်”…။
ပြောပြီးတော့သူမ ကန်စွန်းရွက် ၅ဝဝ ဖိုးလှမ်းပေးလိုက်တယ်။ ဒီနေ့တော့ အဲဒီလူကြီးက အဆစ်မတောင်းတော့ဘူး။ မနက်ဖြန်လာ ခေါ်မယ့်အကြောင်း တသွင်သွင်ပြောပြီး ဆိုင်ထဲပြန်ဝင်သွားတယ်။
သူမလည်းငွေ ၅ဝဝ ကို ဖွက်ထားလိုက်ပြီး အိမ်ကိုပြန်လာတယ်။ အိမ်လည်းရောက်တော့ အမေ့မျက်နှာမကောင်းဘူး။ သူမက
“အမေဘာ ဖြစ်နေတာလဲ” လို့မေးလိုက်တယ်၊ အမေက …
“အငယ်ကောင်မသက်သာဘူး၊ ဆေးခန်းပြရင်ကောင်းမယ်ထင်တယ်”တဲ့။
ဒီအချိန်အနေဆို ရင်သူမသိနေပြီ၊ အမေ့မှာငွေလိုနေတယ်။ သူမဖွက်ထားတဲ့ငွေ ၅ဝဝ ကို ထုတ်ပြီးပေးတော့ အမေကမယုံသင်္ကာနဲ့ စစ်ဆေးနေသေးတယ်။ ပြီးတော့ သူ့ရဲ့ထုံးစံအတိုင်း နှုတ်ကြမ်းကြမ်းနဲ့ သူမကို ပြောလိုက်သေးတယ်။
“ဟေ့ဒီမှာ လျှာမှာမြက်ပေါက်သွားပါစေဟေ့ ခိုးတာဝှက်တာ တော့မလုပ်နဲ့” တဲ့ …။
သူမကလည်းငုံ့တော့မခံပါဘူး။ “အမေကလည်းအဲဒါသမီးခိုးထားတာမဟုတ်ဘူး၊ ဟိုလူကြီးကန်စွန်းရွက် ၅ဝဝ ဖိုးဝယ်လို့ ရောင်းလိုက် တာပါ။
အမေလည်း အငယ်ကောင်ကိုချီပိုးပြီး လမ်းထိပ်က ဆရာဝန်မလေးဆေးခန်းကို ပြေးလေရဲ့။ ပြောရအုံးမယ် အဲဒီဆရာဝန်မလေးက ယုဇနဥယျာဉ်မြို့တော်မှာနေတာ၊ ဒီဘက်မှာ ဆေးခန်းလာဖွင့်တာ၊ သူမကတော့ အလုပ်အားရင် ဆရာဝန်မလေးကို သွားသွားချောင်း တယ်။
ဟော…အမေတို့ပြန်လာနေပြီ။ အငယ်ကောင် နေကောင်းသွားမှာပါ။
“အမေ…အငယ်ကောင်ဘယ်လိုလဲ”
“ဆေးရုံတင်ရင်ကောင်းမယ်လို့ ဆရာဝန်မကပြောလိုက်တယ်”။
သူမနှုတ်ဆိတ်သွား၏။ သူမတို့မှာ ငွေပိုငွေလျှံမှမရှိတာ၊ ဘယ်လိုလုပ်ကြမှာလဲ။ သူမ အမေ့ကိုပြောလိုက်၏။
“အမေ… ရွာရှေ့ကခရာ တောမှာထိကရုန်းတွေအများကြီးရှိတယ်တဲ့။ မနက်ဖြန်သမီးသွားခူးပေးမယ်။ အကောက်ကပြောတယ်။ ထိက ရုန်းကိုဈေးကောင်းကောင်း ပေးမယ်တဲ့”
အမေ့ထံကလေးတွဲ့သောအသံရှည်သာထွက်လာ၏
“အေး”…
မနက်က သူမစောစောထပြီး တအိမ်လုံးစားဖို့ ထမင်းချက်လိုက်တယ်။ အမေလည်း ဈေးသွားဖို့ဈေးဗန်းပြင်နေတယ်။ သူမလည်း စော စောထွက်ပြီး ဟိုလူကြီးကို သွားနိုးလိုက်တယ်။ အောင်မလေး အိပ်ပုတ်ကလည်းကြီးလိုက်တာ မနည်းကြီးကို နှိုးရတာ။ တော်တော် ကြီးနှိုးလိုက်တော့မှ အိပ်မှုံစုံမွှားနဲ့ ထလာတယ်။ ပြီးတော့ အရက်သိုးနံ့ထွက်နေတဲ့ပါးစပ်ကြီးနဲ့
“ဟ…စောစောစီးစီး ဘာလာလုပ်တာလဲ ကောင်မလေး၊ ငါက အိပ်ရေးပျက်ရင်ဒေါသထွက်တတ်တယ်” တဲ့။
သူမက …
“ထိကရုန်းခူးချင်လို့ပါ၊ ဦးလေးပဲ လိုက်ခဲ့ပေးမယ်ဆို” လို့ ပြန်ပြောလိုက်တယ်။ အဲဒီလူကြီး ခဏတော့တွေသွားတယ်ပြီးမ
“အေး … သွားနှင့် ခရာတောရှေ့ကစောင့်နေ ငါလာခဲ့မယ်” တဲ့။
သူမလည်း ခပ်သွက်သွက်နဲ့ ခရာတောဆီကို သွားလိုက်တယ်။ စိတ်ထဲကတော့ ခပ်ကြောက်ကြောက်ပဲ၊ ဟိုလူကြီးကိုရပ်စောင့်နေတုန်း သရဲများဘွားကနဲထွက်လာရင် ဘယ်လိုလုပ်ရပါ့။ ဟော…ဟိုလူကြီးနဲ့ နောက်တယောက်လာနေပြီ။ သူမရင်ထဲက ကြောက်စိတ်နဲနဲ တော့ လျော့သွားတယ်။
သူမတို့ ခရာတောထဲကို မနဲတိုးယူရတယ်။ ခရာပင်တွေနဲ့ခြစ်မိပြီး အရေပြားပေါ်မှာသွေးတောင်စို့တယ်။ မတတ်နိုင်ဘူး ဒီနေ့ပိုက်ဆံ နဲနဲပိုရမှဖြစ်မှာ အငယ်ကောင် ဆေးရုံတင်ရမှာဆိုတော့။
ခရာတောကိုလွန်သွားတော့ ထိကရုန်းပင်တွေကို သူမတွေ့လိုက်တယ်။ သူမပျော်သွားတယ်၊ ထိကရုန်းပင်တွေ တကယ်ရှိနေတာပဲ၊ တော်ပါသေးရဲ့ ဘယ်သူမှမသိလို့ပေါ့။ သူမ ထိကရုန်းပင်တွေဆီကို ပြေးသွားလိုက်တယ်။
ဒါပေမယ့် သူမက နောက်ကနေ တစုံတယောက်က လှမ်းဆွဲပြီး လှဲချလိုက်တယ်။ ရုတ်တရက် သူမ တအားလန့်သွားတယ်။ ပြီးတော့ ဟိုလူကြီးနဲ့ မျက်နှာချင်းဆိုင်မိတယ်။ သူမရုန်းကန်ဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ အားချင်းမမျှတော့ ဘယ်လိုမှရုန်းကန်လို့ မရဘူး၊ ဒီတော့ သူမ သံကုန်အော်လိုက်တယ်။ အဲဒီလူကြီးက သူမလည်ပင်းကိုညှစ်ပြီး …
မအော်နဲ့ .. အော်ရင်သတ်ပစ်မယ်တဲ့ …။
ဆက်ပြောတာက ဒီလိုလုပ်တာကို ဘယ်သူ့ကိုမှ မပြောနဲ့တဲ့။ ပြီးတော့ အိပ်ကပ်ထဲက ငွေ ၁ဝဝဝ ကျပ်ကို ထုတ်ပေးတယ်။ ပြောရင် ရဲ ကိုဖမ်းခိုင်းလို့ ရတယ်တဲ့လေ။ လျှောက်မပြောဘူးဆိုရင် နောက်ထပ်ပိုက်ဆံထပ်ရအောင် သူလုပ်ပေးနိုင်တယ်တဲ့။
သူ့ အလှည့်ပြီးတော့ သူနဲ့ပါလာတဲ့လူရဲ့ အလှည့်လေ။ အဲဒီလူက သူမကို ငွေ ၁ဝဝဝ ကျပ် ထုတ်ပေးတယ်။
သူမက အရဲစွန့်ပြီးတော့ …
“မောင်လေးနေမကောင်းလို့ ပိုက်ဆံလိုနေတယ်၊ အဲဒါ နောက်ထပ် ၁ဝဝဝ ကျပ် ထပ်ပေးပါလား”
လို့ ပြောလိုက်တယ်။ အဲဒီလူကြီးကသဘော ကောင်းပါတယ်။ နောက်ထပ် ကျပ် ၁ဝဝဝ ထပ်ထုတ်ပေးတယ်။ သူမကတော့ နာကျင်မှုကို အံကြိတ်ခံစားနေရတယ်။
အချိန်တန်တော့ သူတို့ပြန်သွားကြတယ်။ သူမလည်း ထိကရုန်းတွေကို ရသလောက်ထပ်ခူးလိုက်တယ်။ ပြီးတော့ အမေ့ဆီကိုအား တင်းပြီးသွားလိုက်တယ်။ အမေ့ကို ထိကရုန်းပင်တွေကိုပေးပြီး သာကေတဈေးထဲကို ထွက်လာခဲ့တယ်။
သူမ သိပ္သေဘာက်တ့ဲ ဂါဝန္အက်ႌေလးက ၅ဝဝဝ က်ပ္တ့ဲ။ သူမ မတတ်နိုင်ဘူးလေ၊ ဒီတော့ ၁၅ဝဝ ကျပ်တန် ဂါဝန်လေးကိုပဲ ဝယ်ခဲ့ တယ်။ ဒါ သူမဘဝမှာ ပထမဦးဆုံးအကြိမ် အသစ်စက်စက်ဝတ်ရတာ။ ကျန်တဲ့ငွေ ၁၅ဝဝ ကိုတော့ အငယ်ကောင်ဆေးရုံတက်ဖို့ အတွက် အမေ့ကိုပေးရမယ်။
အမေ့လက်ထဲကို ၁၅ဝဝ ကျပ် ထည့်ပေးလိုက်တော့ အမေက သူ့ကို လှမ်းကြည့်တယ်။ သူ့လက်ထဲက ဂါဝန်အင်္ကျီထုတ်ကိုမြင်တော့ မယုံသင်္ကာနဲ့ သူမကိုလှမ်းအော်တယ် … ။
“ကောင်မနော် နင် အဲဒီပိုက်ဆံတွေ ဘယ်ကရတာလဲ၊ လိမ်မယ်မကြံနဲ့နော် မှန်မှန်ပြော”…။
