သမီးတို့နေထိုင်ရာအရပ်က ရန်ကုန် မြို့ရဲ့ ဆင်ခြေဖုံး တစ်နေရာမှာ။ အဖေ က အစိုးရ ၀န်ထမ်းကနေ ထွက်ပြီး ဆင်ခြေဖုံးရဲ့ ကျူရှင်ဆရာ အဖြစ်နဲ့ သမီးတို့မိသားစုကို စောင့်ရှောက်ခဲ့ တာပါ။ အမေက အစိုးရအလုပ်ကနေ
ကျန်းမာရေးအရ ထွက်ခဲ့တဲ့ ဆေးပင်စင်စား တစ်ယောက်။အဖေရဲ့ လုပ်ငန်းကတော့ တတ်နိုင်တဲ့သူတွေစီက သင့်တော်တဲ့ ကျူရှင်ခယူတယ်။ မတတ်နိုင်သူတွေဆိုရင် လခမယူဘူး။ နှစ်ပေါက်တဲ့အထိ ဆယ်တန်းအောင် သွားတဲ့အထိ တာဝန်ယူပြီး သင်ပေးတယ်။ ဒီအပြင် တက္ကသိုလ် ပထမနှစ်၊ ဒုတိယနှစ် ရောက်သွားတဲ့ ကျောင်းသားတွေဆို မပြတ်သေးသော သံယောဇဉ်နဲ့ အခမဲ့ စာဆက်သင် ပေးနေသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မေတ္တာ စေတနာတွေ နဲ့ရောပြွမ်းနေတဲ့ အဖေရဲ့ ကျူရှင် ကျောင်းကလေးက အတော်လေးကို ၀န်းကျင်အတိုင်းအတာ တစ်ခုအရ တော့ လူသိများ ထင်ရှားလာတယ်။
အဖေ့ကျောင်းထွက် ဆေးကျောင်းတက် ၊ အင်ဂျင်နီယာ ပညာသင်တွေ အတော်ကလေးရှိနေပြီး၊ သမီးတို့ အမေလည်း ရွှေစရွှေနလေးတွေ လည်မှာဝဲ လက်မှာတွဲလို့…။ ကျောင်းပိတ်ရက်တွေဆို သမီးတို့ မိသားစု ၅ ယောက်ရဲ့ အပန်းဖြေ ခရီး တွေ၊ ဘုရားဖူး ခရီးတွေနဲ့ သမီးတို့မိသားစု ကမ္ဘာလေးဟာ လှပတဲ့ အိမ်မက်ပမာလို့ ပြောရင် ရမလားပဲ။
နောက်ထပ် သမီးတို့ မိသားစုထဲ ထူးထူးခြားခြား မောင်လေးနှင့် ညီမလေး အမြွှာလေးတွေ ရောက်လာကြတော့လည်း ၀မ်းသာမဆုံး ချစ်ကြရပြန်ပါတယ်။ အဖေဟာ စာသင်တာအပြင် ဘာတွေ လုပ်တယ်ဆိုတာတော့ သမီးတို့ မသိပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖေ အပါအ၀င် အိမ်လာဖူးတဲ့ မိတ်ဆွေတွေ စုပေါင်းရိုက်ထားတဲ့ ဓါတ်ပုံတစ်ပုံတော့ အဖေရဲ့ ဒိုင်ယာရီထဲ တွေ့ခဲ့ဖူးပါတယ်။
ဒီလိုနဲ့ ၁၉၉၆ခုနှစ် သြဂုတ်လ ၁၂ရက်နေ့ည။ သမီးတို့မိသားစုရဲ့ လှပတဲ့ အိမ်မက်ကလေး တစ်စစီ ကြေမွလွင့်ပြယ် သွားတဲ့နေ့ပါပဲ။ သမီးအသက် ၁၁နှစ်၊ ၆တန်း စတက်တဲ့နှစ်။ ည ၈ နာရီလောက်မှာ တစ်ခါမှမမြင်ဖူးတဲ့ လူစိမ်းတချို့ အဖေ့ နာမည်မေးပြီး အိမ်ထဲဝင်လာပါတယ်။ အဖေက အပေါ်ထပ်မှာ စာသင်နေတယ်။ အောက်မှာ လူသံကြားရလို့နဲ့တူတယ်၊ အဖေ ဆင်းလာပါတယ်။
