twitter
    Find out what I'm doing, Follow Me :)
ဤဘလောက်သည်ကျွန်တော်နှစ်သက်သောစာစုများနှင့် ကျွန်တော်ခံစားချက်အရေးအသားလေးများစုစည်းထာခြင်းဖြစ်သည်။လာလည်သူ၊မလာတဲ့ သှူမှန်သမျှအေးချမ်းကြပါစေ.......
Showing posts with label ရသစာပေ. Show all posts
Showing posts with label ရသစာပေ. Show all posts
Wednesday, April 27, 2011
( ရင်ကွဲနာ )
ခုနှစ်ကိုတော့ဖြင့် မမှတ်မိတော့ပြီ။ ဗမာပြည်တွင် အအေးလှိုင်းဖြတ်သောနှစ်၏ နိုဝင်ဘာလ ရက်တရက်ဟုသာ။ ဧရာဝတီသင်္ဘောသည် မြစ်၏ အလယ်တွင် ကျောက်ချရပ်နားထားရသည်။ မြစ်ပြင်ကျယ်အတွင်းတွင် နှင်းမှုန်တို့သည် ထူထပ်သိပ်သည်းစွာ ကျဆင်းနေဆဲဖြစ်၍ ဆိပ်ကမ်းကို လုံးဝ လှမ်းမြင်ရခြင်းမရှိ။ နှင်းကွဲမှသာ သေင်္ဘောသည် ဆိပ်ကမ်းသို့ဆိုက်ကပ်နိုင်ပေလိမ့်မည်။
အနွေးထည်ဇစ်ကို အဆုံးထိဆွဲတင်ရင်း ကျနော်လိုက်ပါလာသည့် အခန်းမှ ပြတင်းပေါက်ကို ဖွင်၍ မြစ်ပြင်ကို ငေးကြည့်နေမိသည်။ နှုတ်မှလည်း အဆိုတော် ခင်ဝမ်း၏ “ပြည်မှာဆောင်း” သီချင်းကို တီးတိုးညည်းဆိုလျှက်။ မြစ်ပြင်တခုလုံးသည် ခရမ်းနုရောင်နှင်းမှုန်တို့ဖြင့် အုံ့မှိုင်းမှုန်ရီနေလေသည်။
ကျနော် ဒီခရီးကို ယခုမှသွားဖူးခြင်းမဟုတ်။ သွားခဲ့ လာခဲ့ပေါင်းများ၍ ခေါက်ရိုးပင်ကျိုးနေလေပြီ။ ယခုလည်း ရန်ုကုန်ရုံးချုပ်သို့ မြို့နယ်ဆိုင်ရာ အချက်အလက်များ ပေးပို့ရင်း ဌာန၏ bye laws များ အတည်ပြုချက်ယူပြီး ပြန်လာခြင်းဖြစ်သည်။ စီတ်အစဉ်သည် ရုံးသို့ပြန်ရောက်လျင် ဆောင်ရွက်ရ မည့် အလုပ်များကို အစီအစဉ်ချရင်း မည်မျှကြာအောင် တွေးနေမိသည်မသိ။ ဥသြရှည်ဆွဲ၍ သင်္ဘောလှုတ်ရှားလာမှ သတိဝင်လာသည်။
ဆိပ်ခံဘောတံတားသို့ သင်္ဘောကပ်လိုက်သည်နှင့် တပြိုင်နက်တည်းမှာပင် အလုအယက် ရောက်ရှိ လာသော ဆပ်ကမ်းကုန်တင်ကုန်ချ အလုပ်သမားများ၊ ဆိုက္ကားသမားများက သင်္ဘော ပေါ်သို့ သူ့ထက်ငါ အရင်ရောက်အောင် တက်ရင်း တယောက်တပေါက် အော်ဟစ်နေကြသည်။ ခရိးသည်တို့ကို လာရောက် ကြိုသူတို့၏ အမျိုးမျိုးအော်ခေါ်သံတို့သည် ပွက်လောရိုက်လျက်ရှိ၏။ “… … … မြို့မှ လှိုက်လှဲစွာ ကြိုဆိုပါ၏” ဆိုသော ဆိုင်းဘုတ်မှ မီးတို့သည်လည်းလင်းလာပြီး မြို့၏ဆိပ်ကမ်းသည် အသက်ဝင်လာလေပြီ။
အေးအေးဆေးဆေး လူရှင်းမှ ဆင်းတော့မည်ဟု ဆုံဖြတ်ရင်း ကုတင်ပေါ်ထိုင်၍ ဖိုင်တွဲများနှင့် ခရီးဆောင်အိတ် တို့ကို စစ်ဆေးနေခိုက် “ဦးဦး သမီးဘာကူသယ်ပေးရမလဲဟင်” .....
ချမ်းလွန်း၍ မေးချင်းရိုက်နေသည့် အသံနှင့်အတူ အခန်းဝတွင် မတ်တပ်ရပ်နေသည့် ၇ - နှစ်/ ၈ - နှစ် အရွယ် မိန်းကလေးငယ်တဦး။ အေးလွန်းသည့် ဆောင်းနံနက်ခင်းတွင် အကွက်မပေါ်တော့သည့် ဖလံနယ် အင်္ကျီလက်ရှည်ကလေးနှင့် ဒူးဆစ်ရောက်လုနီးကပ်နေသည့် ဘောင်းဘီရှည်ကလေးကို ၀တ်ထားသည်။ ချမ်းရှာ၍ထင့် နှုတ်ခမ်းတို့သည် ပြာနေသည်လား၊ မည်းနေသည်လား ခွဲခြားမတတ်တော့။ ကျနော်ခတ္တမျှ အကဲခတ်ကြည့်လိုက်ပြီးနောက်...
“ဦးဦး မှာ ပစ္စည်းမများပါဘူးကလေးရယ်။ ဦးဦး သယ်နိုင်ပါတယ်။ ကူသယ်ပေးစရာ မလိုပါဘူး”
“ဟိုက ဖိုင်တွဲတွေကို ကူသယ်ပေးပါရစေ ဦးဦးရယ်။ ကုန်းပေါ်ရောက်ရင် သမီးကို မုန်းဖိုးလေး ပေးပါနော်။ သမီးမောင်လေးအတွက်ပါ”
ကြိုးနှင့်စည်းထားသော ဖိုင်တွဲများကို လက်ညှိုးညွှန်ရင်း ပြောလာသဖြင့်....
“ဦးဦး မုန့်ဖိုးပေးပါ့မယ် သမီးရယ်၊ ဖိုင်တွဲတွေကိုတော့ မသယ်ပါနဲ့၊ မတော်တဆ ရေထဲကျသွားရင် ဒုက္ခ၊ အဲဒါတွေက အရေးကြီးတယ်ကွ” ဟု ပြောပြောဆိုဆို သူမလက်ထဲသို့ တစ်ဆယ်ကျပ်တန်တရွက်ကို ထုတ်ပေးလိုက်သည်။ ဤတွင် ကလေးမက …
“အလကားမယူချင်ပါဘူး ဦးဦးရယ်၊ ဟိုအိတ်ကလေးကို သမီးကူသယ်ပေးမယ်”
ဆိုပြီး ကျနော့်ခရီးသွားလျှင် လွယ်လေ့ရှိသည့် ဂျင်းလွယ်အိတ်ကလေးကို ကောက်လွယ်ရင်း ကျနော့်ရှေ့မှ ဦးဆောင်သွားတော့မှ လမ်းလျှောက်ပုံကို သတိပြုမိလိုက်သည်။ သြော် … ခြေထောက်တစ်ဘက်ကလည်း မသန်ရှာပါကလား၊ ကျနော့်ရင်ထဲမှာ နင့်ကနဲ … … ။
ကျနော်သည် ဌာနဆိုင်ရာ တာဝန်ဖြင့် ခရီးအတော်များများကို ထွက်ခဲ့ဘူးသည်။ ရထားဘူတာ၊ ကားဂိတ်၊ သင်္ဘောဆိပ်များတွင် ယင်းကလေးမအရွယ် ကလေးတချို့သည် ပုံသဏ္ဍန်အမျိုးမျိုးနှင့် အကြောင်းအမျိုးမျိုး တို့ကို တတွတ်တွတ်ပြောဆိုရင်း ခရီးသည်များခံမှ ငွေကြေးအလို့ငှာ တောင်းရမ်းနေသည်ကို တွေ့ရစမြဲပင်။ အချို့ကလေးများသည်။ ၂ - နှစ်/ ၃ - နှစ် အရွယ် ကလေးငယ်များကို ချီပိုးရင်း “သားရဲ့ ညီမလေး ထမင်းမစားရသေးလို့ပါ” “သမီးရဲ့မောင်လေးအတွက် နို့ဖိုးလေးပေးပါ”
စသည်ဖြင့်။ ယင်းကလေးငယ်များသည် မိသားစု စားဝတ်နေရေးအတွက် သူတောင်းစားဘ၀သို့ ရောက်မှန်းမသိ ရောလာကြရလေပြီ။
ထိုသို့ မြင်ရလေတိုင်း ထိုကလေးတို့၏ နောက်ရေးကို စဉ်းစားမိပြီး ရင်မောမိသည်။ ဒီခေတ်၊ ဒီစနစ်မှာမှ လူလာဖြစ်ကြရသော ကလေးငယ်များ။ ခေတ်ဆိုး၊ စနစ်ဆိုးကို ဘုမသိ ဘမသိ ဒဏ်ခံနေရသည့်အလား။အနာဂတ်တွင် ခေါင်းဆောင်ဖြစ်လာနိုင်သော အမိနိုင်ငံ၏ အင်အားဖြစ်ရလာမည့် ကလေးငယ်များ။ ဤကလေးငယ်များသည် “ဘက်ပေါင်းစုံ ဖွံ့ဖြိုး တိုးတက်သောနိုင်ငံတော်သစ်ဆီသို့ … ” ဟူသော နှစ် 20 ကျော်ကြာ ဆိုက်ထူထားသည့် ဆိုင်းဘုတ်ကြီး၏ အောက်တွင် ....