သူမတကယ်ကို တုန်လှုပ်သွားတယ်။ သူမနားထဲမှာ…
“ဘယ်သူ့ကိုမှ လျောက် မ ပြော နဲ့” ဆိုတဲ့ စကားက ညံစီနေတယ်။
သူမက ဘာမှပြန်မပြောလေ၊ အမေ့ဒေါသက ပိုပြီးတော့ကြီးလေဖြစ်နေတဲ့၊ အမေ့ဘေးက ဈေးရောင်းတဲ့လူတွေလည်း သူမတို့ သား အမိ ၂ ယောက်ကို ဝိုင်ကြည့်နေကြတယ်။ သူမရဲ့ ရင်ထဲမှာ ဝမ်းနည်းပမ်းနည်းဖြစ်ပြီး ငိုချင်လာတယ်။ အမေက သူမကို နားမလည် ဘူး၊ သူမ ဘယ်လောက်ဝေဒနာ ခံစားခဲ့ရတာကို အမေ မသိဘူး။
ငိုကြီးချက်မငိုရင်း အမေ့ရှေ့မှာစောင့်ကြောင့်ထိုင်ချလိုက်တယ်။ ရှိုက်ငိုလျက်ကမှ…
“သမီးကို အရက်ပုန်းရောင်းတဲ့ဆိုင်ကလူကြီးပေးတာ၊ သူကဘယ်သူ့ကိုမှ မပြောရဘူးတဲ့” … ။
အမေ့ထံက …
“ဘုရားရေ” … လို့
ကျယ်ကျယ်လောင်လောင် အော်လိုက်တယ်။ ပြီးတော့ သူမကို ရင်ခွင်ထဲဆွဲပွေ့ရင်းနဲ့ အမေက …
“သမီး အမေ့ကို မှန်မှန်ပြောစမ်း ဘာဖြစ်ခဲ့တာလဲ၊ ဘယ်တုန်းက ဖြစ်ခဲ့တာလဲ” … တဲ့။
သူမငိုရှိုက်နေရင်းက အမေ့ကိုပြောပြတယ်။ ပထမတော့ အမေ့ဒေါသအရမ်းထွက်သွားတယ်။ တဖြေးဖြေး အံကြိတ်ရင်းနဲ့ …
“နိမ့်တဲ့မြေကိုမှ ဘာကြောင့် လှံကစိုက်တာလဲ” လို့ ညည်းတွားတယ်။ ဒါပေမဲ့ အမေ့လက်ထဲမှာ ငွေ ၅ဝဝ ကို ကျစ်ကျစ်ပါအောင် ဆုပ် ထားတုန်းပဲ။ အဲဒီအချိန်မှာပဲ အကောက် ရောက်လာတယ်။ ထိကရုန်းတွေရောင်းမလားလို့ လှမ်းမေးတယ်။ အမေက …
“ရောင်းမယ်”… တဲ့။
ဒါကြောင့် အကောက်က ထိကရုန်းတွေ စုစည်းထားတဲ့အထုပ်ကိုဆွဲမရင်းက ငွေ ၂ဝဝဝ ထုတ်ပေးတယ်။ အမေကငွေကိုလှမ်းယူ ရင်းက ပုဆိုးစုတ်ကို မနက်ဖြန်မှ ပြန်လာယူမယ်လို့ ပြောလိုက်သေးတယ်။
ဒီလိုနဲ့ သွေးစို့ခဲ့တဲ့ သူမရဲ့ဒဏ်ရာတွေက သွေးတိတ်သွားတယ်။ ရက်တွေကြာသွားပြီကိုး။ တခါတရံ အရက်ပုန်းဆိုင်ကလူကြီးက သူ့ဆိုင်ကို ညဖက်လာဖို့ ခေါ်တတ်တယ်။ သူ့မိတ်ဆွေတွေနဲ့ ပေးတွေ့တယ်။ မုန့်ဖိုး ၃ဝဝဝ လောက်တော့ ရလေ့ရှိတယ်။ သူမအတွက်ငွေ ၃ဝဝဝ ထောင်ဆိုတာ တော်တော်ရှာရတာကိုး။
သိပ်မပင်ပန်းဘဲနဲ့ရတဲ့ငွေ ၃ဝဝဝ ကို သူမကတော့ လိုချင်တတ်တယ်။ အမေကတော့ သူမကို ဆုံးမတယ်။ ဒါပေမဲ့ အရင်လို အာဗြဲကြီး နဲ့ မဟုတ်ဘူး၊ ဒါပေမဲ့ သူမပေးလိုက်တဲ့ငွေကိုတော့ ကျစ်ကျစ်ပါအောင် ဆုပ်လို့ပေါ့။
အမေအမြဲပြောတာက သူများပစ္စည်းမခိုးနဲ့တဲ့ …။
အခု သူမက ခိုးယူတာမှ မဟုတ်တာ။
သူတို့ဖာသာပေးတဲ့ငွေက သူမအတွက် အကုသိုလ် မဟုတ်လောက်ပါဘူးနော်။
တကယ်လို့ သူမရဲ့ဝင်ငွေဟာ စားလောက်သောက်လောက်တယ် ဆိုရင်တော့ …
သူမ အဲဒီနေရာကို သွားဖြစ်မှာ မဟုတ်လောက်ပါဘူး …။
ခင်ငြိမ်းသစ်
Saturday, March 12, 2011
What Are Words
chris medina  ဆိုထားတာပါ...
American idol ကျွန်တော်ကြိုက်တဲ့ အဆိုတော်ပါ....
..........What Are Words........
Anywhere you are, I am near
Anywhere you go, I'll be there
Anytime you whisper my name, you'll see
How every single promise I keep
Cuz what kind of guy would I be
If I was to leave when you need me most
What are words
If you really don't mean them
When you say them
What are words
If they're only for good times
Then they don't
When it's love
Yeah, you say them out loud
Those words, They never go away
They live on, even when we're gone
And I know an angel was sent just for me
And I know I'm meant to be where I am
And I'm gonna be
Standing right beside her tonight
And I'm gonna be by your side
I would never leave when she needs me most
What are words
If you really don't mean them
When you say them
What are words
If they're only for good times
Then they don't
When it's love
Yeah, you say them out loud
Those words, They never go away
They live on, even when we're gone
Anywhere you are, I am near
Anywhere you go, I'll be there
And I'm gonna be here forever more
Every single promise I keep
Cuz what kind of guy would I be
If I was to leave when you need me most
I'm forever keeping my angel close
 ............kozaw357.........
Friday, March 11, 2011
မုန်တိုင်းကျတဲ့ လမိုက်ရက်များစွာ
သမီးတို့နေထိုင်ရာအရပ်က ရန်ကုန် မြို့ရဲ့ ဆင်ခြေဖုံး တစ်နေရာမှာ။ အဖေ က အစိုးရ ၀န်ထမ်းကနေ ထွက်ပြီး ဆင်ခြေဖုံးရဲ့ ကျူရှင်ဆရာ အဖြစ်နဲ့ သမီးတို့မိသားစုကို စောင့်ရှောက်ခဲ့ တာပါ။ အမေက အစိုးရအလုပ်ကနေ
ကျန်းမာရေးအရ ထွက်ခဲ့တဲ့ ဆေးပင်စင်စား တစ်ယောက်။
အဖေရဲ့ လုပ်ငန်းကတော့ တတ်နိုင်တဲ့သူတွေစီက သင့်တော်တဲ့ ကျူရှင်ခယူတယ်။ မတတ်နိုင်သူတွေဆိုရင် လခမယူဘူး။ နှစ်ပေါက်တဲ့အထိ ဆယ်တန်းအောင် သွားတဲ့အထိ တာဝန်ယူပြီး သင်ပေးတယ်။ ဒီအပြင် တက္ကသိုလ် ပထမနှစ်၊ ဒုတိယနှစ် ရောက်သွားတဲ့ ကျောင်းသားတွေဆို မပြတ်သေးသော သံယောဇဉ်နဲ့ အခမဲ့ စာဆက်သင် ပေးနေသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မေတ္တာ စေတနာတွေ နဲ့ရောပြွမ်းနေတဲ့ အဖေရဲ့ ကျူရှင် ကျောင်းကလေးက အတော်လေးကို ၀န်းကျင်အတိုင်းအတာ တစ်ခုအရ တော့ လူသိများ ထင်ရှားလာတယ်။