အဖေက ဘာကိစ္စလဲ မေးကြည့်တော့ လူစိမ်းတွေထဲက ခပ်ကြီးကြီး တစ်ယောက်က ဆရာ သိမှာပါလို့ ဆိုပြီး.... ကျန်တဲ့ အသံကိုတော့ သမီးတို့ ဆက်မကြားရတော့ပါ။ ခပ်တိုးတိုးပဲ အဖေနဲ့ ပြောနေကြပါတယ်။ ပြီးတော့ အဖေ့အိပ်ရာကို ပြခိုင်းပြီး ၀င်ရောက်ရှာဖွေကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ပါတဲ့ ဓါတ်ပုံတွေ စာအုပ်စင်က စာအုပ်တချို့ ဆွဲထုတ်ယူကြတယ်။ ပြီးတော့ ခုနက လူကြီးကြီးက ကဲဗျာ... အင်္ကျီ နှစ်စုံလောက်ထည့် သွားတိုက်ဆေးတွေပါယူ၊ နှစ်ညလောက်တော့ ကြာမယ်၊ ခဏ လိုက်ခဲ့ပါတဲ့..။
သမီးတို့လည်း အဖေ့အတွက် ပစ္စည်းတွေကို အဖေ့ လွယ်အိတ်ထဲ ထည့်ပေးလိုက်တယ်။ အဖေ့ကို သူတို့ ခေါ်သွားကြပါပြီ။ နှစ်ညပြီးရင် အဖေ ပြန်လာလိမ့်မယ်လို့ သမီးတို့တတွေ မျှော်လင့်နေကြပါတယ်။ ပုံမှန်အတိုင်း ကျောင်းသွား ကျောင်းတက်ပါပဲ။ နှစ်ညကျော်လို့ သုံးညရောက်လည်း အဖေ ပေါ်မလာ၊ အမေ့မျက်နှာက အရင်လို မကြည်လင်တော့ပါ။ အမေ့ မျက်နှာမှာ နေ့တိုင်း မျက်ရည်တွေစီးလို့။ သမီးတို့လည်းအမေ့ကိုကြည့်ပြီး ငိုနေမိပါတယ်။ သမီးတို့ သုံးယောက်ကိုတော့ အမေက နေ့စဉ်မပျက် ကျောင်းကိုသွားဖို့သာ တိုက်တွန်းပါတယ်။ အမေ့ ဆန္ဒအတိုင်း သမီးတို့ ကျောင်းတက် မပျက်ခဲ့ပါ။
အဖေ အိမ်က ထွက်သွားပြီး နှစ်လ အကြာမှာတော့ အဖေ ထောင် ၁၃ နှစ်ကျသွားပြီ ဆိုတာ ကြားရတော့တာပါပဲ။ သမီး တို့ စားဖို့ သောက်ဖို့ ငွေရှာ ပေးနေတဲ့ အဖေ၊ သမီး တို့ ပျော်ပျော်ရွှင်ရွှင် နေထိုင်နေရတဲ့ မိသားစု ဘ၀ကို ဖန်းတီး ပေးတဲ့ အရှင်သခင်၊ အခု အဖေ သမီးတို့ အနားမှာ မရှိဘဲ ဘယ်ရောက်နေပြီလဲ...။ အဖေနဲ့သမီးတို့ မိသားစု ၁၃ နှစ်ကြာ ကံမကုန်မှ ပြန်ဆုံကြရမယ့် အဖြစ်၊ သမီးတို့ ကို ဘယ်သူက လာရောက် ရှာဖွေကျွေးမှာတဲ့လဲ။ သမီးတို့ ပညာတွေကော ဘယ်လိုလဲ၊ သမီးတို့ ကမ္ဘာလေးတော့ ပျက်ပါပြီ။
၈လ သားအရွယ် အမြွှာမောင်လေးနှင့် ညီမလေးကတော့ဘာမှမသိ။ အရင်က အမြဲရှင်းသန့်နေတဲ့ အမေ့မျက်နှာ ရွှေလ၀န်းဟာ နေ့စဉ်နဲ့အမျှ မျက်ရည် စီးကြောင်း တွေ….။ အမေ့ ခန္ဓာကိုယ်ဟာ ပိန်လီ ဖျော့တော့။ သမီးတို့ဘ၀ ဘယ်ကမ်းဆိုက်မှာလဲ ကမ်းမမြင်ဘ၀။ မူးဝေနောက်ကျိ့။ တခါတခါ သတိ များပင်မရှိတော့သလို….။