ကျနော်ငယ်ငယ်က မြန်မာ့အသံမှ ထုတ်လွှင့်လေ့ရှိသည့် သီချင်းတပုဒ်၏ စာသားအချို့ကို သတိရမိသည်။ “နောင်တခေတ်ရဲ့ ခေါင်းဆောင်ဆိုတာ မင်းတို့မဟုတ်လား။ စာကြိုးစားကြ ဖေဖေချစ်တဲ့ သမီးနဲ့သား … ” တဲ့။
တခုခုတော့ဖြင့် လွဲနေပြီထင်သည်။ ၎င်းကလေးတို့၏ အမိအဖတို့သည် အဘယ်မှာ ကျောင်းထားနိုင်မည်နည်း။ လက်ရှိမြန်မာနိုင်ငံ၏ ပညာရေးစနစ်သည် အလယ်တန်းအဆင့်အထိ အခမဲ့ပညာရေးစနစ်ဆိုသော်လည်း ကျောင်းဝင်ကြေးမှ အစပြုသည့် နောက်ထပ်အထွေထွေကုန်ကျစရိတ်များကို ယင်းကလေးတို့၏ မိဘများ တတ်နိုင်ပါမည်လော။ သို့ဖြစ်၍ မိသားစု၏ ဆင်းရဲတွင်းကို သူတို့လေးတွေ၏ဘ၀နှင့် ကူဖြည့်ပေးရင်း ၎င်းကလေးတို့သည် ကျောင်းနှင့်ဝေးခဲ့ကြသည် မဟုတ်တုံလော။ အနာဂတ်ခေါင်းဆောင်လောင်းလျှာ ( တိုင်းပြည်ရတနာ ) တို့သည် ခွက်လက်စွဲ၍ တောင်းစားနေကြရပြီလား။
ထိုကလေးငယ်တို့၏ မျက်ဝန်းများတွင် စိုးရွံ့ခြင်း၊ အားငယ်ခြင်း၊ မျှောင့်လင့်ချက်မဲ့ခြင်းတို့နှင့်အတူ လောကကြီးအတွင်းမှ မမြင်ရသော တစုံတဦးကို တောင်းပန်တိုးလျှိုးနေသယောင်ယောင်။ သင်္ဘောပေါ်မှ မိန်းကလေးကတော့ဖြင့် မုန့်ဖိုးတစ်ဆယ်ကို အလကားမယူလို သူတတ်နိုင်သည့်လုပ်အားနှင့် ပြန်လည် အကျိုးပြုလိုသော သူမ၏ စိတ်ဓါတ်ကို တန်ဖိုးထားဦးညွှတ်မိ၏။
---- ---- ---- ----
“ဘယ်လိုမိဘတွေကများ အားအားလျားလျား မွေးထားသလဲမသိပါဘူးတော်။ သူခိုးလေးတွေ လစ်ရင်လစ်သလို ခိုးတယ်”
“သမီးဘာမှ မခိုးရပါဘူး ကြီးကြီးရယ်၊ အောက်မှာတွေ့လို့ ကောက်မိတာပါ၊ သမီးမောင်လေးဖို့ပါ။ မောင်လေးကို ကျွေးချင်လို့ပါ”
သူငယ်ချင်းဈေးတာဝန်ခံ၏ ရုံးခန်းအတွင်း ကော်ဖီသောက်ရင်း သူငယ်ချင်းနှင့် စကားပြောနေခိုက် အထက်ပါ အသံများနှင့်အတူ လူသုံးဦး ရုံးခန်းအတွင်းသို့ ၀င်လာကြသည်။ ဦးဆောင်ဝင်လာသည့် မိန်းမကြီးက တတွတ်တွတ်ရေရွတ်ရင်း ကျနော့်သူငယ်ချင်းအား …
“ဦးစီး ဒီကောင်မလေး ကျမဆိုင်က ပစ္စည်းကို အလစ်သုတ်ပြေးတယ်။ လိုက်ဖမ်းလို့မိတော့ အထုတ်ကို ရင်ဘတ်ထဲထည့်ပြီး မိတ်ထားတယ်။ တောင်းလို့မရဘူး။ အဲဒါ ဦးစီး ကြည့်ရှင်းပေးပါ။”
ကျနော်လှည့်ကြည့်လိုက်တော့ … လား … လား သင်္ဘောပေါ်မှာ တွေ့ခဲ့ရသော ကလေးမလေးပါလား။
ကလေးမလေးက သူ၏ရင်ဘတ်ထဲမှ အထုတ်ကလေးတထုတ်ကို တင်းတင်းကြပ်ကြပ်ပိုက်ထားရင်း ငိုသံစွတ်လျက်က …
“သမီးမခိုးပါဘူး ဦးဦးတို့ရယ်။ သူတို့က အော်ပြီး အတင်းလိုက်လို့ ထွက်ပြေးမိတာပါ။ အိတ်ထဲကဟာက မောင်လေးဖို့ပါ။ သမီးကို မဖမ်းပါနဲ့နော်”
လို့ပြောရင်း မျက်ဝန်းမှ မျက်ရည်တို့သည် ပါးပြင်ကိုဖြတ်၍ ရုံးခန်းကြမ်းပြင်ပေါ်သို့ ကျလာလေပြီ။
ငိုနေသည့်ကလေးမကို ယခုမှ သေသေချာချာကြည့်မိသည်။ ဆီနှင့်ကင်းဝေးလွန်းသည့် ဦးခေါင်းထက်မှ ဆံပင်တို့သည် နီကျင်ကျင်ပွယောင်းယောင်း၊ အဟာရဓာတ်ပြည့်ဝစွာ မရသည့် ပိန်လွန်းသောခန္ဓာကိုယ်သည် ချမ်းလွန်း၍လား ကြောက်၍လား မပြောတတ်။ တဆက်ဆက်တုန်ယင်နေသည်။
ကျနော့်သူငယ်ချင်းက ဘာဆက်လုပ်မည်ကို သိလိုသောကြောင့် ကိုယ်နှင့်မဆိုင်ပါပဲ ကျနော်ဆက်ထိုင်ရင်း အကဲခတ်နေမိသည်။ သူငယ်ချင်းက …
“ကဲဆိုစမ်းပါဦး ဒီကလေးက ခင်ဗျားဆိုင်က ဘာပစ္စည်းကို အလစ်သုတ်သွားလို့လဲ”
ဈေးသည် မိန်းမကြီးက တချက်တွေကနဲဖြစ်သွားပြီး …
“ဘာခိုးသွားသလဲတော့ မသိဘူး။ ဆိုင်နောက်မှ ကုန်းကုန်း ကုန်းကုန်းနဲ့တွေ့လို့ လှမ်းအော်လိုက်တော့ ထွက်ပြေးသွားတယ်။ အဲဒါ သူတခုခု ခိုးသွားလို့ပေါ့။”
ကျနော့်သူငယ်ချင်းက စိတ်မသက်မသာ တစ်ချက်ညည်းလိုက်ရင်း ကလေးမလေးကိုကြည့်လိုက်ကာ …
“သမီး၊ သမီးရင်ဘတ်ထဲက အိတ်ကို ဦးဦးကို ခဏပြ။ သမီးကို ဦးဦးတို့မဖမ်းပါဘူး”
ပြောရင်း ထိုင်ခုံမှထကာ ခလေးမလေးရှေ့သို့ သွားရပ်လိုက်သည်။ ကလေးမလေးက မထုတ်ချင်ထုတ်ချင်နှင့် ရင်ဘတ်ထဲမှ အထုတ်ကလေးကို ထုတ်ပြီးပေးလိုက်သည်။ အထုတ်တွင်းမှ ပစ္စည်းတို့ကို ရုံးခန်း၏ ကြမ်းပြင်ပေါ်သို့ သွန်ချလိုက်တော့ ထွက်လာသည့် ပစ္စည်းလေးတွေက …
ကုန်ခြောက်တကာတို့မှ စွန့်ပစ်ထားသော တခြမ်းပုတ် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာလူး … စသည်
ကုန်စိမ်းဆိုင်တို့မှ လွှင့်ပစ်ထားသော ခရမ်းချည်သီး၊ ခရမ်းသီး … စသည်
ပုတ်လုနီးနီးကုန်စိမ်းတချို့နှင့်အတူ ထွက်လာသည်က လက်တ၀ါးစာအရွယ် ပုတ်အဲ့အဲ့ ငါးကလေးတကောင်…
ရုံးခန်းအတွင်းရှိလူများ၏မျက်နှာသည် အုံဆိုင်းမှုံမှိုင်းသွားကြသည်။
ပြောင်းလဲသွားသော အခြေအနေကြောင့် လာပို့သော မိန်းမကြီးနှင့် အဖော်တို့ ဘယ်ရောက်သွားသည်မသိ။ သူငယ်ချင်းသည် မျက်တောင်တို့ကို အမြန်ခတ်ရင်း ကလေးမေ၏အိတ်ထဲသို့ ပစ္စည်းတို့ကို ပြန်ထည့်ပေးနေသည်။ ပြီးနောက် သူ၏ အိပ်ကပ်ထဲမှ တရာကျပ်တန်တရွက်ကို ထုတ်ပြီး ကလေးမ၏ သေးလှီးသည့်လက်ကလေးထဲထည့်ပေးလိုက်ပြီး ပြုတင်းပေါက်ဘောင်ကို လက်ထောက်လျက် အဝေးတနေရာသို့ ငေးရီ။ မျကရည်စို့မျက်ဝန်းအစုံနှင့် ၀မ်းသာလွန်းသည့် ကလေးမ၏ မျက်နှာ။ ဒီမြင်ကွင်းကို ကျနော်တသက်မမေ့တော့။
အတန်ကြာ ပြတင်းပေါက်မှာရပ်နေပြီးမှ ညို့အုံသောမျက်ဝန်းအစုံနှင့် သူငယ်ချင်းက ကျနော့်ဘက်သို့ လှည့်လာပြီး
“ခက်တယ်သူငယ်ချင်း မြေနိမ့်ရာလှံစိုက်နေကြပြီ၊ လူတွေရဲ့ ကြင်နာသနားမှုဆိုတာ ငါတို့ဘယ်မှာ ရှာကြမလဲ၊ ဒီတရားခံက … ”
စကားကိုဖြတ်၍ ကျနော့်မျက်မှာကို ကြည့်နေသည်။ ပြီး …
“အဲဒီကလေးမလေးရဲ့ အမေက စိတ်မနှံတော့ဘူး။ သူ့မှာ ၃ - နှစ်ကျော်လောက်ရှိတဲ့ မောင်လေးတယောက် ရှိတယ်။ အခု သူပဲ လုပ်ကျွေးနေတာ”
---- ---- ---- ----
နေ့စွဲတို့သည် ထိန်းချုပ်တား၍မရ။ စီးဆင်းနေကြသည်။ ခရမ်းနုရောင်နှင့်တို့ အသိပ်သည်းဆုံးလ၊ ဒီဇင်ဘာ
“တာဝန်မှူး၊ တာဝန်မှူး … ဦးစီးခေါ်နေတယ်”
ရုံးရှေ့မှ ခေါ်သံကြား၍ ကျနော်အခန်းအတွင် အစီရင်ခံစာတခုကို လက်နှိပ်စက်ရိုက်နေသည်ကို ရပ်ပြီး ဦးစီးအရာရှိရုံးခန်းအတွင်း ၀င်သွားလိုက်သည်။
“ဦးစီး၊ ဘာကိစ္စလည်း”
မေးရင်း သူ့စားပွဲရှေ့ ကုလားထိုင်တွင် ၀င်ထိုင်ရင်း ယူနီဖောင်း၊ ဘောင်းဘီအိပ်ထဲမှ မျက်စုစာအုပ်ကို လိုလိုမယ်မယ် ကိုင်လိုက်သည်။ ဦးစီးအရာရှိက …
“ညီလေး ကပြားတံဆောင်းဘေးက သာသနာ့ဗိမ္မာန်ရှေ့က ခြင်္သေ့ကြီးနှစ်ကောင်နားမှာ ကလေးအလောင်း ၂ လောင်းတွေ့တယ်လို့ ရဲစခန်းက အကြောင်းကြားတယ်။ အဲဒီနေရာကို ငါ့ညီသွားပြီး လိုအပ်တဲ့ကိစ္စတွေ လုပ်ပေးပြီး အစီရင်ခံစာတင်ဖို့ အချက်အလက်ယူခဲ့ပါ။”
ဦးစီးအရာရှိ၏စကားဆုံးသည်နှင့် ဌာနပိုင် မော်တော်ဆိုင်ကယ်ကိုစီးရင်း သူညွှန်သည့်နေရာသို့ အသော့နှင်လာခဲ့သည်။ ထိုနေရာတွင် အသင့်ရောက်နေသော ရဲအရာရှိတဦးနှင့်အတူ ၀ိုင်းအုံနေသည့် လူများကို တိုးဝှေ့ ရင်းခြင်္သေ့ ကြီး ၂ ကောင်ရှေ့အရောက်တွင် တွေ့မြင်လိုက်သည်က ရင်ကိုနင့်ကနဲ ဖြစ်စေသည်။
တန်ဆောင်းရှေ့ င်္ခြသေ့ကြီးနှင့် အုတ်တံတိုင်းကြား လေကွယ်သည့်နေရာကလေးတွင် မည်သည့်အချိန်က ညိမ်းနေသည်မသိသည့် မြက်ခြောက်မီးပုံကလေး၊ ၎င်းဘေးတွင် အောက်ခံ အင်္ကျီပါးကလေးနှင့် ခွေခွေကလေး လဲလျောင်းနေသည့် ကျနော်တွေ့ဖူးသော ကလေးမလေး။ သူ့ရင်ခွင်ထဲမှာက ယခင်သူဝတ်ဖူးသည့် ဖလံနယ်အင်္ကျီကလေးနှင့် ပတ်ထားသည့် ၃/၄ နှစ်အရွယ်ကလေးငယ်တဦး။ မီးတို့သည်ငြိမ်းနေလေပြီ။ အသက်တို့သည် ကင်းနေလေပြီ။
ကျနော်နှုတ်မှ တစုံတခုကို ဖွင့်အော်လိုက်ချင်မိသည်။ ဈေးတာဝန်ခံရုံးမှ ပုံရိပ်များ၊ သင်္ဘောပေါ်မှ ပုံရိပ်များ၊ သူကလေးပြောခဲ့သည့် စကားများ။ အားလူးပုတ်၊ ကြက်သွန်ပုတ်၊ ငါးပုတ်များ …
လောကပါလနတ်တို့သည် လောကကိုစောင့်ရှောက်ကြကုန်၏။ ယခုယင်းလောကပါလနတ်မင်းတို့သည် အဘယ်သို့ နည်း။ သို့တည်းမဟုတ် ရှောင်ကျဉ်နေ၍လော။ သို့မဟုတ်....