အဖေ့ကျောင်းထွက် ဆေးကျောင်းတက် ၊ အင်ဂျင်နီယာ ပညာသင်တွေ အတော်ကလေးရှိနေပြီး၊ သမီးတို့ အမေလည်း ရွှေစရွှေနလေးတွေ လည်မှာဝဲ  လက်မှာတွဲလို့…။ ကျောင်းပိတ်ရက်တွေဆို သမီးတို့ မိသားစု ၅ ယောက်ရဲ့ အပန်းဖြေ ခရီး တွေ၊ ဘုရားဖူး ခရီးတွေနဲ့ သမီးတို့မိသားစု ကမ္ဘာလေးဟာ လှပတဲ့ အိမ်မက်ပမာလို့ ပြောရင် ရမလားပဲ။
နောက်ထပ် သမီးတို့ မိသားစုထဲ ထူးထူးခြားခြား မောင်လေးနှင့် ညီမလေး အမြွှာလေးတွေ ရောက်လာကြတော့လည်း ၀မ်းသာမဆုံး ချစ်ကြရပြန်ပါတယ်။ အဖေဟာ စာသင်တာအပြင် ဘာတွေ လုပ်တယ်ဆိုတာတော့ သမီးတို့ မသိပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖေ အပါအ၀င် အိမ်လာဖူးတဲ့ မိတ်ဆွေတွေ စုပေါင်းရိုက်ထားတဲ့ ဓါတ်ပုံတစ်ပုံတော့ အဖေရဲ့ ဒိုင်ယာရီထဲ တွေ့ခဲ့ဖူးပါတယ်။
ဒီလိုနဲ့ ၁၉၉၆ခုနှစ် သြဂုတ်လ ၁၂ရက်နေ့ည။ သမီးတို့မိသားစုရဲ့ လှပတဲ့ အိမ်မက်ကလေး တစ်စစီ    ကြေမွလွင့်ပြယ် သွားတဲ့နေ့ပါပဲ။ သမီးအသက် ၁၁နှစ်၊ ၆တန်း စတက်တဲ့နှစ်။ ည ၈ နာရီလောက်မှာ တစ်ခါမှမမြင်ဖူးတဲ့ လူစိမ်းတချို့ အဖေ့ နာမည်မေးပြီး အိမ်ထဲဝင်လာပါတယ်။ အဖေက အပေါ်ထပ်မှာ စာသင်နေတယ်။ အောက်မှာ လူသံကြားရလို့နဲ့တူတယ်၊ အဖေ ဆင်းလာပါတယ်။
အဖေက ဘာကိစ္စလဲ မေးကြည့်တော့ လူစိမ်းတွေထဲက ခပ်ကြီးကြီး တစ်ယောက်က ဆရာ သိမှာပါလို့ ဆိုပြီး....  ကျန်တဲ့ အသံကိုတော့ သမီးတို့ ဆက်မကြားရတော့ပါ။ ခပ်တိုးတိုးပဲ အဖေနဲ့ ပြောနေကြပါတယ်။ ပြီးတော့ အဖေ့အိပ်ရာကို ပြခိုင်းပြီး ၀င်ရောက်ရှာဖွေကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ပါတဲ့ ဓါတ်ပုံတွေ စာအုပ်စင်က စာအုပ်တချို့ ဆွဲထုတ်ယူကြတယ်။ ပြီးတော့ ခုနက လူကြီးကြီးက ကဲဗျာ... အင်္ကျီ နှစ်စုံလောက်ထည့် သွားတိုက်ဆေးတွေပါယူ၊ နှစ်ညလောက်တော့ ကြာမယ်၊ ခဏ လိုက်ခဲ့ပါတဲ့..။
သမီးတို့လည်း အဖေ့အတွက် ပစ္စည်းတွေကို အဖေ့ လွယ်အိတ်ထဲ ထည့်ပေးလိုက်တယ်။ အဖေ့ကို သူတို့ ခေါ်သွားကြပါပြီ။ နှစ်ညပြီးရင် အဖေ ပြန်လာလိမ့်မယ်လို့ သမီးတို့တတွေ မျှော်လင့်နေကြပါတယ်။ ပုံမှန်အတိုင်း ကျောင်းသွား ကျောင်းတက်ပါပဲ။ နှစ်ညကျော်လို့ သုံးညရောက်လည်း အဖေ ပေါ်မလာ၊ အမေ့မျက်နှာက အရင်လို မကြည်လင်တော့ပါ။ အမေ့ မျက်နှာမှာ နေ့တိုင်း မျက်ရည်တွေစီးလို့။ သမီးတို့လည်းအမေ့ကိုကြည့်ပြီး ငိုနေမိပါတယ်။ သမီးတို့ သုံးယောက်ကိုတော့ အမေက နေ့စဉ်မပျက် ကျောင်းကိုသွားဖို့သာ တိုက်တွန်းပါတယ်။ အမေ့ ဆန္ဒအတိုင်း သမီးတို့ ကျောင်းတက် မပျက်ခဲ့ပါ။
အဖေ အိမ်က ထွက်သွားပြီး နှစ်လ အကြာမှာတော့ အဖေ ထောင် ၁၃ နှစ်ကျသွားပြီ ဆိုတာ ကြားရတော့တာပါပဲ။ သမီး တို့ စားဖို့ သောက်ဖို့ ငွေရှာ ပေးနေတဲ့ အဖေ၊ သမီး တို့ ပျော်ပျော်ရွှင်ရွှင် နေထိုင်နေရတဲ့ မိသားစု ဘ၀ကို ဖန်းတီး ပေးတဲ့ အရှင်သခင်၊  အခု အဖေ သမီးတို့ အနားမှာ မရှိဘဲ ဘယ်ရောက်နေပြီလဲ...။ အဖေနဲ့သမီးတို့ မိသားစု ၁၃ နှစ်ကြာ ကံမကုန်မှ ပြန်ဆုံကြရမယ့် အဖြစ်၊ သမီးတို့ ကို ဘယ်သူက လာရောက် ရှာဖွေကျွေးမှာတဲ့လဲ။ သမီးတို့ ပညာတွေကော ဘယ်လိုလဲ၊ သမီးတို့ ကမ္ဘာလေးတော့ ပျက်ပါပြီ။
၈လ သားအရွယ် အမြွှာမောင်လေးနှင့် ညီမလေးကတော့ဘာမှမသိ။ အရင်က အမြဲရှင်းသန့်နေတဲ့ အမေ့မျက်နှာ ရွှေလ၀န်းဟာ နေ့စဉ်နဲ့အမျှ မျက်ရည် စီးကြောင်း တွေ….။ အမေ့ ခန္ဓာကိုယ်ဟာ ပိန်လီ ဖျော့တော့။ သမီးတို့ဘ၀ ဘယ်ကမ်းဆိုက်မှာလဲ ကမ်းမမြင်ဘ၀။ မူးဝေနောက်ကျိ့။ တခါတခါ သတိ များပင်မရှိတော့သလို….။
အဖေလို စိတ်ဓါတ်ရှိတဲ့သူ၊ အဖေကို လေးစားတဲ့သူ တစ်ယောက် နှစ်ယောက်လောက်က အဖေ့ရဲ့ လက်ရှိ ကျူရှင်ကို ဆက်ထိန်းပေးပြီး ကယ်တင် ပေးခဲ့ပါတယ်။ အဖေ့နာမည်နဲ့တော့ ကျူရှင်ဖွင့်ခွင့် မရတော့ပါဘူး။ ဒါပေမဲ့ အဖေ ရှိစဉ်တုန်းကလိုတော့ ပျော်စရာတွေ မရှိတော့ဘူး။ စားချင်တာလည်း လုံလုံလောက်လောက် စားလို့ မရတော့ ဘူး။ မလောက်မင ဘ၀နဲ့ အကြွေးတွေတင်။ အဖေ ရှိစဉ် အရင်ကလို ကျူရှင်မဟုတ်တော့ဘဲ၊ ကျူရှင်က တစစနဲ့ ခြောက်ကပ် လာခဲ့ပါတယ်။ နောက်ဆုံးတော့ ဆရာတွေကိုလည်း အားနာတာနဲ့ ကျူရှင်ပိတ်ပြီး အဖေ့ ရဲဘော် တချို့ရဲ့ အကူအညီနဲ့ အမျိုးသမီးများ တည်းခိုရာ ဘော်ဒါဆောင်ဖွင့်ပြီး မိသားစုရဲ့ နေ့စဉ် အသက်ရှင်ဖို့ ပြဿနာကို ဆက်လက် ဖြေရှင်းကြရပြန်ပါတယ်။
အဖေ အင်းစိန်ထောင်မှာ တစ်နှစ်နေခဲ့ရစဉ် ကာလမှာလဲ အမေဟာ အိမ်တွင်း ခြိုးခြံချွေတာပြီး ၀တ္တရားမပြတ် အမြွှာကလေး တစ်ယောက်ကို သမီးထက် အကြီးဖြစ်သူ `မ၀ါကြီး´ ၈တန်း ကျောင်းသူနဲ့ အိမ်မှာထား၊ ကျန်တစ်ယောက်ကို ရင်ခွင်ပိုက်လို့ သမီးနဲ့ သမီး ညီမ အငယ်လေး တို့ဟာ အဖေ့ဆီ ထောင်ဝင်စာ သွားတွေ့ကြရတယ်။ နောက်တော့ အဖေ့ကို တောင်ငူထောင်ဆီ ပြောင်းရွှေ့လိုက်လို့ ဘယ်တစ်ခါမှ မရောက်ဖူးသော တောင်ငူကို အမေက ကြားကြားခြင်း သမီးတို့ မောင်နှမတွေ ကိုထားခဲ့ပြီး လိုက်သွားပါတော့တယ်။ အမြွှာတစ်ယောက်ကိုတော့ခေါ်သွားပြီး တစ်ယောက်ကိုတော့ နို့ဘူးနဲ့ သမီးတို့ ညီအမတွေ ဆီမှာပဲ ထားခဲ့ပါတယ်။ အမေဟာ ညဘက် ရထားစီး တစ်ညအိပ်ခရီးနဲ့ နောက်နေ့ ညဘက် သန်းခေါင် သို့မဟုတ် သန်းခေါင် ကျော်ကျော်လောက်မှာ သမီးတို့ ဆီပြန်ရောက်လာပါတယ်။
ဒီကာလ ညတွေအတွက် သမီးတို့ ညီမ  သုံးယောက်နဲ့ အမြွှာကလေး တစ်ဦးတို့ဟာ အမေ ပြန်အလာကို မျှော်ရင်း ကျော်ဖြတ်ခဲ့ရတဲ့ ရက်တွေကို လက်ချိုးရေ ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သမီးတို့ အကြီးသုံးယောက်ကို အလှည့်ကျ  တစ်ယောက်စီ ထောင်ဝင်စာ သွားတွေ့တိုင်း ခေါ်သွားတတ်ပြန်ပါတယ်။ အဖေကို တွေ့ ချင်ကြတဲ့ သမီးတို့ အတွက် အဖေကိုတွေ့ ခဲ့ ရပါတယ်။ ကားစီးရတဲ့ အခါမျိုးတွေလည်း ရှိခဲ့တယ်။