အဖေလို စိတ်ဓါတ်ရှိတဲ့သူ၊ အဖေကို လေးစားတဲ့သူ တစ်ယောက် နှစ်ယောက်လောက်က အဖေ့ရဲ့ လက်ရှိ ကျူရှင်ကို ဆက်ထိန်းပေးပြီး ကယ်တင် ပေးခဲ့ပါတယ်။ အဖေ့နာမည်နဲ့တော့ ကျူရှင်ဖွင့်ခွင့် မရတော့ပါဘူး။ ဒါပေမဲ့ အဖေ ရှိစဉ်တုန်းကလိုတော့ ပျော်စရာတွေ မရှိတော့ဘူး။ စားချင်တာလည်း လုံလုံလောက်လောက် စားလို့ မရတော့ ဘူး။ မလောက်မင ဘ၀နဲ့ အကြွေးတွေတင်။ အဖေ ရှိစဉ် အရင်ကလို ကျူရှင်မဟုတ်တော့ဘဲ၊ ကျူရှင်က တစစနဲ့ ခြောက်ကပ် လာခဲ့ပါတယ်။ နောက်ဆုံးတော့ ဆရာတွေကိုလည်း အားနာတာနဲ့ ကျူရှင်ပိတ်ပြီး အဖေ့ ရဲဘော် တချို့ရဲ့ အကူအညီနဲ့ အမျိုးသမီးများ တည်းခိုရာ ဘော်ဒါဆောင်ဖွင့်ပြီး မိသားစုရဲ့ နေ့စဉ် အသက်ရှင်ဖို့ ပြဿနာကို ဆက်လက် ဖြေရှင်းကြရပြန်ပါတယ်။
အဖေ အင်းစိန်ထောင်မှာ တစ်နှစ်နေခဲ့ရစဉ် ကာလမှာလဲ အမေဟာ အိမ်တွင်း ခြိုးခြံချွေတာပြီး ၀တ္တရားမပြတ် အမြွှာကလေး တစ်ယောက်ကို သမီးထက် အကြီးဖြစ်သူ `မ၀ါကြီး´ ၈တန်း ကျောင်းသူနဲ့ အိမ်မှာထား၊ ကျန်တစ်ယောက်ကို ရင်ခွင်ပိုက်လို့ သမီးနဲ့ သမီး ညီမ အငယ်လေး တို့ဟာ အဖေ့ဆီ ထောင်ဝင်စာ သွားတွေ့ကြရတယ်။ နောက်တော့ အဖေ့ကို တောင်ငူထောင်ဆီ ပြောင်းရွှေ့လိုက်လို့ ဘယ်တစ်ခါမှ မရောက်ဖူးသော တောင်ငူကို အမေက ကြားကြားခြင်း သမီးတို့ မောင်နှမတွေ ကိုထားခဲ့ပြီး လိုက်သွားပါတော့တယ်။ အမြွှာတစ်ယောက်ကိုတော့ခေါ်သွားပြီး တစ်ယောက်ကိုတော့ နို့ဘူးနဲ့ သမီးတို့ ညီအမတွေ ဆီမှာပဲ ထားခဲ့ပါတယ်။ အမေဟာ ညဘက် ရထားစီး တစ်ညအိပ်ခရီးနဲ့ နောက်နေ့ ညဘက် သန်းခေါင် သို့မဟုတ် သန်းခေါင် ကျော်ကျော်လောက်မှာ သမီးတို့ ဆီပြန်ရောက်လာပါတယ်။
ဒီကာလ ညတွေအတွက် သမီးတို့ ညီမ သုံးယောက်နဲ့ အမြွှာကလေး တစ်ဦးတို့ဟာ အမေ ပြန်အလာကို မျှော်ရင်း ကျော်ဖြတ်ခဲ့ရတဲ့ ရက်တွေကို လက်ချိုးရေ ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သမီးတို့ အကြီးသုံးယောက်ကို အလှည့်ကျ တစ်ယောက်စီ ထောင်ဝင်စာ သွားတွေ့တိုင်း ခေါ်သွားတတ်ပြန်ပါတယ်။ အဖေကို တွေ့ ချင်ကြတဲ့ သမီးတို့ အတွက် အဖေကိုတွေ့ ခဲ့ ရပါတယ်။ ကားစီးရတဲ့ အခါမျိုးတွေလည်း ရှိခဲ့တယ်။
တခါတရံ ညနေပိုင်း ကားစီးဖြစ်ရင် တောင်ငူကို ည နှစ်နာရီကျော်လောက် ရောက်တတ်တယ်။ တည်းခိုခန်းခ မတတ်နိုင်တဲ့ သမီးတို့ မိသားစုအတွက်တော့ တောင်ငူဘူတာရဲ့ ထိုင်ခုံတွေ၊ တခါတရံ ညလုံးပေါက်ဖွင့်တဲ့ လက်ဘက်ရည်ဆိုင်တွေ၊ တခါတရံတော့ ကားမှတ်တိုင်လို နေရာမျိုးတွေမှာ အသိမရှိတဲ့ သူစိမ်းတရံစာ နယ်မြေမှာ ကြောက်ကြောက်လန့်လန့်နဲ့ပဲ မနက်နေအထွက်ကို စောင့်မျှော်ရင်း အချိန်ကုန်ခဲ့ရပါတယ်။