ရေးသားသူ - ဒီမို
Tuesday, April 26, 2011
မြန်မာ အိမ်ထောင်ရှင်များ၏ အားနည်းချက်
ခေါင်းစဉ်ပါ မိမိ၏ အမြင်ကို တင်ပြရာတွင် စာဖတ်သူ အများစု၏ သဘောထား အမြင်နှင့် ကွဲလွဲကောင်း ကွဲလွဲ ပါလိမ့်မည်။ မိမိ၏ မိတ်ဆွေများနှင့် မိမိတို့ ဤအကြောင်း အရာပါ ကိစ္စများကို ဆွေးနွေးဖူးရာတွင် မိမိ၏ အမြင်ကို အများအားဖြင့် သဘောကျ ထောက်ခံကြသော်လည်း မိမိအနေဖြင့် အများကို တင်ပြ ဆွေးနွေးရန်မှာမူ ဆိုင်းတွနေခဲ့သည်။ အကြောင်းမှာ တစ်စုံတစ်ဦး၏ အားနည်းချက်ကို အခြား တစ်စုံ တစ်ဦးက ထောက်ပြပါမူ အားနည်းချက် ရှိသူအနေဖြင့် ထောက်ပြသူကို အထင်မှား အမြင်မှား ဖြစ်ဖို့ရန်မှာ အခွင့်အလမ်းများစွာ ရှိတတ်ခြင်းနှင့်၊ တိတိပပ ရေရေရာရာဖြင့် စကားအသုံးအနှုံး မှန်မှန်ကန်ကန် ရှိပါမှ ထောက်ပြသူ၏ စေတနာနှင့် ထောက်ပြချက်ကို မြင်နိုင်တတ်သည့် သဘောရှိတတ်သောကြောင့် ဖြစ်ပေသည်။
သို့ရာတွင် ယနေ့ မိမိအနေဖြင့် ဤအကြောင်းကို ဤနေရာတွင် ရေးသားတင်ပြ ဆွေးနွေးရန် အကြောင်းဖြစ်လာသည့် အကြောင်းရင်းမှာ – သြစတေးလျနိုင်ငံတွင် မြန်မာ အိမ်ထောင်ရှင် မိသားစုများ အများအပြားရှိကြသည့်အနက်၊ သူတို့သည် အများအားဖြင့် အိမ်ထောင်ရေး မသာယာခြင်း၊ အိမ်ထောင်ကွဲကြခြင်း နှင့် အိမ်ထောင်ရေး ပဋိပက္ခ ဖြစ်ကြခြင်း စသည်ဖြင့် အိမ်ထောင်ရေး ပြဿနာ အများအပြား ရှိကြသည်။ သြစတေးလျရှိ မြန်မာအသိုင်းအဝိုင်းနှင့် အလွန်နီးစပ်သူလည်း ဖြစ်ပြီး သြစတေးလျတွင် နှစ်ပေါင်းများစွာ နေထိုင်လာသူ တစ်ဦး ဖြစ်သည့် မြန်မာ အမျိုးသမီးကြီး တစ်ဦး၏ အဆိုအရမူ ၈၀ ရာခိုင်နှုံးထက် မနည်းသော သြစတေးလျရှိ မြန်မာ အိမ်ထောင်ရှင်တို့မှာ အကွဲကွဲ အပြဲပြဲ ဖြစ်ခဲ့ကြသည်ဆိုသည်။ ထို့ကြောင့် မိမိ၏ အမြင်ကို အများအား တင်ပြ ဆွေးနွေးလိုခြင်း ဖြစ်လာရသည်။
စာဖတ်သူ အမျာစုမှာ ဘော်လုံးပွဲများ ကြည့်ဖူးကြမည် ထင်ပါသည်။ ဘော်လုံးပွဲများ ကြည့်သည့်အခါတွင် ပွဲကြည့် ပရိတ်သတ် တစ်ဦးအနေဖြင့် စင်မြင့်ထက်မှ လည်းကောင်း၊ ရုပ်မြင်သံကြားမှ လည်းကောင်း ကြည့်ရှုရာတွင် ကစားသမားများ၏ လိုအပ်ချက် အကွက်များကို အလွယ်တစ်ကူ တွေ့မြင်တတ်ကြပါသည်။ ဥပမာ၊ လူမရှိသော နေရာသို့ ဘော်လုံးပေးလိုက်ခြင်းမျိုး၊ လွတ်နေသည့်လူကို ဘော်လုံးမပေးခြင်းမျိုး စသည်တို့မြင်တွေ့ ဖူးကြပါမည်။ ကစားသမား တစ်ဦး အနေဖြင့်မူ ကွင်းတွင်းမှာ လက်တွေ့ ပြေးလွှားကန်နေရသည့် အခါမှာ မိမိတို့ ပွဲကြည့်ပရိတ်သတ် အလွယ်တစ်ကူ တွေ့မြင်နိုင်သည့် အကွက်များကို သူတို့ အလွယ်တကူ မြင်နိုင်ရန် ခဲယဉ်းလှသည်။ ထို့အတူ အချို့သော ကိစ္စများတွင် အပြင်လူက လက်တွေ့လုပ်နေသူထက် မြင်သာခြင်းများ ရှိတတ်သည်။
မည်သို့ပင် ဖြစ်စေကာမူ မိမိကိုယ်တိုင် အိမ်ထောင်ရှင် တစ်ဦး မဟုတ်သဖြင့် မိမိ၏ တင်ပြချက်မှာ ရှုထောင့် တစ်နေရာရာမှ လစ်ဟာ၍ အငြင်းပွားဖွယ် ဖြစ်လျှင် စာဖတ်သူ၏ ထောက်ပြချက်ကို အထူး တန်ဖိုးထားရှိပါမည်။
မြန်မာအမျိုးသား တစ်ဦးနှင့် မြန်မာ အမျိုးသမီး တစ်ဦးတို့သည် တစ်ဦးနှင့် တစ်ဦး ချစ်သူဖြစ်လာကြသည့် အခါတွင် တစ်ဦးအပေါ် တစ်ဦးချုပ်ခြယ်မှုများ စတင်လုပ်လာကြတော့သည်။ အမျိုးသားကလည်း အမျိုးသမီးအား မည်သူနှင့် ပေါင်းသင်းဆက်ဆံခြင်းကို မကြိုက်သဖြင့် အဆက်အသွယ်မလုပ်ရန်၊ ဒါမဝတ်ရန် ဒီမသွားရန် စသည် စသည်ဖြင့်၊ အမျိုးသမီးကလည်း အမျိုးသားအား ဆေးလိပ်မသောက်ရန်၊ ဘာမလုပ်ရန် ညာမလုပ်ရန် စသည်ဖြင့်၊ ကိုယ့်ကို ချစ်ရင်ဖြင့် ဒါမလုပ်ပါနဲ့နော် သူ့ကို ချစ်ရင်ဖြင့် ဒီလိုနေပါနော်နဲ့ ကြိုးများချဉ်ကြတော့သည်။ ချစ်သူဖြစ်ခါစတွင်မူကား တစ်ဦးနှင့်တစ်ဦး စွဲမက်သာယာ နေကြသည့် အချိန်တွင် ကတိများလွယ်လွယ်ပေးပြီး ကြိုးချဉ်နေကြသည်ကိုပင် ပျော်စရာတစ်ခု ဖြစ်နေသေးသည်။
ဤနေရာတွင် ကနေဒါနိုင်ငံမှ လာလည်သည့် လူငယ်စုံတွဲ ၂ ယောက်အကြောင်း ဥပမာပြ ပြောပြချင်ပါသည်။ ထိုစဉ်က မိမိ၏ မိတ်ဆွေ တစ်ဦးထံ ရက်သတ္တပတ်ခန့် သွားရောက်လည်ပတ်ပြီး သူ၏အိမ်တွင် တည်းခိုစဉ် မိမိကဲ့သို့ ကနေဒါ နိုင်ငံမှ လာလည်သည့် လူငယ်စုံတွဲ ၂ ဦးနှင့် ရင်းနှီးခဲ့သည်။ အမျိုးသမီးသည် သိမ်မွေ့နူးညံ့သည့် အမူအကျင့်ရှိသည်။ အမျိုးသားသည် ဆေးခြောက် သမားဖြစ်သည်။ သူတို့ ၂ ဦးတွင် ဆန့်ကျင်သော အကျင့်များ အတော်အများရှိကြသည်။ အမျိုးသားမှာ မနက်မိုးလင်းက မိုးချုပ် ဆေးခြောက်သောက်သည်။ ဂစ်တာတီးသည်။ ညဆိုလျှင် အရက်ဆိုင်သွား အရက်သောက် သီချင်းနားထောင်တတ်သည်။ သူကိုယ်တိုင်လည်း တစ်ခါတစ်ရံ သီချင်းဝင်ဆိုတတ်သည်။ အမျိုးသမီးမှာ နားကြပ်တပ်၍ သီချင်းနားထောင်ပြီး စာဖတ်နေတတ်သည်။ ရုပ်ရှင်ကို ဝါသနာပါသည်။ တီဗွီကြည့်ခြင်း၊ ရုပ်ရှင်သွားကြည့်ခြင်းများ လုပ်ရသည်ကို နှစ်သက်သည်။ ဓါတ်ပုံထွက် ရိုက်သည်ကိုလည်း ဝါသနာ အတော်ပါသည်။ တစ်ရက်တွင် အမျိုးသားဖြစ်သူသည် မိမိအား ညဖက်တွင် အရက်ဆိုင်သွားရန် ခေါ်သည်။ သူ့အမျိုးသမီးသည် ညဖက်တီဗွီ ဇာတ်လမ်းကောင်းသဖြင့် အိမ်မှာ နေခဲ့ပြီး မိမိတို့ ၂ ဦး အရက်ဆိုင်သွားကြသည်။ အပြန်တွင် သန်းကောင်ကျော်ပြီး အမျိုးသားသည် အတော်မူးနေပြီ။ သူတို့ ချစ်သူ ၂ ဦးကား ပြဿနာ တစ်စုံတစ်ရာ ဖြစ်သည်ကို မကြားရချေ။ နောက် ၂ ရက်လောက်တွင် အမျိုးသမီးက ရုံတင်နေသည့် ရုပ်ရှင်ကား တစ်ခု အကြောင်းပြောပြသည်။ မိမိလည်း စိတ်ဝင်စားပြီး သွားကြည့်ကြရန် တိုင်ပင်ကြသည်။ အမျိုးသားမှာ သူမကြည့်လိုသည့် ဇာတ်ကားဖြစ်သဖြင့် မိမိနှင့် သူ၏ အမျိုးသမီး ၂ ဦး သာ ရုပ်ရှင် အတူသွားကြည့်ကြသည်။ တစ်ရက်တွင် သူတို့ ၂ ဦးစလုံးနှင့် မိမိတို့ မနက်စာ အတူသွားစားကြပြီး စကားပြောကြသည်။ ထိုအခါ မိမိက သူတို့ စုံတွဲကို စိတ်ဝင်စားပြီး မေးခွန်းများ ထုတ်ခဲ့သည်။ အမျိုးသမီးသည် အမျိုးသား ဆေးခြောက်သောက်နေသည်ကို သိလျှက်နှင့် အဘယ်ကြောင့် တားမြစ်ခြင်း မလုပ်သလဲ၊ ရံဖန်ရံခါ အမျိုးသားက သူ့စိတ်ကြိုက် သူတစ်ယောက်တည်း လုပ်လိုရာလုပ်နေ၊ အမျိုးသမီး ကလည်း သူ့စိတ်ကြိုက် သူလုပ်လိုရာ လုပ်နေတာကို တစ်ယောက်နဲ့ တစ်ယောက် ဘာလို့ အတူမလုပ်ကြ၊ မသွားလာကြသလဲ၊ ယောက်င်္ကျား ညဖက် အချိန်မတော် အပေါင်းအသင်းများနဲ့ တစ်ယောက်ထဲ ပျော်ပါးသွားလာနေတာမျိုး၊ အမျိုးသမီးက အခြား ယောက်င်္ကျားမိတ်ဆွေ တစ်ဦးနဲ့ တစ်ယောက်တည်းသွား ရုပ်ရှင်ကြည့် စားသောက်တာမျိုးကို တစ်ယောက်နဲ့တစ်ယောက် ဘာမှ မပြော၊ ဘာမှ မဖြစ်ကြသလဲ၊ စသည်ဖြင့် မေးခွန်းပေါင်း များစွာကို မေးမိတော့သည်။