တခါတရံ ညနေပိုင်း ကားစီးဖြစ်ရင် တောင်ငူကို ည နှစ်နာရီကျော်လောက် ရောက်တတ်တယ်။ တည်းခိုခန်းခ မတတ်နိုင်တဲ့ သမီးတို့ မိသားစုအတွက်တော့ တောင်ငူဘူတာရဲ့ ထိုင်ခုံတွေ၊ တခါတရံ ညလုံးပေါက်ဖွင့်တဲ့ လက်ဘက်ရည်ဆိုင်တွေ၊ တခါတရံတော့ ကားမှတ်တိုင်လို နေရာမျိုးတွေမှာ အသိမရှိတဲ့ သူစိမ်းတရံစာ နယ်မြေမှာ  ကြောက်ကြောက်လန့်လန့်နဲ့ပဲ  မနက်နေအထွက်ကို စောင့်မျှော်ရင်း အချိန်ကုန်ခဲ့ရပါတယ်။
တောင်ငူရာသီဟာ ပူရင် အလွန်ပူပြီး၊ အေးရင် အလွန်အမင်း အေးတတ်ပါတယ်။ ဆောင်းရာသီလို အချိန်အခါကို ခိုက်ခိုက်တုန် ကြုံခဲ့ရတာ မနည်းတော့ပါဘူး။ ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ လောက်မှ ICRC  ကမ္ဘာ့ကြက်ခြေနီအဖွဲ့က ထောင်တွင်းနိုင်ငံရေးသမား အကျဉ်းသားတွေကို ၀င်ရောက်တွေ့ဆုံခွင့် ရပြီးတဲ့နောက် သမီးတို့ရဲ့ တစ်လတစ်ခေါက် ပုံမှန်ထောင်ဝင်စာ တွေ့နိုင်ရေးဟာ အနည်းငယ်လေး အဆင်ချောလို့လာပါတယ်။ ICRC က နိုင်ငံရေး အကျဉ်းသားနှင့် မိသားစုများ ပုံမှန်တစ်လတစ်ခေါက် တွေ့ဆုံနိုင်ဖို့  ခရီးစရိတ်နဲ့ တည်းခိုခန်းခတွေ ထုတ်ပေးတဲ့အတွက် ICRCကို သမီးတို့ မိသားစုတွေ ကျေးဇူး အထူးတင်ရပါတယ်။ ICRC မှမကူရင် သမီးတို့နဲ့ အဖေရဲ့ တွေ့ဆုံရေးဟာ နှစ်တွေ ကြာလာသည်နှင့်အမျှ ဝေးကြရတော့မှာပါ။ ICRC ဟာ သမီးတို့အတွက် မုန်တိုင်းတွေကြားထဲက လေပြေအေးကလေး တစ်ခုပေါ့....။
သမီးတို့ ညီအစ်မတွေဟာ ငယ်ငယ်ကတည်းက ကျောင်းမှာ နှစ်စဉ် ဆုရနေကျပါ။ အဖေ ထောင်ကျသွားပေမယ့်လည်း ဆုရမပျက်ပါ။ ဒါပေမဲ့ အဖေ မရှိတဲ့ အချိန်တွေမှာ၊ ကျောင်းဆုပေးပွဲ တက်ဖို့တောင် သမီးတို့မှာ ၀တ်စားစရာ ပြောင်ပြောင်ရောင်ရောင်မရှိ၊ မ၀ယ်နိုင်တာကြောင့် ဆုပေးပွဲ အခမ်းအနားမှာ ဆုတက်မယူဖြစ်ကြတော့ပါ။
ဒီလိုနဲ့သမီး ကိုးတန်းကို ရောက်လာတယ်။ သူများတွေ ကျူရှင်ယူကြတယ်။ သမီးမယူနိုင်ဘူး။ ကျောင်းပုံမှန် တက်ပေမယ့် စာတွေကများပြီး နားမလည်တာက တနေ့တခြား တိုးလာနေတယ်။ ဒါပေမယ့် သမီးစိတ်ဓာတ်မကျဘဲ စွမ်းအားရှိသလောက် ကြိုးစားခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ ဒီအတန်းကို သမီးအောင်ခဲ့ပါတယ်။ အဲဒီ နှစ်မှာပဲ သမီး အစ်မ ၀ါကြီးလည်း ဆယ်တန်းကို သင်္ချာဂုဏ်ထူးဖြင့် အောင်ခဲ့ပါတယ်။ ရှစ်တန်းတုန်းက ငါးဘာသာ ဂုဏ်ထူးရခဲ့တဲ့ သမီးအစ်မဟာ အခုတော့ သင်္ချာ တစ်ဘာသာနဲ့ပဲ နှစ်သိမ့်လိုက်ရပါတယ်။ အဖေသာရှိမယ်ဆိုရင် အဖေသင်တဲ့ ရူပ၊ ဓာတုဗေဒ ပညာတွေမှာ သမီးတို့တတွေ ဂုဏ်ထူးရ ရမှာ အသေအချာပါ။ အခုတော့ သမီးတို့ဘ၀ ကံဆိုးပုံက ကိုယ့်အဖေနဲ့ စာမသင်လိုက်ရတဲ့ ဘ၀ပါ။ အဖေကလည်း ဒါကိုပဲ ၀မ်းနည်းမဆုံး ဖြစ်ခဲ့ရတာ ယနေ့ထိတိုင်ပါပဲ။
ဆယ်တန်းအောင်သွားတဲ့ အစ်မ၀ါကြီးဟာ သမီးတို့ စာဆက်သင်နိုင်ရေးနဲ့ မိသားစုအတွက် အပြင်မှာ အလုပ်လုပ်ရင်း စာပေးစာယူသင်တန်းနဲ့သာ ပညာဆက်ခဲ့ရပါတယ်။ သမီးတို့ တိုင်းပြည်ရဲ့ နိမ့်ပါးလှတဲ့ ပညာရေးထဲက အနိမ့်ကျဆုံး တက္ကသိုလ် ပညာရေးပါလို့ အဖေကိုယ်တိုင် စိတ်အပျက်ဆုံးဖြစ်နေတဲ့ စာပေးစာယူကို အဖေ့ သမီးတစ်ယောက်တော့ တက်နေရပြီ အဖေရေ... လို့သာ သမီးအော်ငိုလိုက်ချင်ပါတယ်။
ရာသီတွေပြောင်း နှစ်တွေလည်း ကြာညောင်းခဲ့ပေမယ့် အမေနဲ့ သမီးတို့ရဲ့ ထောင်ဝင်စာ တွေ့ဆုံမှုကတော့ တစ်လတစ်ခါ ပုံမှန်ရောက်ခဲ့ပါတယ်။ နောက်နှစ်မှာ သမီးလည်း ဂုဏ်ထူးမပါ ဗလာကျင်းနဲ့ ဆယ်တန်းအောင်ခဲ့ပါပြီ။ အမှတ်က သိပ်မနည်းလှတဲ့အတွက် GTC ကိုလျှောက်ခဲ့တာ အဆင်ပြေသွားပါတယ်။ အမေက သမီးကို GTC ကျောင်းကို လိုက်အပ်ပေးပါတယ်။ ဒါနဲ့ပဲ သမီးတစ်ယောက် GTC တက်ဖြစ်ပြီမို့ အင်ဂျင်နီယာတစ်ယောက် ဖြစ်ရေးတွေးပြီး သောကတွေကြားက အင်အားအလင်းရောင် တစ်ချက် လက်ခဲ့ပါပြီ။
ရန်ကုန်နှင့် အလှမ်းဝေးတဲ့ မှော်ဘီကို အမေထည့်ပေးထားတဲ့ ထမင်းဘူးဆွဲ၊ မနက်စောစော ကျောင်းကားစီးပြီး နေ့စဉ်တက်ခဲ့ရတယ်။ အစားနည်းတဲ့ သမီးအတွက် ဘာဟင်းရယ်ဆိုတာ မစဉ်းစားမီ ၊ အဖေရှိတုန်းကလို ချေးမများမိခဲ့တာ အတော်ကြာခဲ့ပါပြီ။ ကျောင်းကားပေါ် လှမ်းအတက် ထမင်းဘူးကိုင်ထားတဲ့ လက်အရန်းးမှာ ထွက်လာတဲ့ အသံက `ဂလောက်ဂလောက်..´ ဒါဆိုရင် ငါးခြောက်ကြော်၊ အသံမကြားဘူးဆိုရင် ကြက်ဥ၊ဘဲဥကြော်ပါပဲ။
ဒါကြောင့် ကျောင်းမှာ သူငယ်ချင်း အပေါင်းအသင်း သိပ်မရှာဖြစ်ဘူး။ ထမင်းစားချိန်ဆို တစ်ယောက်ထဲ တစ်နေရာမှာပေါ့။ အဖေရှိစဉ်ကဆို ဘယ်သွားသွား သမီးတို့ ညီအစ်မ သုံးယောက် အမြဲတမ်းပါတယ်။ ရောက်တဲ့နေရာ၊ ရောက်တဲ့ဆိုင်ဝင် ကြိုက်တာစားပဲ။ သမီးတို့ စားချင်တာကို အမြဲဝယ်ကျွေးနေကျ။ ဒါတွေတွေးမိရင် ရင်ထဲမှာ ဆို့နင့်ပြီး မျက်ရည်က ဘယ်လို ကျလာမှန်းမသိတော့ပါဘူး။
ကျောင်းရောက်ပြန်တော့လည်း စာသင်ခန်းဝင်၊ ညနေကျောင်းပြန် အိမ်ပြန်ရောက်ရင် ဘာမျှကို လုပ်ချင်ကိုင်ချင်စိတ်မရှိအောင် တစ်နေ့တာ ပင်ပန်းကြရတဲ့ ပညာရေးပါ။ ပညာလိုချင်လို့သာ သွားကြရတယ် လနှင့်ချီလာတော့ သိပ်မလွယ်လှဘူး။ တချို့ဆိုရင် ကျောင်းမရောက်ကြတော့ဘူး။ ကျောင်းကဝေး၊ မိဘနှင့်ဝေးဆိုတော့ ကျောင်းပျက်ပြီး စာမေးပွဲ ကျကြတယ်။ဒီအဖြစ်မျိုး မဖြစ်အောင် သမီးကြိုးစားပြီး အားယူရပါတယ်။ ဆယ်တန်းတုန်းက ဘယ်လောက်ပဲ ဂုဏ်ထူးတွေရနေပါစေ မှော်ဘီရောက်တော့ ကျစာရင်းထဲ ရောက်သူတွေလည်းရှိပါရဲ့။ ပထမနှစ်တော့ သမီးအောင်မြင်သွားပါပြီ ။ အဲဒီနှစ်မှာ ညီမငယ်လေးလည်း ဆယ်တန်းကို ရူပ၊ ဓာတု နှစ်ဘာသာ ဂုဏ်ထူးနဲ့ အောင်ပြီး ကွန်ပျူတာ တက္ကသိုလ် တက်ခွင့်ရခဲ့ပါတယ်။