တောင်ငူရာသီဟာ ပူရင် အလွန်ပူပြီး၊ အေးရင် အလွန်အမင်း အေးတတ်ပါတယ်။ ဆောင်းရာသီလို အချိန်အခါကို ခိုက်ခိုက်တုန် ကြုံခဲ့ရတာ မနည်းတော့ပါဘူး။ ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ လောက်မှ ICRC ကမ္ဘာ့ကြက်ခြေနီအဖွဲ့က ထောင်တွင်းနိုင်ငံရေးသမား အကျဉ်းသားတွေကို ၀င်ရောက်တွေ့ဆုံခွင့် ရပြီးတဲ့နောက် သမီးတို့ရဲ့ တစ်လတစ်ခေါက် ပုံမှန်ထောင်ဝင်စာ တွေ့နိုင်ရေးဟာ အနည်းငယ်လေး အဆင်ချောလို့လာပါတယ်။ ICRC က နိုင်ငံရေး အကျဉ်းသားနှင့် မိသားစုများ ပုံမှန်တစ်လတစ်ခေါက် တွေ့ဆုံနိုင်ဖို့ ခရီးစရိတ်နဲ့ တည်းခိုခန်းခတွေ ထုတ်ပေးတဲ့အတွက် ICRCကို သမီးတို့ မိသားစုတွေ ကျေးဇူး အထူးတင်ရပါတယ်။ ICRC မှမကူရင် သမီးတို့နဲ့ အဖေရဲ့ တွေ့ဆုံရေးဟာ နှစ်တွေ ကြာလာသည်နှင့်အမျှ ဝေးကြရတော့မှာပါ။ ICRC ဟာ သမီးတို့အတွက် မုန်တိုင်းတွေကြားထဲက လေပြေအေးကလေး တစ်ခုပေါ့....။
သမီးတို့ ညီအစ်မတွေဟာ ငယ်ငယ်ကတည်းက ကျောင်းမှာ နှစ်စဉ် ဆုရနေကျပါ။ အဖေ ထောင်ကျသွားပေမယ့်လည်း ဆုရမပျက်ပါ။ ဒါပေမဲ့ အဖေ မရှိတဲ့ အချိန်တွေမှာ၊ ကျောင်းဆုပေးပွဲ တက်ဖို့တောင် သမီးတို့မှာ ၀တ်စားစရာ ပြောင်ပြောင်ရောင်ရောင်မရှိ၊ မ၀ယ်နိုင်တာကြောင့် ဆုပေးပွဲ အခမ်းအနားမှာ ဆုတက်မယူဖြစ်ကြတော့ပါ။
ဒီလိုနဲ့သမီး ကိုးတန်းကို ရောက်လာတယ်။ သူများတွေ ကျူရှင်ယူကြတယ်။ သမီးမယူနိုင်ဘူး။ ကျောင်းပုံမှန် တက်ပေမယ့် စာတွေကများပြီး နားမလည်တာက တနေ့တခြား တိုးလာနေတယ်။ ဒါပေမယ့် သမီးစိတ်ဓာတ်မကျဘဲ စွမ်းအားရှိသလောက် ကြိုးစားခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ ဒီအတန်းကို သမီးအောင်ခဲ့ပါတယ်။ အဲဒီ နှစ်မှာပဲ သမီး အစ်မ ၀ါကြီးလည်း ဆယ်တန်းကို သင်္ချာဂုဏ်ထူးဖြင့် အောင်ခဲ့ပါတယ်။ ရှစ်တန်းတုန်းက ငါးဘာသာ ဂုဏ်ထူးရခဲ့တဲ့ သမီးအစ်မဟာ အခုတော့ သင်္ချာ တစ်ဘာသာနဲ့ပဲ နှစ်သိမ့်လိုက်ရပါတယ်။ အဖေသာရှိမယ်ဆိုရင် အဖေသင်တဲ့ ရူပ၊ ဓာတုဗေဒ ပညာတွေမှာ သမီးတို့တတွေ ဂုဏ်ထူးရ ရမှာ အသေအချာပါ။ အခုတော့ သမီးတို့ဘ၀ ကံဆိုးပုံက ကိုယ့်အဖေနဲ့ စာမသင်လိုက်ရတဲ့ ဘ၀ပါ။ အဖေကလည်း ဒါကိုပဲ ၀မ်းနည်းမဆုံး ဖြစ်ခဲ့ရတာ ယနေ့ထိတိုင်ပါပဲ။