သူတို့ ပြန်ပြောပြချက်အရ သူတို့သည် ချစ်သူရည်းစား ဖြစ်နေကြသည်မှာ ၇ နှစ်ပင် ရှိကြပြီ ဖြစ်ပါသည်။ သူတို့ ချစ်သူ ရည်းစား ဖြစ်စကပင် ထိုကဲ့သို့ နေထိုင်လာကြသည် ဖြစ်သည်။ သူတို့သည် တစ်ဦးကို တစ်ဦး အလွန်ချစ်မြတ်နိုးကြပြီး၊ အလုပ်အကိုင်များ အသေအချာရှိသည့် နေ့တွင် လက်ထပ်ကြရန် ရည်မှန်းထားကြပါသည်။ သူတို့၏ ခံယူချက်မှာ တစ်ဦးကို တစ်ဦး မယုံကြည်ခြင်း၊ သဝန်တိုခြင်း တို့သည် အမှန်တကယ် လေးလေးနက်နက် ချစ်ခြင်း မဟုတ်၍သာ ဖြစ်သည်ဟု ဆိုသည်။ တစ်ဦးအပေါ် တစ်ဦး သံသယ ရှိနေပါကလည်း ခွဲခွာပြီး တစ်ဦးတည်း တစ်ယောက်တည်း နေသည်က ပိုလို့ပင် စိတ်ချမ်းသာမည် ဟု ပြောသည်။ နောက်တစ်ခုမှာ အမျိုးသမီးသည် သူနှင့် မချစ်ကြိုက်ခင်ကပင် ဆေးခြောက်သောက် နေသူကို ချစ်ကြိုက်ခဲ့ ခြင်းဖြစ်ပြီး၊ သူနှင့် ချစ်ကြိုက်ပြီးမှ ဆေးခြောက် မသောက်ရန် တားမြစ်ပါက သူသည် ထိုသူ့ကို မိမိချစ်သူအနေဖြင့် လေးစားချစ်ခင်ခြင်း မဟုတ်တော့ဘဲ သူ့၏ ပျော်ရွင်မှုကို ပိတ်ပင်ရာ ရောက်စေသည့် အပြင် မိမိ ထိန်းချုပ်မှုအောက်သို့ သွပ်သွင်းပြီး အစေခံကဲ့သို့ အမိန့်နာခံခိုင်းသကဲ့သို့ ဖြစ်တော့မည်ဟု ထင်မြင်သည်။ အလားတူ အမျိုးသားကလည်း အမျိုးသမီးကို ချစ်ခဲ့သည် ဖြစ်ပြီးမှ သူ၏ ရှိနေသော အကျင့်စရိုက်များကို လက်ခံရမည် ဖြစ်သည်ဟု ဆိုသည်။ သူ့တွင် ရှိသည့် အကျင့်စရိုတ်များကို လက်မခံနိုင်ပါမူ သူ့အား ချစ်ခြင်း မရှိတော့သည်သာ ဖြစ်မည်ဟုလည်း ရှင်းပြသည်။ ထို့အပြင် တစ်ဦးနှင့် တစ်ဦး ချစ်သူများ ဖြစ်ကြသော်လည်း တစ်ဦးအပေါ်တစ်ဦး လေးစားခြင်း၊ တစ်ဦး၏ လွတ်လပ်ခွင့်နှင့် ဝါသနာ၊ စိတ်ချမ်းသာမှုတို့ကို တစ်ဦးက ပိတ်ပင် ချုပ်ခြယ်ခြင်းတို့သည် တစ်ဦးကို တစ်ဦး ချစ်ခင်ခြင်း မဟုတ်ဟု သူတို့ ၂ ဦးစလုံးက ယုံကြည်ကြသည်။
အလားတူ အသက်အရွယ် ကြီးမြင့်နေသည်အထိ တစ်ဦးနှင့် တစ်ဦးချစ်ခင်စွာ ပေါင်းသင်း ဆက်ဆံ နေကြသည့် သြစတေးလျတွင် နေထိုင်ကြသည့် စုံတွဲ အဖိုးကြီး အဖွားကြီးများ၊ အခြား သြစတေးလျနိုင်ငံသား အိမ်ထောင်ရှင်များ နှင့်လည်း နောက်ပိုင်း ခင်မင်ရင်းနှီးဖူးရာ သူတို့တွင်လည်း အဆိုပါ သဘောထား အယူအဆများ ထပ်တူ ရှိကြသည်ကို တွေ့ရသည်။
မြန်မာ စုံတွဲများတို့မှာကား အများစုသည် တစ်ဦးနှင့် တစ်ဦး ချုပ်ခြယ်ကန့်သတ်မှုများ နှင့် ချဉ်ထားသော ကြိုးများ တင်းလာသည်ဟု ယူဆလာကြသည့်အခါ ခိုးကြောင်ခိုးဝှက် လုပ်လာကြသည်။ ထိုသို့ ခိုးကြောင် ခိုးဝှက်လုပ်သည်ကို ပေါ်လာလျှင် ရန်ဖြစ်ကြသည်။ တစ်ဦးနှင့် တစ်ဦး သံသယ မျက်လုံးများနှင့် ကြည့်ကြမည်။ သဝန်ကြောင်ခြင်း၊ အူတိုခြင်း၊ အယုံအကြည် မရှိခြင်းတို့ဖြင့် အမြင်ကျဉ်းကျဉ်းထား ဆက်ဆံကြမည်။ ထိုအချက်များသည် အိမ်ထောင်ရေး တစ်ခု၏ ပြဿနာ အရင်းခံများ ဖြစ်ပေမည်။
ရှေးဦးစွာ အမျိုးသားများ၏ အဓိက ပြဿနာမှာ သဝန်ကြောင်ဖြင်း ဖြစ်သည်။ မိမိချစ်သူကို မိမိ မယုံကြည်ပါလျှင် မည်သည့် အကြောင်း ဖြင့်မဆို လက်ထပ် အိမ်ထောင်ပြုရန် မသင့်ပါ။ နောက်တစ်ခုမှာ မိန်းမတစ်ဦးကို မိမိ၏ ကျေးကျွန်၊ မိမိ အိမ်ဖော် အဖြစ် သတ်မှတ်တတ်သည့် စိတ်နေသဘောထားကို သတိပြုရမည်။ သူသည် မြန်မာအမျိုးသမီး ဖြစ်လျှင် အိမ်ထောင်မပြုခင် ဘဝမှာ ချုပ်တီးစရာများ သူ့တွင် အများအပြား ရှိခဲ့မည်။ အိမ်ထောင်ပြုပြီးသည့် အခါ သူ့တွင် အိမ်ထောင်ရှိပြီးသူ တစ်ဦးအနေဖြင့် လုံခြုံပြီဟု ယူဆပြီး ယောက်င်္ကျား အပေါင်းအသင်း သူငယ်ချင်း မိတ်ဆွေများနှင့် လွတ်လွတ်လပ်လပ် သွားလာချင်စိတ် ရှိကောင်းရှိမည်ကို နားလည်သင့်သည်။ အမျိုးသမီးအား အရာရာ ချုပ်ခြယ် ထားရှိခြင်းသည် သူ့၏ တိုးတက်ရာများကို ပိတ်ပင်ရာ ရောက်သကဲ့သို့ မိမိကျွေးမှစား ထားရာနေ စေရာလုပ် ဆိုသည့် ကျွန်ဇာတ်သွင်းခြင်းမျိုးကို မိမိ၏ချစ်သူအား ပြုလုပ်သူမှာ အလွန်ပင် စက်စုတ်ဖွယ် ကောင်းမည်ကို သိထားသင့်သည်။ မိမိ၏ အမြင်တစ်ခုတွင် ယောက်င်္ကျားများ သည် တစ်နေကုန် အလုပ်လုပ်ရသည်ကို အကြောင်းပြပြီး အပြန် အိမ်တွင် မိန်းမက အသင့် ချက်ထားသည့် ထမင်းဟင်းများကို စတိုင်ကျကျ စားလေ့ရှိခြင်းကို သဘောမကျပါ။ သြစတေးလျမှ အိမ်ထောင်ရှင် အများစု မှာမူ မိမိတွေ့ဖူးသလောက် အိမ်တွင် ထမင်းဟင်းချက်သည်ကို မိန်းမရော ယောက်င်္ကျားပါ အတူ ချက်ပြုတ် ပြင်ဆင် ကြသည်။ တစ်ခါတစ်ရံ ယောက်င်္ကျား တစ်ဦးတည်း ဖြစ်စေ၊ မိန်းမ တစ်ဦးတည်း ဖြစ်စေ၊ ၂ ဦးလုံး ဖြစ်စေ အတူ ချက်ပြုတ် စားသောက်တတ်ကြသည်။ မိမိယူဆသည်မှာ ကိုယ်ချစ်သူဆိုလျှင် သူပင်ပင်ပန်းပန်း လုပ်ရမည့် အလုပ်များကို ကိုယ်က တတ်နိုင်သ၍ ဝင်ကူ လုပ်ကိုင် ပေးရမည်ဖြစ်ရာ အိမ်ပြန်ပြီး စတိုင်ကျကျ အိမ်က မိန်းမချက်တာကို လက်ဆေး စားခြင်းသည် ဘဝင်မကျစရာ တစ်ခု ဖြစ်သည်။
အမျိုးသမီးများက ယောက်င်္ကျားအား ချုပ်ခြယ်ခြင်းသည်လည်း အိမ်ထောင်ရေး တစ်ခုတွင် ပဋိပက္ခကို မီးမွှေးခြင်းမျိုးပင် ဖြစ်သည်ဟု မိမိထင်မြင်ပါသည်။ ယောက်င်္ကျားတစ်ယောက်ကို သူ့၏ အကျင့်စရိုက် ပြောင်းလည်းရန်မှာ လွယ်ကူသည့်အလုပ်မျိုး မဟုတ်ပါ။ မိမိကို လိုချင်ခဲ့စဉ်က ပေးထားသော ကတိများသည် မိမိအား ရပြီးလျှင် ဖောက်ရန် ဝန်မလေးတတ်ကြသည်ကို သတိပြုပြီး အစကပင် သူ့တွင် ရှိပြီးသားသော အကျင့်စရိုက်ကို လက်ခံနိုင်မှသာ သူ့အား လက်ခံခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါမည်။ မိမိကိုယ်တိုင်လည်း အချုပ်ခြယ် မခံရန် သတိပြုရမည် ဖြစ်သည်။ နောက်တစ်ခုမှာ မြန်မာ အမျိုးသမီးများအနေဖြင့် အိမ်ထောင်ရှင် ဘဝရောက်ပြီဆိုလျှင် အလှအပ သိပ်မလုပ်တော့ခြင်း၊ ယောက်င်္ကျားများ စွဲဆောင်မှုဖြစ်ရန် ပြင်ဆင်ခြင်းကို ပိုမို ရှောင်ကျဉ်လာခြင်းသည်လည်း မှားယွင်းခြင်း တစ်ခု အဖြစ် မိမိအနေဖြင့် တွေ့မြင်သည်။ ယောက်င်္ကျား ဖြစ်သူများ၏ ချုပ်ခြယ် တားမြစ်ခြင်းကို