ဘယ်လောက်ပင် ဒုက္ခပင်လယ်ဝေပါစေ လှိုင်းတွေကို ကျော်ဖြတ်ခဲ့ပါပြီ။ ဒါပေမဲ့ ဒီလှိုင်းဆိုတဲ့ လောကဓံဟာ တက်လိုက်ကျလိုက်။ အိမ်ရဲ့စီးပွားရေး မပြေလည်မှုတွေ၊ နှစ်တွေကြာညောင်းလို့ အဖေနဲ့ ဝေးနေရတဲ့ဘ၀တွေ၊ အမေရဲ့ ပင်ပန်းရုန်းကန်နေရမှုတွေကို ကြည့်ရင်း သမီးစာသင်လိုတဲ့ စိတ်ဓာတ်တွေကျလာတယ်။ ဒုတိယနှစ်ကို ဖြေခဲ့ပေမယ့် စာမေးပွဲ ကျသွားပါပြီ။ ဒုတိယနှစ်ပြန်တက်ဖို့ ကျောင်းပြန်အပ်တော့လည်း ကျောင်းအပ်ဖို့ ငွေမရှိတော့ လိုက်လံချေးငှားရတဲ့ အချိန်ကြောင့် တစ်လကြာမှ သွားအပ်တော့ ကျောင်းတစ်လ နောက်ကျတဲ့အတွက် ဒီတစ်လအတွင်း ကျောင်းခေါ်ကြိမ် သုညဖြစ်တာမို့ ကျောင်းအပ်ခွင့်မရခဲ့ပါဘူး။ ဒီနှစ်မှာ ကျောင်းနားလိုက်ရ ပါတော့တယ်။ ဒုတိယနှစ်က နှစ်နှစ်ဆက်တိုက် ကျသလိုဖြစ်သွားတဲ့အတွက် အပြင်ဖြေခွင့်သာ ရခဲ့ပါတယ်။ ကျောင်းတက်ခွင့်မရပေမဲ့ ကျောင်းလခနှင့် အခြားစရိတ်ဖိုး ဆိုပြီး ၈၀၀၀ကျပ် နီးပါ သွင်းခဲ့ရပါတယ်။
ကျောင်းမတက်ဖြစ်တော့တဲ့အတွက် အဲဒီနှစ်မှာ သမီးတို့နေထိုင်ရာ သမိုင်းခ၀ဲခြံကနေ ရေလယ်ဘုရားရှိတဲ့ ကျောက်တန်းမြို့အထိ သွားရောက်ပြီး ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုမှာ လျှပ်စစ်အင်ဂျင်နီယာ အနေဖြင့် အလုပ်ဝင်ခဲ့ရပါတယ်။ သမီးတို့ ကျောင်းဆက်တက်နိုင်ဖို့အရေး အမေကလည်း သူ့သူငယ်ချင်းဆီက မြေပဲဆားလှော်တွေ ဖောက်သည်ယူပြီး ဆိုင်တွေ လိုက်စပ်ရတယ်။
သိမ်ကြီးဈေးက သုံးပိဿာအလေးရှိတဲ့ ဖာလာပုံးကို လသာကားဂိတ်ကိုသယ်၊ အိမ်ရောက်ရင် မိသားစုတွေ ဖာလာစေ့ကို အကြီးအသေးရွေးကြရတယ် ရွေးပြီးဖာလာစေ့တွေကို  နောက်ရက်တွေမှာ သိမ်ကြီးဈေး ပြန်အပ်ရတာတွေ၊ သမီးညီမငယ်လေးဆို ကျောင်းပိတ်ရက် ဖိနပ်စက်ရုံမှာ သားရေဖိနပ်တွေ အရောင်တင်တဲ့အလုပ် အထည်ချုပ်မှာ အထည်ညှပ်တဲ့အလုပ်ကို ၈တန်းကျောင်းသူဘ၀မှာ လုပ်ခဲ့ရသေးတယ်။ အရွယ်နှင့်မလိုက်အောင် လုပ်ခဲ့ရတော့ တနေကုန်ရပ်ပြီး အထည်ညှပ်ရတော့ ဘယ်ခံနိုင်ပါ့မလဲ နောက်ပြီး ကပ်ကြေးညှပ်ရတော့ လက်မနှင့် လက်ညှိုးတွေမှာ အရေပြားပွန်းပဲ့ကုန်တော့ အိမ်ပြန်ရောက်ရင် သူ့လက်ကလေးတွေကြည့်ရင်း မျက်ရည်ကျမိတာကို မိသားစုတွေပါ မျက်ရည်ကျရပြန်ပါတယ်။
နောက်တစ်နှစ်မှာတော့ ပြင်ပဖြေကို ၀င်ဖြေဖို့အတွက် ဆောက်လုပ်ရေးတုန်းက လစာကိုစုပြီး မေဂျာ ဘာသာရပ်တွေကို ဆရာတွေထံမှာ ကျူရှင်ယူ၊ မိုင်နာ ဘာသာရပ်တွေကို သူငယ်ချင်းတွေမေး ကိုယ်တိုင်လေ့လာယူ ပြင်ပဖြေနဲ့ပဲ အမှတ်ကောင်းကောင်းနဲ့ အောင်ခဲ့တော့ B.Tech တက်ခွင့်ရခဲ့ပါပြီ။ လောကဓံလှိုင်း ပြန်တက်ပြန်ပါပြီ။ အမေ့ရဲ့ ကြိုးပမ်းရှာဖွေမှုကြောင့် အစ်မကြီးဝါ B.A(Eco) ဘွဲ့ကို ဘွဲ့နှင်းသဘင် တက်ယူပေးနိုင်ခဲ့ပါတယ်။ အဖေအမေစုံကြား ဘွဲ့ဝတ်စုံနဲ့ သမီးကိုထားပြီး ဓာတ်ပုံရိုက်နေကြတဲ့ မိသားစုတွေထဲမှာ အဖေမပါဘဲ အမေနှင့် အစ်မ၀ါကြီး ရဲ့ဓာတ်ပုံကိုကြည့်ပြီး သမီးအနေဖြင့် ရင်ထဲမှာဟာတာတာဖြစ်ပြီး မျက်ရည်ကျမိခဲ့ပါတယ်။
ထောင်ဝင်စာကိုတွေ့တိုင်း အဖေပြောတဲ့ စကားရှိတယ်။ အဖေဟာ လူဆိုးဖြစ်လို့ ထောင်ကျတာ မဟုတ်တဲ့အကြောင်း၊ တို့တိုင်းပြည်ကောင်းစားရင် အားလုံးကောင်းစားကြမှာမို့ အချင်းချင်း အာဃာတတွေနဲ့  ရန်သူလို့မမြင်ကြဘဲ စစ်အစိုးရကော အတိုက်အခံပါမကျန် တိုင်းရင်းသားတွေအားလုံး သင့်သင့်မြတ်မြတ် စကားပြောကြပါလို့ စာရေးပြောမိတာနဲ့ အဖေတို့ကို ထောင်ချတာဖြစ်တယ်။ အဖေက စစ်အစိုးရကို တိုက်မယ်ခိုက်မယ် ရိုက်မယ်ပုတ်မယ်လို့ ပြောတာမဟုတ်သလို  ဒီလိုစိတ်မျိုးလည်း မရှိဘူး ။ အားလုံးအတူတကွ ချစ်ခင်ကြဖို့သာ တိုက်တွန်းခဲ့တာပါတဲ့။
သမီး တွေးကြည့်မိတာကတော့ အဖေတို့ တိုက်တွန်းချက်ကို သူတို့ မကြိုက်လို့ အဖေတို့ကို ထောင်ချတာပဲပေါ့။ သူတို့ မကြိုက်တာကို ပြောမိလို့ သူတို့က အဖေ့ကို လက်စားချေလိုက်တာလို့ပဲ သမီးထင်မိတယ်။ ငါ့ကို မထိနဲ့ မီးပွင့်သွားမယ်ပေါ့။ ဒါ လူမိုက်တွေရဲ့ စရိုက်ပဲ။ ရက်စက်လိုက်ကြတာများ ဒါဆို အချင်းချင်း မသင့်မြတ်ချင်လို့ ဖြစ်မှာပဲ။ စစ်အစိုးရက ရန်ဖြစ်နေတာက သူ့အတွက် သက်ဆိုးပိုရှည်မယ်လို့ ထင်တယ်နဲ့တူတယ်။ အင်းလေ…… သူ့မှာက လက်နက်တွေ အပြည့်နဲ့ဆိုတော့ ရန်ဖြစ်ရတာ ပိုအားရှိမှာပေါ့။ လက်နက်မရှိတဲ့သူကို ဘယ်ကြောက်ပါ့မလဲ။
ဘယ်လောက်များ ကမ်းကုန်အောင် မိုက်ရိုင်းနေသလဲဆိုရင် ဒီပဲယင်းအရေးအခင်းကိုပဲ ကြည့်လေ..။ လူဆိုးလူမိုက်တွေကို လက်မရွံ့လူသတ်သမားတွေ၊ ငတ်ပြတ်နေလို့ ပိုက်ဆံရရင် ဘာမဆို လုပ်ပါ့မယ်ဆိုတဲ့ ကြံ့ဖွံ့လို လူယုတ်မာတွေရဲ့ လူသတ်ပွဲကိုပဲ ကြည့်ရင် ရှင်းနေတာပဲ။ ဘုရားဟောမှာ အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာ နဉ္စ ဆိုတဲ့ လူမိုက်ကို ဝေးဝေးကရှောင် မပေါင်းဖို့နဲ့ ပညာရှိကို ချဉ်းကပ်ဖို့ ဘုရားရဲ့အဆုံးအမကို ဒီစစ်အစိုးရက ဆန့်ကျင်နေတာပင် တိုင်းပြည်အနေနဲ့ အင်မတန်ကို ရှက်စရာလည်း ဖြစ်သလို၊ ယဉ်ကျေးပါတယ်ဆိုတဲ့ သမီးတို့ တိုင်းပြည်ဟာ အတော်ကို ယုတ်မာရက်စက် ရိုင်းပြနေကြပါလားလို့ တွေးမိရင်း ကိုယ့်တိုင်းပြည်နှင့် လူမျိုးအတွက် ရင်ထဲမချိအောင် ၀မ်းနည်းနေမိပါတယ်။