ဆယ်တန်းအောင်သွားတဲ့ အစ်မ၀ါကြီးဟာ သမီးတို့ စာဆက်သင်နိုင်ရေးနဲ့ မိသားစုအတွက် အပြင်မှာ အလုပ်လုပ်ရင်း စာပေးစာယူသင်တန်းနဲ့သာ ပညာဆက်ခဲ့ရပါတယ်။ သမီးတို့ တိုင်းပြည်ရဲ့ နိမ့်ပါးလှတဲ့ ပညာရေးထဲက အနိမ့်ကျဆုံး တက္ကသိုလ် ပညာရေးပါလို့ အဖေကိုယ်တိုင် စိတ်အပျက်ဆုံးဖြစ်နေတဲ့ စာပေးစာယူကို အဖေ့ သမီးတစ်ယောက်တော့ တက်နေရပြီ အဖေရေ... လို့သာ သမီးအော်ငိုလိုက်ချင်ပါတယ်။
ရာသီတွေပြောင်း နှစ်တွေလည်း ကြာညောင်းခဲ့ပေမယ့် အမေနဲ့ သမီးတို့ရဲ့ ထောင်ဝင်စာ တွေ့ဆုံမှုကတော့ တစ်လတစ်ခါ ပုံမှန်ရောက်ခဲ့ပါတယ်။ နောက်နှစ်မှာ သမီးလည်း ဂုဏ်ထူးမပါ ဗလာကျင်းနဲ့ ဆယ်တန်းအောင်ခဲ့ပါပြီ။ အမှတ်က သိပ်မနည်းလှတဲ့အတွက် GTC ကိုလျှောက်ခဲ့တာ အဆင်ပြေသွားပါတယ်။ အမေက သမီးကို GTC ကျောင်းကို လိုက်အပ်ပေးပါတယ်။ ဒါနဲ့ပဲ သမီးတစ်ယောက် GTC တက်ဖြစ်ပြီမို့ အင်ဂျင်နီယာတစ်ယောက် ဖြစ်ရေးတွေးပြီး သောကတွေကြားက အင်အားအလင်းရောင် တစ်ချက် လက်ခဲ့ပါပြီ။
ရန်ကုန်နှင့် အလှမ်းဝေးတဲ့ မှော်ဘီကို အမေထည့်ပေးထားတဲ့ ထမင်းဘူးဆွဲ၊ မနက်စောစော ကျောင်းကားစီးပြီး နေ့စဉ်တက်ခဲ့ရတယ်။ အစားနည်းတဲ့ သမီးအတွက် ဘာဟင်းရယ်ဆိုတာ မစဉ်းစားမီ ၊ အဖေရှိတုန်းကလို ချေးမများမိခဲ့တာ အတော်ကြာခဲ့ပါပြီ။ ကျောင်းကားပေါ် လှမ်းအတက် ထမင်းဘူးကိုင်ထားတဲ့ လက်အရန်းးမှာ ထွက်လာတဲ့ အသံက `ဂလောက်ဂလောက်..´ ဒါဆိုရင် ငါးခြောက်ကြော်၊ အသံမကြားဘူးဆိုရင် ကြက်ဥ၊ဘဲဥကြော်ပါပဲ။
ဒါကြောင့် ကျောင်းမှာ သူငယ်ချင်း အပေါင်းအသင်း သိပ်မရှာဖြစ်ဘူး။ ထမင်းစားချိန်ဆို တစ်ယောက်ထဲ တစ်နေရာမှာပေါ့။ အဖေရှိစဉ်ကဆို ဘယ်သွားသွား သမီးတို့ ညီအစ်မ သုံးယောက် အမြဲတမ်းပါတယ်။ ရောက်တဲ့နေရာ၊ ရောက်တဲ့ဆိုင်ဝင် ကြိုက်တာစားပဲ။ သမီးတို့ စားချင်တာကို အမြဲဝယ်ကျွေးနေကျ။ ဒါတွေတွေးမိရင် ရင်ထဲမှာ ဆို့နင့်ပြီး မျက်ရည်က ဘယ်လို ကျလာမှန်းမသိတော့ပါဘူး။
ကျောင်းရောက်ပြန်တော့လည်း စာသင်ခန်းဝင်၊ ညနေကျောင်းပြန် အိမ်ပြန်ရောက်ရင် ဘာမျှကို လုပ်ချင်ကိုင်ချင်စိတ်မရှိအောင် တစ်နေ့တာ ပင်ပန်းကြရတဲ့ ပညာရေးပါ။ ပညာလိုချင်လို့သာ သွားကြရတယ် လနှင့်ချီလာတော့ သိပ်မလွယ်လှဘူး။ တချို့ဆိုရင် ကျောင်းမရောက်ကြတော့ဘူး။ ကျောင်းကဝေး၊ မိဘနှင့်ဝေးဆိုတော့ ကျောင်းပျက်ပြီး စာမေးပွဲ ကျကြတယ်။ဒီအဖြစ်မျိုး မဖြစ်အောင် သမီးကြိုးစားပြီး အားယူရပါတယ်။ ဆယ်တန်းတုန်းက ဘယ်လောက်ပဲ ဂုဏ်ထူးတွေရနေပါစေ မှော်ဘီရောက်တော့ ကျစာရင်းထဲ ရောက်သူတွေလည်းရှိပါရဲ့။ ပထမနှစ်တော့ သမီးအောင်မြင်သွားပါပြီ ။ အဲဒီနှစ်မှာ ညီမငယ်လေးလည်း ဆယ်တန်းကို ရူပ၊ ဓာတု နှစ်ဘာသာ ဂုဏ်ထူးနဲ့ အောင်ပြီး ကွန်ပျူတာ တက္ကသိုလ် တက်ခွင့်ရခဲ့ပါတယ်။