ခံရသဖြင့် ထိုသို့ ရှောင်ကျဉ်ခြင်း ဖြစ်ကောင်းသော်လည်း ထိုအချက်ကိုမူ မိမိအနေဖြင့် သဘောမကျပါ။ အမှန်မှာ ယောက်င်္ကျားများသည် လက်ထပ်ပေါင်းသင်းပြီးသည့် အခါတွင် သူတို့ အမျိုးသမီး၏ ကျဆင်းလာမည့် ရုပ်ရည်၊ နေ့စဉ်တွေ့မြင် ဆက်ဆံနေရသဖြင့် ရိုးသွားပြီး စိတ်ကုန်လာမည့် အခြေအနေကို ထိမ်းသိန်းသည့် အနေဖြင့် အိမ်ထောင်ပြုပြီးမှ အပျိုဘဝကထက် ပို၍ လှအောင်၊ စွဲဆောင်မှု ရှိအောင် ပြင်ဆင် နေထိုင်ခြင်းသည် လိုအပ်သည်ဟု ထင်ပါသည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး မြန်မာ အမျိုးသား အိမ်ထောင်ရှင် မိတ်ဆွေတစ်ယောက်နှင့် ပြောဖြစ်ဖူးသည်။ သူက သူ့မိန်းမသည် ထိုအချက်ကို လက်မခံကြောင်း၊ သူ့ကို ကြိုက်လို့ယူပြီး အခုမှ ဘာဖြစ်သလေး၊ ညာဖြစ်သလေး ဂျီးများပြီး နောက်တစ်ယောက် တွေ့နေလို့ ဒီစကားမျိုး ပြောတာလား ဟု ပြန်မေးခွန်းထုတ်ကြောင်း၊ ပြောပြသည်။ အမှန်မှာ ထိုသို့လက်ခံခြင်းသည် မှားယွင်းပါမည်ဟု မိမိထင်ပါသည်။ တစ်ဖက်လူကို စွဲဆောင်နိုင်စေခဲ့သဖြင့် တစ်ဖက်လူက စိတ်ဝင်စား လာခဲ့ရခြင်းကို မမေ့သင့်ပါ။
အချုပ်ဆိုရသော် မြန်မာအိမ်ထောင်ရှင်များတွင် တစ်ဦးနှင့် တစ်ဦး ကိုယ်ပိုင် အခွင့်အရေးများကို အမှန်တကယ် လေးစားမှု မရှိကြခြင်း၊ အထူးသဖြင့် အမျိုးသမီးများ အပေါ် အမျိုးသားများ၏ အတွင်းသဏ္ဍာန်တွင် အဆင့်အတန်း ခွဲခြားထားခြင်း၊ တစ်ဦး၏ လွတ်လပ်ခွင့် နှင့် စိတ်ပျော်ရွင်ရာကို တစ်ဦးက ပိတ်ပင် ချုပ်ခြယ်တားမြစ်ခြင်း နှင့် တစ်ဦးကို တစ်ဦး ပွင့်လင်းမြင်သာမှု မရှိဘဲ ဖုံးကွယ်ထားခြင်း များသည် မြန်မာ့ အိမ်ထောင်ရှင်များ၏ အဓိက အားနည်းချက်များ ဖြစ်ကြောင်း မိမိ အနေဖြင့် တွေ့မြင်ပါသည်။ အကယ်စင်စစ် အိမ်ထောင်မပြုခင် မလိမ်မညာစတမ်း တစ်ဦးနှင့် တစ်ဦး တကယ်ချစ်သလားဆိုသည်ကို ဆန်းစစ်သင့်ပါကြောင်း
အကြံပြုအပ်ပါသည်။
                   ............... fwd.................
Sunday, April 24, 2011
အမြင်ကောင်းဖို့ အကောင်းမြင်ကြည့်ခြင်း။
images?q=tbn:ANd9GcS34wk_0hQ1E1OOlwQ58BcbiKa8n3CcOZvCzlxOBee0X3_CEl2AlQ
ဇာတိမရဏရုပ်ပိုင်းဆိုင်ရာက ဆန္ဒပြလာတဲ့ဒီအချိန်၆၀ ကျော် ၇၀နားကပ်နေပြီဖြစ်တဲ့ ကျွန်မ လို့အမေအိုတစ်ယောက်အတွက် အိမ်ကချွေးမ ချက်ပြုတ်ကျွေးမွေးမှစားနိုင်တော့တဲ့အချိန်မျိုး
ကိုယ်တိုင်ရှာဖွေနိုင်စွမ်းမရှိတော့တဲ့အချိန် သားနဲ့ချွေးမ ဆင်မှ ၀တ်ရ စားရတဲ့ ဘ၀မျိုးမှာ
တစ်ရက်မဟုတ် နေ့စဉ်ရက်ဆက်ကျွန်မလိုအမေအိုကျတော့အိမ်ရှေ့ခန်းမှာသေချာကျွေး
ထားတော့ထားပါပေရဲ့။
သားတော်မောင်နေ့စား အလုပ်ကပြန်မှ ချက်ပြုတ်ပြီးကျွေးမွေးတဲ့ ချွေးမ ကြည့်စမ်းပါအုံး ။ မီးဖိုချောင်ထဲက တွတ်ထိုးနေတဲ့ သားတော်မောင်နဲ့ချွေးမတော် ရဲ့  အသံတွေက နားထဲခါးလိုက်ပါဘိကွယ်။
(မောင် ထည့်စားပါဆို ရော့ ကြက်ရင်အုံသားနော်)
(စားပါ ရှင်မလေးရယ်..ရော့ မောင်က လည်း ဒီပုဇွန်တုတ်ကြော်ကြီးကို မစားရက်တော့ဘူး ချစ်လေးစား)
(ဟဟဟဟ)
(ဟွန်းးးးးးမောင်နော် မရပါဘူး မောင်က အလုပ်ကပင်ပန်းပြီးပြန်လာတာ ချစ်လေးမစားရက်ဘူး မောင်စား.
ရော့..)
(ဟားးဟားးးးးးး)
(ရော့ ဒါက မောင်အကြိုက်ဆုံး တုန်ယမ်းဟင်းရည် သောက်ကြည့် ကောင်းမှကောင်း)
(ဟားးးးတော်လိုက်တာ မိန်းမရာ ဒါကြောင့်ချစ်နေရတာ)
(ဟဟဟဟ)
(ရှူးးးတိုးတိုး မောင့်မေမေကြားသွားအုံးမယ်)
(ဟားဟားဟားးး)
ကြည့်စမ်းပါအုံး..အမေအိုကြီးကျတော့ကြက်ရင်အုံသား.ပုဇွန်ကြော်တွေကိုဦးဦးဖျားဖျား ကျွေးမယ်စိတ်မကူးဘူး
ချွေးမအမိုက်မလေးကိုမယားတော်ထားတော့သားကပါမိုက်လုံးနက်လာပါပေါ့လား.ကိုယ့်အမေကို တစ်ချက်ပဲမေးဖေါ်ရတယ်..အလုပ်ကပြန်တာနဲ့ဒီအမေအိုအတွက်ထမင်းစားဖို့လုပ်ပေးတာကမကောင်းတတ်လို့ပဲ...
(မေမေ ခနစောင့်နော် သား ကြက်သားလေးဝယ်လာတယ်အမေ့ ချွေးမကိုကြော်ခိုင်းအုံးမယ်)တဲ့
သားတော်မောင်လက်ထဲက ကျွတ်ကျွတ်အိတ်နဲ့ ထုတ်ထားတဲ့ ကြက်ပေါင်လေးတစ်ခြမ်း တော့လှမ်းတွေ့မိပါသေးတယ်
ခု ပုဇွန်ကြော်နဲ့ တုန်ယမ်းဟင်းရည်က ဘယ်ကပါလာရတာလဲ..
ကိုယ့်ရှေ့မှာရောက်နေတဲ့ ထမင်းတစ်ပန်းကန် ကြက်သားမွပြီးကြက်သွန်နီလေးနဲ့ စိုစိုလေးထောင်းကြော်တစ်ခွက်.အရည်
သောက်လားမသိ ကြက်သားပြုတ်ရည်ထဲ မုန်ညင်းရွက်ခတ်ထားတဲ့ ဟင်းတစ်ခွက်.
(ဦးဦးဖျားဖျား မေမေအရင်စား သားတို့နောက်မှ စားမယ် ရေချိုးအုံးမှာမို့နော် အမေ)တဲ့
ကျွန်မသိနေတာကြာပါပြီ။
 မနက်နေ့ည တိုင်း သူတို့တူတူမစားကြတာ ဒါကြောင့်ကို.အသားကောင်းငါးကောင်းတွေကို
အမေအိုကြီးကိုကျွေးရမှာကြောက်လို့ တူတူမစားကြတာကို ကျေးဇူးတရားမသိတဲ့သားမိုက် .ဒီတစ်ခါတော့ သီးခံနေလို့
မရတော့ဘူး..မလုပ်နိုင်မကိုင်နိုင် တော့လို့ ဘေးဖယ်ထားကြတာခံနိုင်တယ် ဒီလိုလူလည်ကြတာတော့ ရက်ဆက် သီးမခံ
နိုင်တော့ဘူး.
ကျွန်မ အတွေးတွေဘယ်လိုမှထိန်းချုပ်လို့မရတော့ပါ။
နေ့စားလုပ်တဲ့သားကပါ တစ်နေ့လုပ်မှ တစ်နေ့စားကြရမှန်းသိပေမဲ့ အမေအိုကြီးမသိအောင်ခိုးစုထားတဲ့ပိတ်ဆံတွေနဲ့ သူ့မိန်းမကိုကျသိတတ်နေလိုက်တာများကွယ်။ကျွေးမေ မွေးမေ ကျေးဇူးတရားကိုမှမသိတတ်တဲ့ သားမိုက်.
ဒေါသစိတ်က ထိုင်းမရတော့။ ကျွန်မ ရှေ့လာချပေးထားတဲ့ ထမင်းဟင်းပန်းကန်ကို စားကြည့်ပြီးမြိုချလို့မရတော့ ။
သူတို့ လုပ်နေတာတွေ ဒီအမေအိုသိတယ် ကြားတယ်ဆိုတာ ပြမှဖြစ်တော့မှာမို့ ကျွန်မ ခြေလှမ်းကြမ်းကြမ်းနဲ့ မီးဖိုတံခါး
ဆီသို့လျှောက်သွားမိပါတယ်။
ပြောနေကြတာ တဟီးဟီး တဟားဟား ပလုပ်ပလောင်းစားနေကြတဲ့ အသံတွေက ကျွန်မအတွက် ငရဲခန်းတစ်ခုလိုပါပဲ။
(၀ုန်းးးးးးးးးးးးး)
(ဟင် မေမေ ဘာဖြစ်လို့လဲဟင်)
(မေမေ့ )
(ဖြန်းးးးးးးးးးးးး)
(အားးးးးးမေမေ သားကိုဘာလို့ရိုက်တာလဲ)
(သားမိုက်..မဖက်လိုက်လို့မိုက်ဖက်ပါတယ်သားလူဆိုးကြီး ဒီအမေအိုကျတော့ ကျွေးရမှန်းမသိတဲ့သားမိုက် )
ကျွန်မလုံးဝစိတ်မထိုင်းနိုင်တော့ပါ မီးဖိုတံခါးကို ၀ုန်းကနဲ တွန်းကန်ဖွင့်ချလိုက်ပြီး
အားရှိပါးရှိ သားရဲ့နားရင်းကို ကျွန်မလက်ဝါးနဲ့ ရိုက်ချလိုက်ပြီး ချွေးမဆီတို့ ကျွန်မ လက်မရောက်ခင်..ကျွန်မ မြင်လိုက်ရတဲ့မြင်ကွင်းက ...မယုံနိုင်စရာပါလား..