ဩော် သမီးတို့ရဲ့မုန်တိုင်းကျ လမိုက်ညတွေ ဘယ်တော့များမှ ကုန်ဆုံးမှာလဲ၊ ပြန်စဉ်းစားမိတော့ ကိုယ့်မိသားစုတစ်စုတည်းမှ မဟုတ်တာ။ ထောင်ထဲမှအကျဉ်းကျနေတဲ့ အဖေ့လို နိုင်ငံရေးအကျဉ်းသားတွေ သူတို့ရဲ့မိသားစုတွေလည်း ထပ်တူထပ်မျှပဲလေ။ ဒါတင် ဘယ်ကမလဲ သမီးတို့ရဲ့မြန်မာပြည်သားအားလုံးဟာ မုန်တိုင်းနဲ့ လမိုက်ညတွေအောက်မှာ ရောက်နေကြတာပါပေါ့လား…။
၂၀၀၅ ခုနှစ် ဇူလိုင် ၂ရက်နေ့ အဖေ့ထောင်ဝင်စာ သွားတွေ့တယ်။ ညီမငယ်လေးပဲ လိုက်တော့တယ်။ အမြွာတွေလည်း အတော်လေး ကြီးလာပြီ။ လက်လွှတ်လို့ရနေပြီ။ လေးတန်းတောင် ရောက်ကြပြီမို့ အမေက အိမ်မှာပဲ ထားခဲ့တော့တယ်။
အမေတို့ ပြန်ရောက်ပြီး သုံးရက်မြောက် ညနေမှာတော့ အိပ်မက်လန့်နိုးဆိုသလို သမီးတို့အိမ်သားတွေ ခံစားလိုက်ရပါတော့  အိပ်မက်လား၊ တကယ်ပဲလား။ ညနေ သမီး မှော်ဘီကျောင်းက အပြန်မှာတော့ သမီးတို့ စက္ကန့်တိုင်း ၊ မိနစ်တိုင်း၊ နာရီတိုင်းမှာ တောင့်တမျှော်လင့်ခဲ့ရတဲ့ သမီးတို့ရဲ့ အင်အား မဟာ အဖေဟာ အိမ်ကို ပြန်ရောက်လို့နေပါပြီ။
ဝမ်းသာလွန်းလို့ မျက်ရည်ကျရပြန်ပါပြီ။ အဖေ့ထောင်သက်က တကယ်တော့ ၁၃ နှစ်။ အခု ၉ နှစ် မပြည့်သေး တစ်လအလိုမှာ ပြန်လွတ်လာတော့ ဟုတ်မှဟုတ်ပါ့မလား။ အဖေ သမီးတို့ဆီ တကယ်ပြန်ရောက်လာတာပါနော် အဖေလို့... သမီးနှုတ်က လွှတ်ခနဲ ထွက်ခဲ့ခြင်းနဲ့အတူ အဖေဟုတ်ရဲ့လားလို့ အဖေ့လက်ကို ဆွဲကိုင်ထားမိပါတော့တယ်။    ။
သက်ထက်နှင်းလှိုင် (C.D.C)
Tuesday, March 8, 2011
ဟောင်းနွမ်းသော မြို့ သစ်
ထိန်းသိမ်းထားတဲ့  စိတ်တွေနဲ့ 
လူတွေအားလုံးခရီးနှင်နေတယ်.......
ငါကိုယ်တိုင်ပါဝင်ခရီးနှင်နေတယ်..........။ ။
လွပ်လပ်မှုဆိုတာ
စိတ်ထဲမှာရှိတဲ့ အရာပါ........။ ။
မြို့ ပြသစ်တွေတည်ဆောက်ပေမယ့် 
စိတ်တွေသစ်မလာတော့ 
ဟောင်းနွမ်းနေတဲ့   မြို့ ပြသစ်ပေါ့ .......၊ ။
နာကျဉ်းမှုတွေ စုစည်းထားတဲ့ 
မြို့ ထဲ ပေါက်ကွဲလုဆဲဆဲ............။ ။
ကိုယ်သမိုင်းကိုယ်ရေး
နောင်တမရကြေး....ပေါ့ 
.......................၊။  ။
သင်းချိုင်း
Hot Comments
တိတ်ဆိတ်ငြိမ်သက်   မြေတကွပ်အား
အသက်ပေး၍ ၀ယ်ရသည်........။ ။
နှစ်သက်မိသောကဗျာလေးပါ......
Sunday, March 6, 2011
အိမ်
[ ကမ္ဘာမြေမှာ ခိုလှုံရာခေါ်ဆိုခဲ့ အိမ်... ရံရွေလယ်ထည်ဝါစွာ ဆင်စွယ်နန်း အိမ်...
ကျူထရံတွေကာရံကာ ဓနိမိုးအိမ်... နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်း အိမ်...]
ကမ္ဘာမြေမှာ ခိုလှုံရာခေါ်ဆိုခဲ့ အိမ်... ရံရွေလယ်ထည်ဝါစွာ ဆင်စွယ်နန်း အိမ်...
ကျူထရံတွေကာရံကာ ဓနိမိုးအိမ်... နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်း အိမ်...
အိမ်တစ်အိမ်မှာ မှီတည်ရာ ဘာသာတရားတွေ ကမ္ဘာမြေကို ဖြူစင်စွာ အကြင်နာမျှဝေ
ပိုင်ဆိုင်ရာ တွယ်တာရာ ဒီရင်သွေးတွေ... ဆည်းလည်းသံ လှိုက်ခတ်စေ ဒီချစ်ခြင်းတွေ...
ကလေးလေးတွေ နွေးထွေးဖို့လေ
ကမ္ဘာမြေမှာ အိမ်တစ်အိမ်ကို ဆောက်ကြမယ်လေ
မြင့်မြတ်ခြင်းတွေ ငြိမ်းအေးခြင်းတွေ
ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့လေ...]
အိမ်အပြင်မှာ ဝါပင်တွေ ကိုယ်တိုင်စိုက်မယ်
ကိုယ်တိုင်ထွန် ဝါချည်မျှင် ဖျင်တဘက်ရယ်...
အိမ်အပြင်မှာ ကိုယ်တိုင်ထွန် ကိုယ်တိုင်စိုက်တဲ့
စပါးရိပ်ချိန် ဝိုင်းဖွဲ့မယ် ဆန်အရက်ရယ်...
ဒီအချိန်ဆို အိမ်အပြင်မှာ ကဗျာတွေရွတ်မယ်
လာပါကွယ် အိမ်အပြင်မှာ ဂစ်တာတီးမယ်
ရင်ခွင်မှာ ကြင်နာသူ ချိုအနမ်းရယ်...
ချစ်မိတ်ဆွေ စည်းချက်ညီ အတူတူကမယ်
ရင်ခွင်မှာ ရှင်သန်ရာ ခိုမှီရာ အိမ်တစ်အိမ်ကို ကမ္ဘာမြေမှာ တည်ဆောက်ကြမယ်
အဆောင်အယောင်တွေ မဆင်ရင်စေ... ရင်ခွင်အိမ်ပျော်ရွှင်ပါစေ...
ဒဏ္ဍရီရာဇဝင်လို ဝိညာဉ်အိမ်... စိန်စီရာ ရတနာခြယ် သိင်္ဂါရီအိမ်
တစ္ဆေတစ်ကောင် ဟန်ဆောင်သလို မာယာကင်းမဲ့
မနာလိုတဲ့ မစ္ဆရိယ ချည်နှောင်မှုမဲ့
ကံစီရင် ယုံကြည်စွာ ကမ္ဘာမြေမှာ...
တို့အိမ်... ငါတို့အိမ်...
ရဲရင့်လိုက် ချစ်တဲ့အိမ် တို့ဆောက်ကြမယ်
Saturday, March 5, 2011
စိတ္တဇ မာန
ရူးလောက်အောင်ချစ်လည်း
ဒူထောက်ဖို့ မကြိုးစားဖူ
ငါမာန နဲ့  နင့် ဘ၀ကို
ပြာကျဖို့ လည်း......
တခါက မာနက
နင်နဲ့ မှ  ကြွေကွဲနေရပြီ...
နင်နဲ့ မှ  ရင်ကွဲနာကျ
ဒီအလွမ်းတွေက
ယောင်္ကျားမာနကို
ထိပါးလာတော့ 
မချစ်လည်းနေဟ ..လို့ .....
အော်ဟစ်လိုက်ချင်ပြီ................၊၊ ။
သားသမီးက မိဘအပေါ်ထားတဲ့ အချစ်
ဆေးခန်းပိတ်ပြီး အိမ်ပြန်ဖို့ စီစဉ်နေတုန်း ည
၉နာရီလောက်မှာ ကျွန်တော့် ဆေးခန်းတံခါးကို ကသောကမြော ခေါက်သံ
ကြားလိုက်ရပါတယ်.. ဆေးခန်းတံခါး လာခေါက်သံတွေထဲမှာ အခုလောက် အရေးတကြီး
ကသုတ်ကရက် နိုင်တဲ့ တံခါးခေါက်သံမျိုး ကျွန်တော် တစ်ခါမှ
မကြားခဲ့ဖူးပါဘူး..
“ ၀င်ခဲ့ပါ.. ၀င်ခဲ့ပါ.. ” ကျွန်တော် စိတ်မရှည်စွာ တုံ့ပြန်လိုက်မိပါတယ်.. အခန်းတံခါး ဆွဲဖွင့်သံကြားလိုက်ပြီး တံခါးဝမှာ
ပေါ်လာတာက အသက် ၉နှစ်ထက် ဘယ်လိုမှ ကြီးမဲ့ပုံ မရတဲ့ ကောင်မလေး.. ကြည့်ရတာ
ထိတ်ထိတ်လန့်လန့် တုန်တုန်ရီရီနဲ့.. မျက်နှာတစ်ခုလုံး
ဖြူဖွေးဖျော့တော့လို့.. မျက်လုံးလေးတွေကလဲ ရီဝေညှိုးငယ်စွာနဲ့..