ဘယ်လောက်ပင် ဒုက္ခပင်လယ်ဝေပါစေ လှိုင်းတွေကို ကျော်ဖြတ်ခဲ့ပါပြီ။ ဒါပေမဲ့ ဒီလှိုင်းဆိုတဲ့ လောကဓံဟာ တက်လိုက်ကျလိုက်။ အိမ်ရဲ့စီးပွားရေး မပြေလည်မှုတွေ၊ နှစ်တွေကြာညောင်းလို့ အဖေနဲ့ ဝေးနေရတဲ့ဘ၀တွေ၊ အမေရဲ့ ပင်ပန်းရုန်းကန်နေရမှုတွေကို ကြည့်ရင်း သမီးစာသင်လိုတဲ့ စိတ်ဓာတ်တွေကျလာတယ်။ ဒုတိယနှစ်ကို ဖြေခဲ့ပေမယ့် စာမေးပွဲ ကျသွားပါပြီ။ ဒုတိယနှစ်ပြန်တက်ဖို့ ကျောင်းပြန်အပ်တော့လည်း ကျောင်းအပ်ဖို့ ငွေမရှိတော့ လိုက်လံချေးငှားရတဲ့ အချိန်ကြောင့် တစ်လကြာမှ သွားအပ်တော့ ကျောင်းတစ်လ နောက်ကျတဲ့အတွက် ဒီတစ်လအတွင်း ကျောင်းခေါ်ကြိမ် သုညဖြစ်တာမို့ ကျောင်းအပ်ခွင့်မရခဲ့ပါဘူး။ ဒီနှစ်မှာ ကျောင်းနားလိုက်ရ ပါတော့တယ်။ ဒုတိယနှစ်က နှစ်နှစ်ဆက်တိုက် ကျသလိုဖြစ်သွားတဲ့အတွက် အပြင်ဖြေခွင့်သာ ရခဲ့ပါတယ်။ ကျောင်းတက်ခွင့်မရပေမဲ့ ကျောင်းလခနှင့် အခြားစရိတ်ဖိုး ဆိုပြီး ၈၀၀၀ကျပ် နီးပါ သွင်းခဲ့ရပါတယ်။
ကျောင်းမတက်ဖြစ်တော့တဲ့အတွက် အဲဒီနှစ်မှာ သမီးတို့နေထိုင်ရာ သမိုင်းခ၀ဲခြံကနေ ရေလယ်ဘုရားရှိတဲ့ ကျောက်တန်းမြို့အထိ သွားရောက်ပြီး ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုမှာ လျှပ်စစ်အင်ဂျင်နီယာ အနေဖြင့် အလုပ်ဝင်ခဲ့ရပါတယ်။ သမီးတို့ ကျောင်းဆက်တက်နိုင်ဖို့အရေး အမေကလည်း သူ့သူငယ်ချင်းဆီက မြေပဲဆားလှော်တွေ ဖောက်သည်ယူပြီး ဆိုင်တွေ လိုက်စပ်ရတယ်။
သိမ်ကြီးဈေးက သုံးပိဿာအလေးရှိတဲ့ ဖာလာပုံးကို လသာကားဂိတ်ကိုသယ်၊ အိမ်ရောက်ရင် မိသားစုတွေ ဖာလာစေ့ကို အကြီးအသေးရွေးကြရတယ် ရွေးပြီးဖာလာစေ့တွေကို နောက်ရက်တွေမှာ သိမ်ကြီးဈေး ပြန်အပ်ရတာတွေ၊ သမီးညီမငယ်လေးဆို ကျောင်းပိတ်ရက် ဖိနပ်စက်ရုံမှာ သားရေဖိနပ်တွေ အရောင်တင်တဲ့အလုပ် အထည်ချုပ်မှာ အထည်ညှပ်တဲ့အလုပ်ကို ၈တန်းကျောင်းသူဘ၀မှာ လုပ်ခဲ့ရသေးတယ်။ အရွယ်နှင့်မလိုက်အောင် လုပ်ခဲ့ရတော့ တနေကုန်ရပ်ပြီး အထည်ညှပ်ရတော့ ဘယ်ခံနိုင်ပါ့မလဲ နောက်ပြီး ကပ်ကြေးညှပ်ရတော့ လက်မနှင့် လက်ညှိုးတွေမှာ အရေပြားပွန်းပဲ့ကုန်တော့ အိမ်ပြန်ရောက်ရင် သူ့လက်ကလေးတွေကြည့်ရင်း မျက်ရည်ကျမိတာကို မိသားစုတွေပါ မျက်ရည်ကျရပြန်ပါတယ်။