သားနဲ့ချွေးမ စားနေတဲ့ထမင်းဝိုင်းက မုန်ညင်းအရည်သောက်လေးတစ်ခွက် စားပွဲအလည်မှာချလို့ သူ့တို့ပန်းကန်ဘေးမှာငရုတ်သီးကြော်လေးနှစ်တောင့်နဲ့ ချွေးမ ထမင်းပန်းကန်ပေါ်မှာအသားမပါတဲ့  ကြက်ပေါင်းရိုးလေး တစ်ရိုးပါလား။။
ဘုရား ဘုရား ဘယ်မှာလဲ ပုဇွန်ကြော် တွေ တုန်ယမ်းဟင်းအရည်သောက်တွေ ကြက်ရင်အုံကြော်ကြီးတွေ ...ကျွန်မ မယုံနိုင်စရာ ကိုယ့်မျက်စိပဲအကြည့်မှာသွားတာလား..
ကျွန်မ မျက်လုံးကို သေချာပြန်ပွတ်ပြီး သားနဲ့ချွေးမ စားနေတဲ့ ပန်းကန်တွေကိုပြန်ထပ်ကြည့်လိုက်မိပါတယ်။
(ဟင်........သား..သား..ရယ်..မေမေ ..မေမေ..  အကြားမှားတာလားကွယ်.မေမေကို.မေ့မေ့ကို  ...)
ကျွန်မဆက်ပြောဖို့အင်းအားမရှိတော့ပါ။ ချွေးမနဲ့သားကိုဖက်ပြီးအားရပါးရ အော်ငိုမိလိုက်ပါပြီ..
(မေမေရယ်..သတိထားပါဗျာ မငိုပါနဲ့တော့.သားတို့ မေမေကို စိတ်မဆင်းရဲစေချင်လို့ မေမေစားလို့မ၀မှာစိုးလို့ ခုလိုမီးဖိုထဲ သီးသန့်စားရတာပါမေမေရယ်..)
(မေမေ အမြင်မကောင်းတော့တာလားကွယ်)
(ဟုတ်ပါတယ် မေမေရယ် သမီးလည်း မောင်ဝယ်လာတဲ့ ဟင်းစားလေးကို မေမေ့ကအသက်ကြီးပြီ နုးနုးညံညံလေး
စားလို့ရအောင်ထောင်းကြော်လေးလုပ်ပေးပြီး အရိုးကို သမီးတို့စားဖို့ မုန်ညင်းရွက်လေးနဲ့ အရည်သောက်လေး ချက်ပီး
မောင်ပင်ပန်းတာပျောက်ပါစေတော့ဆိုတဲ့  ဆန္ဒတစ်ခု နဲ့ အာသာပြေပြောနေကြတာပါမေမေရယ်)
(သား နဲ့ သမီးရယ်..မေမေ ဒီလိုအတွေးတွေနဲ့ မှားနေတာ နှစ်နဲ့ချီ နေပါပေါ့လားကွယ်..)
(မေမေ..မငိုနဲ့တော့နော်..လာလာ အိမ်ရှေ့သွားရအောင်..)
သားနဲ့ ချွေးမ တွဲခေါ်လို့ အိမ်ရှေ့ရောက်လာတဲ့ ကျွန်မ  အားအင်တွေကုန်ဆုံး နုံးခွေလို့ နောင်တတရားတစ်ခုကို
ကောင်းကောင်းကြီးရလိုက်ပါတယ်..ယောက္ခမ နဲ့ချွေးမကြားမှာရှိတတ်ကြတဲ့ တန်လှန်မူ့လေးတွေဟာ..တကယ်တော့
ကျွန်မ လို သားကိုချစ်စောနဲ့ ချွေးမလုပ်သမျှ ဘာမှအကောင်းမမြင်မိတဲ့ မေမေလို့မခေါ်ထိုက်တဲ့ ကျွန်မလို အမေကြောင့်
ပါပဲလေ။
(မေမေ ဘာမှစိတ်မကောင်းမဖြစ်နဲ့နော်..သမီးတို့ နောက်ဆို မေမေနဲ့ပဲ တူတူထမင်းစားတော့မယ်နော်..
အော်..မေမေ ခနလေးရေသောက်အုံးနော်..သမီးရေခပ်ပေးမယ်)
ချွေးမလေး ရေခပ်ဖို့ မီးဖိုထဲဝင်သွားပြီး ရေတစ်ခွက် ကျွန်မ အတွက် ပါလာပါတယ်။လက်ထဲကအနွေးထည်လေးအသစ်တစ်ထည် ကိုင်လို့။
( ရော့ ဒါမေမေ့အတွက် သမီးတို့ကန်တော့ဖို့  မနက်ကဈေးကပြန်တော့ဝယ်လာတာ.အနွေးထည်လေးလေ. ညမှမောင့်နဲ့
တူတူ ကန်တော့ဖို့ မောင့်ကိုစောင့်နေတာ ဘုရားသွားကျောင်းတက်ရင် မေမေ မှာအဟောင်းပဲရှိတာ သတိရလိုက်လို့ပါ)
(အော်..သမီးရယ်..အဟင့်..ဟင့်)
(မေမေ ရယ် မငိုပါနဲ့ )
(သာဓု သာဓု သာဓု ပါကွယ် သားနဲ့ သမီး စိတ်ချမ်းသာကိုယ်ကျန်းမာလို့ လိုအင်ဆန္ဒ ပြည့်စုံကြပါစေကွယ်.)
(ဟုတ်ကဲ့ပါမေမေ မေမေ့အမြင်လေးတွေ ကောင်းဖို့ သားတို့ကို ဒီနေ့ကစအကောင်းမြင်ပေးပါနော် မေမေ)
(အေးပါကွယ်..သားရယ်)
ကျွန်မ ကိုထိုင်ကန်တော့နေတဲ့ သားနဲ့ ချွေးမ ကိုကြည့်ပြီး အတ္တတရားတွေနဲ့  အရှက်လုံဖို့ သား နဲ့ချွေးမရဲ့ ကရုဏာရှင်မျက်လုံးတွေကြားမှာ ကျွန်မ ပင့်သက်ကိုချွေချွေချရင်း ကိုယ့်ကိုကိုယ် ဓားစာခံလုပ်ကြည့်လိုက်မိပါတယ်.။
ချစ်ခြင်းမုန်းခြင်း သံသရာတစ်ခုကြား အလိုဆန္ဒက ကိုယ့်ဘ၀ကို မရှင်းထုတ်နိုင်သရွှေ့  မနက်ဖန်အတွက် အရှက်လှုံဖို့  ဘ၀ကောင်းကွက်တစ်ခုမှာပဲ ရှင်သန်ခြင်းနိယာမ နဲ့  အားပေးနေတဲ့ မိသားစုတစ်ခု ကို ကျမ မျက်နှာဘယ်သို့ပြရပါလမ့်မလဲ...?
ကျွန်မ ရဲ့  ညနက်နက်လှိုင်ဂေါင်းတစ်ခုထဲမှာပဲ ကိုယ့်အသံကိုယ်မြိုချနေမိပါတော့တယ်။
ကဲ..ဒါဆိုရင်ကျွန်မအတွက်  နေကြည့်မလား သေကြည့်မလား အခြေအနေက  အကြံကုန် ဂဠုန်ဆားမချက်သေးသရွေ့  မျက်ခွန်ကိုတွန်းဖွင့်ရင်း မနက်ခင်းနေခြည်
မှာပဲ  ညနေခင်းအကြောင်းကြိုမတွေးပဲ  အကြည့်မှာလာငြိနေတဲ့ အာရုံတိုင်းကို အရှိတရားရယ် အသိတရားရယ် အိမ်မှားမ၀င်မိအောင်.
ကျွန်မ ဘာလုပ်သင့်သလဲဟင်...........?
အဓိပ္ပါယ်တစ်ခုခုထွက်ကြလာဖို့  ကျွန်မ လှမ်းဆွဲမဲ့ အရိပ်ကအကောင်ဖြစ်နိုင်ပါ့မလား ဆိုတာပါပဲလေ.။ 
ဒါဆိုရင် ကျွန်မလိုအမေတွေအတွက် အမြင်ကောင်းအောင် အကောင်းမြင်ဖို့လိုတာပါပဲလား.။
                  (အကြင်နာနန်းတော်မှကူးယူဖော်ပြသည်)
Saturday, April 23, 2011
အိမ်
အိမ်ဆိုတာ အမိုး ၊အကာ ၊နေဒဏ် မိုးဒဏ် ခံနိုင်ယုံနဲ့ အိမ်လို့ဆိုနိုင်သလား။ ကျနော်ကတော့ အိမ်ဆိုတာ နွေးထွေးတဲ့ ရင်ငွေ့တွေနဲ့ ချစ်စရာဆည်းလည်းလေးတွေ ဇနီးရဲ့ ဂရုဏာသံ သမီးကြီးရဲ့ စာကျက်သံ သမီးငယ်လေးရဲ့ တီတီတာတာ ချစ်စရာစကားလေးတွေကြားမှာ ကျနော့်ရဲ့ အိမ်ကလေးကတော့ လှပအသက်ဝင်နေပါတယ် ။ ဒီအိမ်ကလေးမှာ စီးဖို့ အတွက် ဒန်း မရှိ၊ လှပတဲ့ ပန်းအိုးတွေလည်းမရှိ ခြံဝန်းထဲက အဆောင်ယောင်ဆိုလို့ ကျနော်ပျိုးထောင်ထားတဲ့ ငှက်ပျော်ပင်တစ်ချို့သာ ။ ခံစားတက်ရင်တော့ ဒါတွေကလည်း သဘာဝအလှတရားတွေပါပဲ။ အိမ်တွင်း ပရိဘောဂတွေကတော့ သေတ္တာတစ်လုံး ကျနော့် မိသားစုအ၀တ်ထည်တစ်ချို့ အိုးခွက်ပန်းကန် အနည်းငယ်က ကျနော်ပိုင်ဆိုင်သမျှ အရာအားလုံးပါပဲ။ ကျနော့်နာမည် “လှဝင်း”ပါ အသက်ကတော့ ၃၀ ကျော်လို့ ၅ နှစ်နီးပါ စွန်းပြီပေါ့ နာမည်နဲ့ မလိုက်ဖက်စွာ ကျနော့် ဘ၀ကတော့ မလှခဲ့တာအမှန် မွေးကတည်းက အဖေ အမေ ဘယ်သူဆိုတာမသိခဲ့ရဘူး ။ကျနော့် မွေးစားဖခင်ရဲ့ ကျေးဇူးကြောင့်သာ ခုချိန်ထိ အသက်ရှင်နေနိုင်တာပါ။
မိသားစုမေတ္တာကို ငတ်မွတ်နေတဲ့ ကျနော့်အတွက် လှပတဲ့ စိတ်ကူးယဉ် အိပ်မက်လေးတွေ လက်တွေ့မှာ တကယ်ဖြစ်ခဲ့တယ် ။ သိပ်ချစ်ဖို့ကောင်းပြီး နားလည်မှု အပြည့်ရှိတဲ့ ကျနော့်ဇနီး “မိသန်း” ။တစ်ချို့တွေက ပြောတယ် ကျနော့်ဇနီးကမလှဘူးတဲ့ ဒါပေမယ့် ကျနော့်မျက်စိထဲမှာတော့ သူမက အလှဆုံးပါပဲ ပြီးတော့ သူမရဲ့အတွင်းစိတ်ထဲက အလှတရားကို ကျနော်က သေချာမြင်နိုင်တယ်ဆိုရင်တော့ ကိုယ့်ဇနီးမို့ ကြွားတယ်ထင်ကြအုံးမယ်။ သူမ ကျနော့်အပေါ် ဘယ်လောက်နားလည်သလဲဆိုရင် ညနေပိုင်း အလုပ်ပင်ပန်းလို့ အပန်းဖြေစရာ တောအရက်တစ်ပုလင်းကို ကိုယ်တိုင်အသင့်ဝယ်ထားပေးတက်တယ် ကြက်ကြော်မဟုတ်ပေမယ့် ကြက်သွန်နီလေးပါးပါးလှီး ပဲလှော်လေးနဲ့ သုတ်ထားပေးတက်တယ် စကားပြောစရာအဖော်လား ကျနော် ပြောသမျှကို မငြီးမငြူနဲ့ နားထောင်ပေးတက်တဲ့ အဖော်က ကျနော့်ဇနီးပဲပေါ့ သူမက ကျနော်နဲ့အတူ လောကဓံ တိုက်ပွဲဝင်နေတဲ့ ရဲဘော်ရဲဘက် ခံစားချက်တွေ မျှဝေခံစားပေးတက်တဲ့ သူငယ်ချင်းကောင်း မိခင်မေတ္တာတွေလည်း ပေစွမ်းနိုင်တဲ့ ဘ၀အတွက်အရေးပါတဲ့ လူသားတစ်ယောက်ပေါ့ ကျနော်သူမကိုသိပ်ချစ်တယ်။