“ တောင်းပန်ပါတယ် ဆရာရယ်.. သမီး အမေ အသည်းအသန် ဖျားနေလို့ပါ.. သူဟာ သေလုမျောပါး ဖြစ်နေပါတယ်.. အမေ့ကို ကယ်ပါဦး ဆရာရယ်.. အိမ်ကို လိုက်ပြီး
အမေ့ကို ကုပေးပါနော်…”
“ ဆရာက ဘယ်အိမ်ကိုမှ လိုက်မကုပါဘူး.. သမီးအမေကိုသာ ဒီဆေးခန်းကို ခေါ်လာခဲ့ပါကွယ်.. ”
“ဆရာရယ် အမေက ဘယ်လိုမှ မထနိုင်လို့ပါ.. ဆရာသာ လိုက်မကြည့်ဘူးဆိုရင် သမီးအမေ သေရပါတော့မယ်.. သမီးကို သနားသဖြင့်လိုက်ကြည့်ပေးပါ ဆရာရယ်.. သမီး
တောင်းပန်ပါတယ်နော်.. ”
ကလေးမလေးရဲ့ မျက်ဝန်းထဲမှာ မျက်ရည်ဥလေးများ တစ်လိမ့်လိမ့် ကျဆင်းလာရင်း နှုတ်မှလည်း အဆက်မပြတ်
တိုးလျှိုးတောင်းပန်သံလေးက သနားစဖွယ်.. ကျွန်တော့် နှလုံးသားထဲက ကြင်နာ
သနားစိတ်တွေ ယိုဖိတ်လာတာနဲ့ ကလေးမလေးရဲ့ အိမ်ကို လိုက်သွားကြည့်ဖို့
ဆုံးဖြတ်လိုက်ပါတယ်..
ဆေးအိတ်ကို ကောက်ကိုင်လိုက်ရင်း ကလေးမလေးကို ရှေ့ကနေ လမ်းပြဖို့ပြောလိုက်တော့ ၀မ်းသာစိတ်နဲ့ လက်ခနဲဖြစ်သွားတဲ့
သူမရဲ့မျက်လုံးလေးတွေက ချစ်စရာ… ကလေးမလေးက ဦးဆောင်ပြီး သူမအိမ်ရှိရာ လမ်းအတိုင်း
လျှောက်လာကြပါတယ်.. ၁၀ မိနစ်ခန့် လျှောက်လာပြီးနောက် အိမ်ကလေး တစ်လုံးရှေ့
အရောက်မှာ အိမ်တံခါးကို ဆွဲဖွင့်လိုက်ပြီး ကျွန်တော့ကို အရင်ဝင်စေပါတယ်..
ကျွန်တော် အိမ်ထဲကို ရောက်သွားချိန်မှာ အိပ်ရာ ခပ်နွမ်းနွမ်းလေးထက်မှာ
လှဲလျောင်းနေတဲ့ လူနာကို တွေ့လိုက် ရပါတယ်.. တော်တော်လေးကို နေမကောင်း
ဖြစ်နေပုံပါ.. တစ်ကိုယ်လုံးလဲ ခြစ်ခြစ်တောက် ပူကျစ်နေပါတယ်.. လူနာဟာ
သူ့လက်ကိုတောင် အပေါ်မြှောက်နိုင်တဲ့ အင်အားမရှိတော့ပါဘူး.. ဒါပေမဲ့ လူနာရဲ့
မျက်လုံးတွေက ဆရာဝန် ရဲ့ အကူအညီကို အသည်းအသန် လိုအပ်နေကြောင်းကို
ဖော်ပြနေတယ်.. သူမကို ကယ်တင်ဖို့ တောင်းပန်နေတဲ့ အရိပ်အယောင် တွေကိုလဲ
အတိုင်းသား မြင်နေရပါတယ်..
ကျွန်တော် လူနာအမျိုးသမီးကို လိုအပ်တဲ့ ဆေးကုသမှုကို ပေးဖို့ အမြန်ဆုံး ဆောင်ရွက် ပါတော့တယ်.. ထူးဆန်းတာက ခုနက ကျွန်တော့်ကို
တောင်းတောင်းပန်ပန်နဲ့ လာခေါ်တဲ့ ကလေးလေးကို လုံးဝ ထပ်မတွေ့ရတော့ပါဘူး…
တစ်အိမ်လုံးမှာလည်း အခြားအိမ်သား တစ်ယောက်တစ်လေကိုမှ ကျွန်တော်
မတွေ့မိပါဘူး.. တကယ်လို့ ဒီညသာ ကျွန်တော် ရောက်မလာဘူးဆိုရင်
လူနာအမျိုးသမီးဟာ အသက် ဆုံးရှုံးကောင်း ဆုံးရှုံးသွားနိုင်ပါတယ်.. သူ့အဖျားက
အတော်ကို စိုးရိမ်ရတဲ့ အခြေအနေမျိုးပါ.. အဖျားကျအောင် တစ်ညလုံးနီးပါး
ကျွန်တော် ကြိုးစားပမ်းစား ကုသလိုက်ရပါတယ်.. မနက်မိုးလင်းခါနီးမှ လူနာဟာ
စိတ်ချရတဲ့ အနေအထားကို ရောက်လာပါတယ်.. ကျွန်တော်က လူနာအမျိုးသမီးကို
အိမ်ပြန်တော့မဲ့အကြောင်းနဲ့ ညနေပိုင်းလောက်မှ တစ်ခေါက်
ပြန်လာကြည့်မဲ့အကြောင်း ပြောလိုက်ပါတယ်… ပြီးတော့ ဆေးအိတ်ကို ဆွဲပြီး
အိမ်ပြန်လာခဲ့ပါတယ်..
ညနေပိုင်း ဆေးခန်းမဖွင့်ခင် လူနာအိမ်ကို ကျွန်တော် ပြန်ရောက်သွားပြီး လူနာကို လိုအပ်တဲ့ စစ်ဆေးမှုများ ပြုလုပ်ပါတယ်.. တော်တော်လေး အခြေအနေ
ကောင်းသွားပါပြီ.. ခုတော့ လူနာဟာ စကားလဲ ကောင်းမွန်စွာ ပြောနိုင်တဲ့
အနေအထား ရောက်နေပါပြီ.. တစ်ညလုံး ကုသပေးခဲ့တဲ့ အတွက် လူနာက ကျွန်တော့်ကို
ကျေးဇူးစကား အထပ်ထပ်ဆိုပါတယ်.. ကျွန်တော်က ပြန်ပြောလိုက်ပါတယ်..
“ တကယ်လို့ ကလေးမလေးသာ လာမခေါ်ရင် အဒေါ်ဟာ သေတောင် သေသွားနိုင်ပါတယ်.. သူ့ရဲ့ သနားစရာ တောင်းပန်မှု ကြောင့်သာ မဟုတ်ရင် ကျွန်တော် ဒီကို ရောက်လာစရာ
အကြောင်းမရှိပါဘူး… သိပ်လိမ္မာ သိတတ်တဲ့ ကလေးလေးပါဘဲဗျာ.. မိဘအပေါ်
သိပ်သိတတ်တဲ့ ဒီလို ကလေးမျိုး မွေးထားရတာ အဒေါ်ဘယ်လောက်များ
ဂုဏ်ယူလိုက်မလဲနော် ”
ကျွန်တော့စကားကြားတဲ့ လူနာအမျိုးသမီးရဲ့ မျက်နှာပြင်မှာ အပြောင်းအလဲများစွာနဲ့ အံ့သြတဲ့ အရိပ်အယောင်များ ဖြတ်ပြေးသွားပါတယ်..
အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားပြီးတော့မှ စကားသံ ထွက်လာပါတယ်..
“ဆရာ.. ကျွန်မသမီးလေးက ဆုံးသွားတာ ၃နှစ်တောင် ရှိပါပြီ.. ဟိုနံရံမှာ ချိတ်ထားတဲ့
ပုံဟာ သမီးလေးပုံပါ… ဆရာ ကျွန်မသမီးလေးကို သိလို့လားဟင်.. ”
ကျွန်တော် ထိုင်ရာက ထပြီး နံရံမှာ ချိတ်ထားတဲ့ ဓာတ်ပုံအနီးကို တိုးကပ်ပြီး သေချာအောင် ကြည့်လိုက် မိပါတယ်.. သေချာပါတယ်.. ဒီကလေးမဟာ
မနေ့ညက ကျွန်တော့ဆေးခန်း တံခါးကို ခေါက်ပြီး ကျွန်တော့်ကို ဒီရောက်အောင်
ခေါ်လာတဲ့ကလေးမလေးပါဘဲ.. ဒီရုပ်လေးကို ကျွန်တော်မှားစရာ အကြောင်းမရှိပါ..
ထူးဆန်း အံ့သြစိတ်တွေနဲ့ လှုပ်ရှားမှုကင်းမဲ့စွာ ဓာတ်ပုံရှေ့မှာ အကြာကြီး
ရပ်နေမိပါတယ်.. ပြီးတော့ လေးလေး နက်နက် စဉ်းစားနေမိတယ်.. မနေ့ညက
တံခါးခေါက်သံဟာ ခုချိန်ထိ သူ့အာရုံမှာ ထင်ထင်ရှားရှား ရှိနေတုန်း ပါ..
သူ့ကို ကလေးမလေးဟာ ဒီနေရာထိအောင် ခေါ်လာတယ် ဆိုတာလဲ သူ့အနေနဲ့ မမှတ်မိစရာ
မရှိပါ..
အင်း… ဒါဟာ မေတ္တာတရားရဲ့ ထူးခြားဆန်းကျယ်မှုဘဲ ဖြစ်မှာပါ.. ခေါင်းကို တစ်ဆတ်ဆတ် ငြိမ့်မိရင်း ကျွန်တော် တစ်ချက် ပြုံးလိုက်မိပါတယ်..
အဒေါ်ကြီးကိုတော့ ကလေးမလေး အကြောင်း ဘာမှ ထပ်မပြောမိတော့ပါဘူး..
တစ်ခါတစ်လေမှာတော့ သိပ္ပံပညာက လိုက်မမီတဲ့ အရာတွေဟာ ဒီလောကကြီးထဲမှာ
ရှိနေတတ်တယ်ဆိုတာ သူလက်ခံလိုက်မိပါတယ်…
—————————————————————————————————————–
ဒီဇာတ်လမ်းလေးကတော့ မယုံနိုင်စရာကောင်းလောက်အောင် ထူးခြားဆန်းကျယ် လေးနက်တဲ့ မေတ္တာရဲ့ သဘောတရားကို ဖော်ပြနေပါတယ်.. မိဘက သားသမီးအပေါ် ထားတဲ့ မေတ္တာဟာ အတုမရှိ
လေးနက်သလို သားသမီးက မိဘအပေါ်ထားတဲ့ အချစ်ကလဲ နက်ရှိုင်းကျယ်ဝန်း လှပါတယ်..