နောက်တစ်နှစ်မှာတော့ ပြင်ပဖြေကို ၀င်ဖြေဖို့အတွက် ဆောက်လုပ်ရေးတုန်းက လစာကိုစုပြီး မေဂျာ ဘာသာရပ်တွေကို ဆရာတွေထံမှာ ကျူရှင်ယူ၊ မိုင်နာ ဘာသာရပ်တွေကို သူငယ်ချင်းတွေမေး ကိုယ်တိုင်လေ့လာယူ ပြင်ပဖြေနဲ့ပဲ အမှတ်ကောင်းကောင်းနဲ့ အောင်ခဲ့တော့ B.Tech တက်ခွင့်ရခဲ့ပါပြီ။ လောကဓံလှိုင်း ပြန်တက်ပြန်ပါပြီ။ အမေ့ရဲ့ ကြိုးပမ်းရှာဖွေမှုကြောင့် အစ်မကြီးဝါ B.A(Eco) ဘွဲ့ကို ဘွဲ့နှင်းသဘင် တက်ယူပေးနိုင်ခဲ့ပါတယ်။ အဖေအမေစုံကြား ဘွဲ့ဝတ်စုံနဲ့ သမီးကိုထားပြီး ဓာတ်ပုံရိုက်နေကြတဲ့ မိသားစုတွေထဲမှာ အဖေမပါဘဲ အမေနှင့် အစ်မ၀ါကြီး ရဲ့ဓာတ်ပုံကိုကြည့်ပြီး သမီးအနေဖြင့် ရင်ထဲမှာဟာတာတာဖြစ်ပြီး မျက်ရည်ကျမိခဲ့ပါတယ်။
ထောင်ဝင်စာကိုတွေ့တိုင်း အဖေပြောတဲ့ စကားရှိတယ်။ အဖေဟာ လူဆိုးဖြစ်လို့ ထောင်ကျတာ မဟုတ်တဲ့အကြောင်း၊ တို့တိုင်းပြည်ကောင်းစားရင် အားလုံးကောင်းစားကြမှာမို့ အချင်းချင်း အာဃာတတွေနဲ့ ရန်သူလို့မမြင်ကြဘဲ စစ်အစိုးရကော အတိုက်အခံပါမကျန် တိုင်းရင်းသားတွေအားလုံး သင့်သင့်မြတ်မြတ် စကားပြောကြပါလို့ စာရေးပြောမိတာနဲ့ အဖေတို့ကို ထောင်ချတာဖြစ်တယ်။ အဖေက စစ်အစိုးရကို တိုက်မယ်ခိုက်မယ် ရိုက်မယ်ပုတ်မယ်လို့ ပြောတာမဟုတ်သလို ဒီလိုစိတ်မျိုးလည်း မရှိဘူး ။ အားလုံးအတူတကွ ချစ်ခင်ကြဖို့သာ တိုက်တွန်းခဲ့တာပါတဲ့။
သမီး တွေးကြည့်မိတာကတော့ အဖေတို့ တိုက်တွန်းချက်ကို သူတို့ မကြိုက်လို့ အဖေတို့ကို ထောင်ချတာပဲပေါ့။ သူတို့ မကြိုက်တာကို ပြောမိလို့ သူတို့က အဖေ့ကို လက်စားချေလိုက်တာလို့ပဲ သမီးထင်မိတယ်။ ငါ့ကို မထိနဲ့ မီးပွင့်သွားမယ်ပေါ့။ ဒါ လူမိုက်တွေရဲ့ စရိုက်ပဲ။ ရက်စက်လိုက်ကြတာများ ဒါဆို အချင်းချင်း မသင့်မြတ်ချင်လို့ ဖြစ်မှာပဲ။ စစ်အစိုးရက ရန်ဖြစ်နေတာက သူ့အတွက် သက်ဆိုးပိုရှည်မယ်လို့ ထင်တယ်နဲ့တူတယ်။ အင်းလေ…… သူ့မှာက လက်နက်တွေ အပြည့်နဲ့ဆိုတော့ ရန်ဖြစ်ရတာ ပိုအားရှိမှာပေါ့။ လက်နက်မရှိတဲ့သူကို ဘယ်ကြောက်ပါ့မလဲ။