အိမ်ရဲ့ ဆည်းလည်းလေးတွေ အဖြစ် “စု” ဆိုတဲ့ ၅ နှစ်သမီးလေး၊ နှင်းပွင့်လေးလိုသိပ်ကိုလှတဲ့ “ဖြူနှင်း”ဆိုတဲ့ ၃ နှစ်သမီးလေးကို ကျနော်ပိုင်ဆိုင်ထားတယ် ရွှေပေါ်မြတင် မမွေးခဲ့ရပေမယ့် သူတို့လေးတွေက ကျနော့်အတွက်တော့ အဖိုးဖြတ်မရတဲ့ ရတနာလေးတွေပါ။ ကျနော်ပေါက်လိုက်တဲ့ ပေါက်တူးသွားတွေပေါ်မှာ သမီးလေးတွေရဲ့ အနာဂတ်တွေပါတယ် ချွေးစက်လေးတွေကျတိုင်း သူတို့အတွက် လာမယ့်နွေဦးအတွက် ချစ်စရာ ဂါဝန်လေးတွေ ဆင်မြန်းနိုင်ဖို့လို့ ကျနော် ခံစားရတယ် ။ ကြမ်းရှရှကျနော့် လက်တွေကို ဇနီးသည်က ကြည့်ပြီး မျက်ရည်ကျနေတာတွေ့တော့ အားပေးရသေးတယ် “ ဒို့တွေ အနာဂတ်လှဖို့ ဒီလက်ကြမ်းတာလောက်လေးကို မျက်ရည်ကျလို့ ဘယ်ဖြစ်မလဲမိန်းမရယ် မင်း ဒီထက်ကြမ်းတဲ့ အခြေနေမျိုးတွေ ရင်ဆိုင်နိုင်ဖို့ ကြိုးစားစမ်းပါ ” ။ တစ်မြန်နှစ်က ကွမ်းဈေးတွေကောင်းတော့ ကျနော်တို့မိသားစုလည်း စွန့်စားလိုက်တယ် လိုအပ်တဲ့ ကွမ်းတိုင် မြက်ရှင်းခ လူငှားခတွေ မလောက်တော့ ရှိတော့တန်ဆာ မရှိတော့ ၀မ်းစာဆိုတဲ့အတိုင်း မိန်းမ နားကပ်၊ သမီးကြီးနဲ့ သမီးငယ် နားကပ်လေးကို ရောင်းလိုက်ရတယ် ။ အဲ့ဒီနေ့ကပေါ့ သိပ်လှချင်တဲ့ ကျနော့်သမီးငယ်လေးက သူ့ရဲ့နားကပ်လေးကို ကြည့်ပြီး အသံမထွက် နှုတ်ခမ်းတွေ တစပ်စပ်တုန်နေပြီး မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာလိုက်တာ ကျနော့်ရင်ထဲ သံချွှန်တွေနဲ့ ထိုးခံရသလို (မငိုပါနဲ့ သမီးရယ် မငိုပါနဲ့တော့ အဖေ့ရင်တွေ ကွဲတော့မယ်-- အသံတိတ် ရင်တွင်းစကား) ။အသုံးမကျတဲ့ မင်းအဖေ၊ တာဝန်မကျေတဲ့ အဖေကို ခွင့်မလွှတ်ပါနဲ့ကွာ။
ကံမကောင်းခြင်းတွေ ကျနော့်ဆီကို မကြာမကြာရောက်လာတက်တယ်ဆိုရင် ခင်ဗျားတို့ ယုံကြည်နိုင်ပါ့မလား။ ရှိသမျှအရင်းလေးတွေ ပုံအောလိုက်ရပေမယ့် ကျနော့်တို့ရဲ့ အဓိက စီးပွားရေးဖြစ်တဲ့ ကွမ်းပင်တွေက ပြီးခဲ့တဲ့မေလ နာဂစ်အောက်မှာ ပြားပြားဝပ်သွားခဲ့ရတယ် ။ ဘာနဲ့စားရမလဲ ဘာဆက်လုပ်ရမလဲ ဒီတစ်ခါ ဘ၀ကို အရှုံးပေးဖို့ကြိုးစားနေတဲ့ ကျနော့်ကို ဇနီးသည်က အားပေးခဲ့တယ်။ ရွာထဲကို အချေးငှာ မထွက်တက်သော လူများများနဲ့ ရောထွေးရတဲ့ အလုပ်တွေကို မရဲဝံသော ၊ အိမ်ထောင်စကျပြီးတည်းက မိဘဆီက လက်ဖြန့်မတောင်းတက်တဲ့ ဇနီးက ဒီတစ်ခါတော့ သူ့မိဘတွေကို အကူညီတောင်းဖို့ဆိုပြီး သမီးငယ်ကို လက်ဆွဲ ယောက်ခမတွေရွာကို နှစ်ညအိပ် ခရီးထွက်သွားလိုက်တယ်။ အသင့်တင့်ပြေလည်တယ်လို့ဆိုရမယ့် သဘောကောင်းတဲ့ ယောက်ခမတွေက အရင်းနှီးလေး ၁သိန်းကျော်ကျော် ထုတ်ပေးလိုက်တယ်။
ဒီနှစ်ရွာမှာ လူတိုင်းလိုလို အဆင်ပြေနေကြတဲ့ ပုရစ် ကောက်တဲ့ အလုပ်က အဆင်ပြေနေတာဆိုတော့ ကျနော်လည်း မီးစက်လေးတစ်လုံး ၀ယ်လိုက်တယ်။ ပြီးတော့ လိုအပ်တာလေးတွေဝယ် ၀မ်းရေးကအဆင်မပြေဘူးဆိုတော့ ငရဲကြီးတာတွေ ဘာတွေ မသိတော့ပါဘူး ကျနော့် မိသားစု စားရဖို့အတွက်ဆိုရင် ခိုးကျွေးရ ကျွေးရ နောက်ဆုံး ဓားပြတိုက်သင့်တိုက်ရမှာပဲ ဒါ ခင်ပွန်းတစ်ယောက်ရဲ့ အတ္တ ဖခင်တစ်ယောက်ရဲ့ လောဘပဲ ။လသာတဲ့ ညဆို ပရစ်တွေအရမ်းကျတာပေါ့ မီးစက်မောင်းထားတဲ့ အနီး ပိတ်ဖြူဖြူတွေကို ရိုက်ခတ်တဲ့အသံတွေနဲ့ ပရစ်တွေက တဘုတ်ဘုတ် ။ အိမ်က ယူခဲ့တဲ့ ဖျာကြမ်းနဲ့ စောင်ကိုခြုံပြီး သမီးငယ်လေးက အိပ်ပျော်နေတယ် မိသားစု ၃ ယောက် ကောက်လိုက်တာ တစ်ကောင် ၂၀ကျပ်လောက်ရတဲ့ ပရစ် တစ်ညတည်း ကောင်ရေ ၃ ထောင်ကျော်ရလိုက်တော့ တော်တော်ကို အဆင်ပြေသွားတယ်။ ယောက်ခမတွေဆီကလှည့်ထားတဲ့ ငွေလည်း ပြန်ဆပ်နိုင်ပြီး မိန်းမ နဲ့သမီးလေးတွေအတွက် နာကပ်လေးတွေလည်း ကျနော်ပြန်ဝယ်ပေးနိုင်ခဲ့တဲ့အတွက် သိပ်ကိုပျော်နေတယ်။ ဒီ့ထက်ပျော်စရာကောင်းတာက ကော်ပေတံလေးကိုင်ချင်ပေမယ့် ကျနော်ကိုယ်တိုင်လုပ် ၀ါးခြမ်းပြားပေတံ ၊ စုပေါင်းစပ်ပေါင်း စာရွက်ပေါင်းချုပ် ၊ ညစ်နွမ်းနွမ်းကျောင်းစိမ်းဝတ်စုံ ဘဲဥကြော် တစ်လုံးနဲ့ ထမင်းထုတ်ပြီး ဆင်းဆင်းရဲရဲ ကျောင်းတက်နေရတဲ့ ကျနော့်သမီးကြီးက သူ့အတန်းမှာ ပထမရတယ်တဲ့ ။
ဒီနေ့ သမီးကြီး ဆုပေးပွဲသွားကြမယ် မနက်အဆာပြေ ချဉ်ပေါင်းဟင်းချိုးနဲ့ ငါးခြောက်ကြော်စားအပြီးတော့ သွားဖို့ပြင်ဆင်ကြတယ် ။ တစ်နှစ်လောက်နေလို့မှ အ၀တ်သစ်တစ်စုံ မ၀ယ်ပေးနိုင်တဲ့ဇနီးကို စိတ်မကောင်းဖြစ်စွာ ကြည့်မိတော့ မင်္ဂလာမဆောင်ခင် ကျနော်ဝယ်ထားပေးတဲ့ ပါတိတ်ဝမ်းဆတ်လေးနဲ့ သိပ်ကိုလှနေပါလား မနေ့ကမှ သူ့အမေ ၀ယ်ထားပေးတဲ့ ကျောင်းစိမ်းဂါဝန်လေးနဲ့ သမီးကြီးက ပိတိ မျက်ဝန်းတွေနဲ့ သမီးငယ်ကတော့ မကြီးဟာက မလှဘူး မီးဟာက လှတာ ဆိုပြီး အားကျမခံ နှုတ်ခမ်းကလေးထော်ပြီး အလိုမကျတဲ့ မျက်နှာလေးနဲ့။မခမ်းနားပေမယ့် ရွာက မူးလတန်းကျောင်း ခန်းမထဲမှာတော့ ကျောင်းသားမိဘ၊ ကျောင်းသားတွေနဲ့ စည်ကားနေတယ်။ သိပ်မကြာခင် ဆုပေးပွဲကြေငြာတဲ့ ဆရာမတစ်ယောက်ရဲ့ မိုက်ပေါ်က ထွက်လာတဲ့အသံက
“သူငယ်တန်း ပထမဆုရရှိသော အဘ “ ဦးလှဝင်း” ရဲ့ သမီး “မစုမြတ်ဝင်း” ဆုယူရန် ဆင်မြင့်ပေါ်သို့ကြွပါ”
ကြေငြာသံအဆုံး လက်ခုပ်သံတွေကြားလိုက်ရတဲ့အခိုက် ကြက်သီးမွေးညင်းတွေထပြီး ၀မ်းသာလွန်းလို့ ဂုဏ်ယူမိလွန်းလို့ စိတ်နဲ့လူနဲ့ မကပ်တော့သလို သတိထားမိလိုက်တော့ မှတ်မိစအရွယ်ထဲက မကျတက်တဲ့ ကျနော့် မျက်ဝန်းထဲက မျက်ရည်တွေ စီးကျနေပါလား ဒါ ပိတိမျက်ရည်ပေါ့ ။ကျနော် ကြိုးစားရမယ် အဆင်းမရှိတဲ့ အိမ်ကလေး တန်ဆာတွေ ကင်းမဲ့တဲ့ အိမ်ကလေးကို မှီခိုနေကြတဲ့ ဇနီးနဲ့ သမီးတွေ အတွက် ကြိုးစားရမယ် ။ ကျနော်က ဒီအိမ်ကလေးရဲ့ ခင်ပွန်းတစ်ယောက် ဖခင်တစ်ယောက်ဖြစ်နေလို့ပါပဲ ကျနော့် အိမ် ကလေး တစ်စစ အသက်ဝင်လာပြီးးးးးးးးးးးးးးးးးးးးးးးး။ ကျေဇူးပါ ကံကြမ္မာ ငါ့ကို မျက်နှာသာပေးတဲ့အတွက် အမြဲတမ်းကျေးဇူးပါ ။
မောင်မျိုး
facebook  စာမျက်နှာမှရယူပါသည်။
Tuesday, April 19, 2011
ဥပမာကောင်း
ဖခင်ဖြစ်သူက သမီးဖြစ်သူကို ခေါ်ပြီးပြောတာကနေ စကြရအောင်….