ဒီဇာတ်လမ်းမှာ သေသွားပြီး တာတောင်မှ မိဘအပေါ် ကူညီစောင့်ရှောက်နေသေးတဲ့
သမီးလေးတစ်ယောက်ရဲ့ အံ့သြ ဆန်းကျယ်တဲ့ မေတ္တာစိတ်ကလေးကို စာဖတ်သူများ
သတိပြုမိနိုင်ရန်အတွက် ဖော်ပြပေး လိုက်ပါတယ်..
(သူငယ်ချင်းတယောက် share ပေးထားတာပါ )
Thursday, March 3, 2011
သွေးပျက် ကဗျာ
Hot Comments
မင်းနဲ့ ငါကြား   အေးခဲသွားတဲ့ 
နှလုံးသွေးတွေကြောင့် ....
.....တစုံတယောက်ရဲ့
ပြုစားမှုအောက်မှာ...
ငါ  သွေးရူးသွေးတန်း
ကဗျာတွေး ရမ်းရေးနေရပြီ...
ဒီဘာမဟုတ်တဲ့ 
ကဗျာတပုဒ်ကို  ငါမဟုတ်တဲ့ 
ငါတယောက် ရေးနေသလိုဘဲ.....
ငါဆိုတဲ့  ဒီကောင်ဟာ
ကိုယ်အတ္တကို ကိုယ်ကျောပိုး
ကိုယ်လှေ ကိုယ်ထိုးပြီ
ရှေ့ လျောက်မရသေးတဲ့ ကောင်ပါ......
နှစ်တွေ တနှစ်ပြီ
အသက်တွေတနှစ်ကြီးလည်း
ခလေးတယောက်လိုပါဘဲ....
ကောင်းကင်မဲ့သူများ
ဒီလိုဘ၀မျိုးများကိုကျွန်တော်နားလည်ပေးရအောင်ဗျာ...
Tuesday, March 1, 2011
စင်္ကာပုမှ အမှတ်တရ အလုပ်သမားဘဝ
အချိန် – နံနက် ၅း၃၀
နေရာ – Singapore ဟု ခေါ်တွင်သောအရပ်
စံမြန်းရာ သာစွဌာနေ Limchukang တောအုပ်ကြီးထဲမှာ ခန့်ညားစွာ ဆောက်လုပ်ထားတဲ့ အလုပ်သမားဆောင်ကြီးက အခန်းတစ်ခန်းထဲကနေ ကျွန်တော်နဲ့ အမြဲအတူရှိနေပေးတဲ့ ကြမ်းပိုးတွေ၊ လူသားစား ပိုးဟပ်ပေါက်စနလေးတွေကို စိတ်မကောင်းစွာနှုတ်ဆက်ရင်း India တွေ၊ ဘင်္ဂလားတွေ တရုန်းရုန်းနဲ့ရှိနေတဲ့ ရေချိုးခန်းမှာ မျက်နှာသစ်ဖို့တစ်နေရာကို လုရတာပေါ့လေ။  ဒီလိုနဲ့တိုးဝှေ့ပြီး ကိုယ့်မျက်နှာဟောင်းကြီးကို သစ်လာမလားလို့ ရေနဲ့ ဆေးကြောပြီးသကာလ အပြာရောင်လို့ မနည်းသေချာပြောယူရတဲ့ Uniform ကို ကသုတ်ကရိုက်ဝတ်၊ ညကတည်းက ပြင်ဆင်ထားတဲ့ ထမင်းဘူးနဲ့ ကိုယ့်အထုပ်လေးကို ကိုယ်ဆွဲပြီး အကြိုတော်ထောက်နေမယ့် စီးတော်ယာဉ် Lorry ကားကြီးမှာ ထိုင်စရာတစ်နေရာမရမှာစိုးလို့ အပြေးတစ်ပိုင်းခြေလှမ်းလေးနဲ့ တောအုပ်ကြီးကို နောက်မှာလွှင့်ပစ်ထားခဲ့ရတယ်။
အချိန် – နံနက် ၆း၀၀
ဟော… ရောက်လာပါပြီဗျာ၊ တစ်နေ့တာငရဲခံရမယ့် Jurong Shipyard ဆိုတဲ့ဆိုင်းဘုတ်ကြီးက မနက်စောစော သုန်မှုန်နေတဲ့၊ အိပ်ချင်နေတဲ့ မျက်လုံးကြီးတွေနဲ့ ဆီးကြိုလို့နေတာပေါ့။ ပုံမှန်ဖြတ်သန်းနေကျ နေ့တစ်နေ့လိုပါပဲ၊ တိုကင်ပြားလေးတွေ တစ်ဖက်ကကိုင်၊ တစ်ဖက်က Punch Card လေးကိုကိုင်ရင်းနဲ့ တအိအိနဲ့ ပျင်းရိပျင်းတွဲရွေ့လျားနေတဲ့ လူရထားတွဲကြီးမှာ ကိုယ့်ကိုယ်ကို စီးမျောစေရင်းနဲ့ နာရီဝက်အကြာမှာတော့ ကိုက် တစ်ရာခန့်အကွာအဝေးကို ကျော်ဖြတ်ခဲ့ပြီး ကျယ်ဝန်းလှတဲ့ သဘောင်္ကျင်းကြီးထဲမှာ မနက်ခင်း Meeting နဲ့အနီးဆုံးနေရာကို ရောက်အောင်ပြေးရတယ်။ တော်ကြာနေ တစ်ရေးအိပ်စရာနေရာကောင်းကောင်းမရမှာလဲ စိုးသားဗျ။ ကိုင်း…. တွေ့ပါပြီဗျာ၊ လေလေးတစ်ဖြူးဖြူးနဲ့ ညီညာတဲ့ မြေနေရာလေးတစ်ခု။ ဒီလိုပဲအိပ်လိုက်တော့မယ်လေ.. ဟဲဟဲ
အချိန် – နံနက် ၇း၃၀
ကြားတစ်ချက်မကြားတစ်ချက် Speaker ကထွက်ပေါ်လာတဲ့ သီချင်းသံပျင်းရိပျင်းတွဲကြီးကိုနားထောင်ရင်း ခြေထောက်လေးနည်းနည်းလှုပ်၊ လက်ကလေးနည်းနည်းမြှောက်လိုက်နဲ့ လေ့ကျင့်ခန်းလုပ်လိုက်တာ… တစ်ကယ်ဗျာ.. တော်တော်လန်းဆန်းသွားတာ(မျက်လုံးတွေတောင် ပြန်စင်းလာတယ်)။ ပြီးတာနဲ့ ၈း၀၀ မထိုးမချင်း ဘာပြောမှန်းသေချာနားမလည်ပဲForeman မလေး-တရုတ်ကြီးရဲ့မျက်နှာကိုတစိမ့်စိမ့်ကြည့်ပြီး သူပြောချင်တာလျှောက်ပြောနေတာကို သည်းညည်းခံနားထောင်နေရတယ်လေ။ ခုလို မျက်နှာပေးလေးတွေနဲ့…………….        
အချိန် – နံနက် ၈း၀၀
ပျင်းရိပျင်းတွဲ၊ လေးတိလေးကန်ခြေလှမ်းတွေနဲ့ လုပ်ငန်းခွင်ရှိရာ ရေနံတူးစင် တစ်ပိုင်းတစ်စကြီးပေါ်ကို သံတိုသံစတွေ၊ တိုလီမုတ်စတွေ သယ်ပြီးတော့ လှေကားထစ်တွေကို တစ်လှမ်းချင်းစီနင်း၊ ရှုချင်စရာ နေရာကောင်းကောင်းမရှိတဲ့ ပါတ်ဝန်းကျင်ကိုငေးမောရင်း ရောက်ခဲ့တာ ခုလို ၀တ်စုံပြည့်လေးနဲ
အချိန် – ညနေ ၆း၀၀
တစ်နေ့တာအလုပ်ချိန်ပြီးပါပြီ၊ OT ကလဲမရှိတော့ ဒီနေ့တော့ စောစောပြန်ဖြစ်ဦးမှာပေါ့.. ကိုင်း ကိုက်၁၀၀ ခန့်အကွာအဝေးကို တစ်နာရီလောက် ခုလိုလေးတိုးလိုက်ဦးမယ်
အချိန် – ညနေ ၆း၄၅
တစ်နေကုန် ပင်ပန်းထားသမျှကို ခုလိုအပြင်ကလေထုရှူရမှပဲ အမောပြေသွားသလိုတော့ ရှိသား။ စီးတော်ယာဉ် Lorry ကြီးကလဲ ပေါ်မလာသေးတာကြောင့် လူသားပီသတဲ့ လူသားတစ်ယောက်အနေနဲ့မဟာ ပထ၀ီမြေကြီးနဲ့နီးစပ်အောင် အားပါးတရထိုင်ချရင်း ငေးစရာကောင်မလေးတစ်ယောက်မှ မရှိတဲ့ လမ်းမကြီးကို မျက်နှာမူရင်း စောင့်နေရတာ တစ်ခါတစ်လေများ မိုးက အငြိုးနဲ့ ရွာချတတ်ပြန်သေးတယ်ဒီလိုနဲ့… ဒီလိုနဲ့… သာယာရှုမောဖွယ်ရာ စိမ်းလန်းမြိုင်ကြီးထဲကို ရောက်ရှိပြီးသကာလ၊ ရေချိုးရန်တိုး၊ ဈေးဝယ်ရန်တိုး၊ ဟင်းချက်ရန်တိုး၊ အ၀တ်လျှော်ရန်တိုး၊ အကုန်လုံးကို တိုးဝှေ့ကျော်ဖြတ်ပြီး အားလုံးပြီးပြီ၊ လွတ်လွတ်လပ်လပ် အနားယူတော့မယ်ဆိုပြီး နာရီကိုကြည့်လိုက်မိတော့ သြော်…. သန်းခေါင်တောင် ကျော်ပါပေါ့လား…………
(တစ်ချိန်တုန်းက စင်္ကာပူအလုပ်သမားဘ၀ အမှတ်တရပုံရိပ်များပါ)