ဘယ်လောက်များ ကမ်းကုန်အောင် မိုက်ရိုင်းနေသလဲဆိုရင် ဒီပဲယင်းအရေးအခင်းကိုပဲ ကြည့်လေ..။ လူဆိုးလူမိုက်တွေကို လက်မရွံ့လူသတ်သမားတွေ၊ ငတ်ပြတ်နေလို့ ပိုက်ဆံရရင် ဘာမဆို လုပ်ပါ့မယ်ဆိုတဲ့ ကြံ့ဖွံ့လို လူယုတ်မာတွေရဲ့ လူသတ်ပွဲကိုပဲ ကြည့်ရင် ရှင်းနေတာပဲ။ ဘုရားဟောမှာ အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာ နဉ္စ ဆိုတဲ့ လူမိုက်ကို ဝေးဝေးကရှောင် မပေါင်းဖို့နဲ့ ပညာရှိကို ချဉ်းကပ်ဖို့ ဘုရားရဲ့အဆုံးအမကို ဒီစစ်အစိုးရက ဆန့်ကျင်နေတာပင် တိုင်းပြည်အနေနဲ့ အင်မတန်ကို ရှက်စရာလည်း ဖြစ်သလို၊ ယဉ်ကျေးပါတယ်ဆိုတဲ့ သမီးတို့ တိုင်းပြည်ဟာ အတော်ကို ယုတ်မာရက်စက် ရိုင်းပြနေကြပါလားလို့ တွေးမိရင်း ကိုယ့်တိုင်းပြည်နှင့် လူမျိုးအတွက် ရင်ထဲမချိအောင် ၀မ်းနည်းနေမိပါတယ်။
ဩော် သမီးတို့ရဲ့မုန်တိုင်းကျ လမိုက်ညတွေ ဘယ်တော့များမှ ကုန်ဆုံးမှာလဲ၊ ပြန်စဉ်းစားမိတော့ ကိုယ့်မိသားစုတစ်စုတည်းမှ မဟုတ်တာ။ ထောင်ထဲမှအကျဉ်းကျနေတဲ့ အဖေ့လို နိုင်ငံရေးအကျဉ်းသားတွေ သူတို့ရဲ့မိသားစုတွေလည်း ထပ်တူထပ်မျှပဲလေ။ ဒါတင် ဘယ်ကမလဲ သမီးတို့ရဲ့မြန်မာပြည်သားအားလုံးဟာ မုန်တိုင်းနဲ့ လမိုက်ညတွေအောက်မှာ ရောက်နေကြတာပါပေါ့လား…။
၂၀၀၅ ခုနှစ် ဇူလိုင် ၂ရက်နေ့ အဖေ့ထောင်ဝင်စာ သွားတွေ့တယ်။ ညီမငယ်လေးပဲ လိုက်တော့တယ်။ အမြွာတွေလည်း အတော်လေး ကြီးလာပြီ။ လက်လွှတ်လို့ရနေပြီ။ လေးတန်းတောင် ရောက်ကြပြီမို့ အမေက အိမ်မှာပဲ ထားခဲ့တော့တယ်။
အမေတို့ ပြန်ရောက်ပြီး သုံးရက်မြောက် ညနေမှာတော့ အိပ်မက်လန့်နိုးဆိုသလို သမီးတို့အိမ်သားတွေ ခံစားလိုက်ရပါတော့ အိပ်မက်လား၊ တကယ်ပဲလား။ ညနေ သမီး မှော်ဘီကျောင်းက အပြန်မှာတော့ သမီးတို့ စက္ကန့်တိုင်း ၊ မိနစ်တိုင်း၊ နာရီတိုင်းမှာ တောင့်တမျှော်လင့်ခဲ့ရတဲ့ သမီးတို့ရဲ့ အင်အား မဟာ အဖေဟာ အိမ်ကို ပြန်ရောက်လို့နေပါပြီ။
ဝမ်းသာလွန်းလို့ မျက်ရည်ကျရပြန်ပါပြီ။ အဖေ့ထောင်သက်က တကယ်တော့ ၁၃ နှစ်။ အခု ၉ နှစ် မပြည့်သေး တစ်လအလိုမှာ ပြန်လွတ်လာတော့ ဟုတ်မှဟုတ်ပါ့မလား။ အဖေ သမီးတို့ဆီ တကယ်ပြန်ရောက်လာတာပါနော် အဖေလို့... သမီးနှုတ်က လွှတ်ခနဲ ထွက်ခဲ့ခြင်းနဲ့အတူ အဖေဟုတ်ရဲ့လားလို့ အဖေ့လက်ကို ဆွဲကိုင်ထားမိပါတော့တယ်။ ။
သက်ထက်နှင်းလှိုင် (C.D.C)
No comments:
Post a Comment
ဘယ်သူမဆို ဝေဖန်သွားလို့ ရပါတယ်
အပြုသဘောနဲ့ ပေါ့ 
အားလုံးပျော်ရွင်ကျပါစေ.....