ဖခင်။ အဖေ.သမီးကိုတစ်ခုပြမယ်.အရေးကြီးတယ်နော်..
ပြီးတော့ ဖခင်ဖြစ်သူက တစ်စုံတစ်ခုကို အင်္ကျီအိပ်ထဲကနှိက်ပြီး လက်ထဲဆုပ်ကိုင်ထားလိုက်ပါတယ်။
ဘာလဲဆိုတာသိချင်လားလို့သမီးဖြစ်သူကိုမေးတယ်။
သမီးဖြစ်သူက ခေါင်းညှိက်တဲ့အခါမှာတော့ ဒါဆို သမီး ထိုင်ထ ၁ခေါက်လုပ်..
သမီးဖြစ်သူက ထိုင်ထ လုပ်လဲပြီးရော ဖခင်ဖြစ်သူက ၃ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။
သမီးဖြစ်သူလုပ်လဲပြီးရော ၅ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။
သမီးဖြစ်သူကလဲ ၅ခေါက်လုပ်ပြန်ပါတယ်။ ပြီးတော့ ဖခင်ဖြစ်သူက ၁၀ ခေါက်အထိ ဆိုလာပြန်တယ်။
ထိုအခါ သမီးဖြစ်သူက ၁၀ခေါက်လုပ်ပြီးတော့..အဖေရယ် သမီးကို ဘာလဲဆိုတာသိအောင်ပြပါတော့လို့ဆိုတယ်။
အဲ့ဒီတော့မှ ဖခင်ဖြစ်သူက လက်ထဲမှာဆုပ်ကိုင်ထားတာလေးကိုဖွင့်ပြလိုက်တော့ အကြွေတစ်မတ်စေ့ ဖြစ်နေတယ်။
အဲ့ဒီအကြွေစေ့လေးကိုပဲ လက်ထဲမှာနောက်တစ်ခေါက်ပြန်ဆုပ်ကိုင်လိုက်ပြီးတော့ သမီးဖြစ်သူကို ထိုင်ထ ၁၀ ခေါက်လုပ်ရင်ပြမယ်လို့ပြောတယ်။
သမီးဖြစ်သူက မတွေ့ချင်ပါဘူး.. သမီးတွေ့ပြီးပြီပဲဟာ..လို့ပြန်ပြောလိုက်တယ်။
ထိုအခါ ဖခင်ဖြစ်သူက ၁ ခေါက်ပဲလုပ်ပါသမီးရယ်..အဖေပြပါ့မယ်လို့ဆိုသတဲ့။
၁ခေါက်လဲမလုပ်နိုင်ဘူး..တွေ့ပြီးမြင်ပြီးသားပဲဟာလို့ သမီးကပြန်ပြောသတဲ့။
ဒါဆို အလကားပဲပြမယ်သမီးရယ်..ကြည့်မလားလို့ဖခင်ကပြန်မေးတယ်။
အလကားလဲ မတွေ့ချင်ပါဘူး..တွေ့ပြီးမြင်ပြီးသွားရင်ဘာတန်ဖိုးရှိတော့တာမှတ်လို့…ဆိုပြီးသမီးဖြစ်သူကပြန်ပြောတယ်။
အဲ့ဒီတော့မှဖခင်ဖြစ်သူက.. ဒီဥပမာလေးလိုပဲသမီးရယ်.မတွေ့ခင်မမြင်ခင်က တန်ဖိုးကြီးမားပြီးလိုသလို ခိုင်းလို့ရတဲ့
ဒီမတ်စေ့လေးဟာ တွေ့မြင်သွားပြီးတဲ့နောက်မှာ တန်ဖိုးမရှိတော့ဘူးမဟုတ်လား…
ဒီလိုပဲသမီးရေ..ထိန်းသိမ်းစောင့်ရှောက်ထားသင့်တဲ့အရာတွေကိုလဲ အချိန်မတန်ခင်မှာ တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကို
ပေးမမြင် ပေးမတွေ့သင့်ဘူး..သမီးတို့ရဲ့ အပျိုစင်ဘ၀ကိုလဲဒီမတ်စေ့လေးလိုပဲ အချိန်မတန်ခင် တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကိုပေးမမြင် ပေးမတွေ့သင့်ဘူး။
ကဲ.ဒါဆို..သူငယ်ချင်းတို့ရဲ့မတ်စေ့လေးကရော တန်ဖိုးရှိသေးရဲ့လားဟင်****
**ငှက်ကြီး**
(၁၆.၄.၂၀၁၁)
Monday, April 18, 2011
ပါရမီဖြည့်ဖက် တစ်ယောက်၏ မှတ်တမ်း
“ဟင်း”
ပန်းကန်စင်ကို တရွတ်တိုက်ဆွဲယူလာအပြီးတွင် သက်ပြင်းပူပူကို မှုတ်ထုတ်လိုက်၏။ မောပန်းလွန်း၍ မ ရန် အင်အားမရှိတော့။ နေရာမချရသေး၍ ပစ္စည်းများ အားလုံး ပြန့်ကြဲနေ၏။
နေရာလွတ်တစ်ထောင့်တွင် ညောင်းညာလှပြီဖြစ်သော ခြေထောက်များကိုအနားပေးရန် ၀သောခန္ဓာကိုယ်ကို ထိန်း၍ ထိုင်လိုက်၏။ “အမေ သားတို့ လက်ဖက်ရည်သွားသောက်ဦးမယ်” ဟုပြော၍ သားနှစ်ယောက်က ထွက်သွားသည်။ သူတို့အဖေက အိမ်လိုက်ပြောင်းပေးသော သူ့သူငယ်ချင်းကို ညစာလိုက်ကျွေး၏။ ဒေါ်ချို တစ်ယောက်သာ အိမ်တွင် ကျန်ခဲ့သည်။ ညစာစားချိန်ဖြစ်သော်လည်း လေခံ၍ ရင်ပြည့်နေသည်။ လေနှင့်အတူ ပူပင်သောကများလည်း ခံနေသည်ဟု ပြောလျှင် ပိုမှန်ပေမည်။ နံရံကိုမှီ၍ မျက်လုံးကို ခဏမှိတ်ထားလိုက်သည်။ ရုတ်တရက် ခြေသံသဲ့သဲ့ကြား၍ ရင်ထိတ်သွားသေး၏။
သြော် တံခါးခေါက်သံများ၊ ခြေသံများကို ရင်ထိတ်ရသည်မှာ ၁၀စုနှစ်တစ်စုလောက်ပေကိုး။ တိတ်ဆိတ်မှုသည် ဒေါ်ချိုကို အတိတ်ပုံရိပ်များသို့ ဖြည်းညှင်းစွာ ဆွဲခေါ်သွားလေ၏။ BEd ဆင်းခါစ အထက်တန်းပြဆရာမလေး ချိုနွယ်ကိုသည် အညာသူညိုချောလေးဖြစ်၏။ ချိုချိုတဖြစ်လဲ ချိုနွယ်ကိုသည် ရန်ကုန်ကျောင်းတော်ကြီးတွင် တက္ကသိုလ်ပညာသာမက အလှပေါ်အယဉ်ဆင့်သည့် လေယူလေသိမ်း ပြောဟန်၊ ကြည့်ဟန်၊ ရယ်ဟန်၊ ပြုံးဟန် မာယာ အတော်အတန်ကိုလည်း တတ်မြောက်ခဲ့ပါ၏။ ကျောင်းပြီး၍ ပထမဆုံးတာဝန်ကျသည်က ပုသိမ်မြို့၊ အညာသူအတွက် ပင်လယ်ကမ်းခြေနှင့်နီးသော၊ မြစ်ချောင်းများပေါသော ပုသိမ်မြို့သည် တစိမ်းပြင်ပြင်ဖြစ်နေ၏။ သို့သော် ဝေးလံခေါင်သီ တောရပ်မဟုတ်၊ တိုင်းမြို့တော်ဖြစ်၍ ချိုနွယ်ကို ကံကောင်းသည်ဟု ပြောကြသည်။
ပို၍ကံကောင်းသည်ကတော့ ဧည့်ခံပွဲတစ်ခုတွင် ကိုအုန်းခင်နှင့် တွေ့ဆုံခြင်းပင်။ ချိုနွယ်ကိုထက် ရှစ်နှစ်ကျော်ကြီးသော ကိုအုန်းခင်သည် ပုလဲနှင့် ငါးလုပ်ငန်းဌာနမှ ဧရာဝတီတိုင်း၏ တိုင်းဦးစီးမှူးပေါက်စ။ အသက်သုံးဆယ်ကျော်၊ မေးရိုးတင်းတင်းနှင့် စူးရှသော မျက်လုံးပိုင်ရှင် ကိုအုန်းခင်သည် မိဘများ ပြောပြီးဆိုပြီး စေ့စပ်ထားသော သတို့သမီးလောင်းကိုပစ်၍ မိဘများကို ဆန့်ကျင်၍ပင် ချိုနွယ်ကို ကိုအရယူခဲ့သည်။ ထိုအချိန်ထဲကပင် ကိုအုန်းခင်၏ ဇွဲကြီးသော၊ လုပ်ချင်လျှင် မည်သူ့စကားမျှ နားမထောင် ခံယူချက်ပြင်းထန်သော စိတ်ဓာတ်ကို နားလည်သိရှိခဲ့သင့်သည်။ ထိုသို့ဖြင့် အထက်တန်းပြ ဆရာမ လုပ်သက်နှစ်နှစ်မျှ မပြည့်မီပင် ဆရာမဒေါ်ချိုနွယ်ကို၏ ၀ိသေသနောက်တွင် တိုင်းဦးစီးမှူးကတော်ဟူသည့် ဂုဏ်ပုဒ်တစ်ခုရရှိခဲ့သည်။ ဖမ်းသည်ဟူသော ဝေါဟာရများ၊ “လုံးဝ ချွေးမအဖြစ် အသိအမှတ်မပြုပါ”ဟူသော စကားလုံး ထိုးစစ်များကြားမှပင် ချိုနွယ်ကို တစ်ယောက် ရုံးမှရသော မာစတာဂျစ် ကားကလေးနှင့် ကျောင်းသို့ ကြော့ကြော့လေးလာနိုင်၏။ ဈေးသွားလျှင် ခြင်းကိုင်ရန် ကိုအုန်းခင် တပည့်တစ်ယောက်က အသင့်၊ အိမ်တွင် အိမ်ဖော်မလို။ အောက်ဆိုဒ်ရသော ဌာနဖြစ်၍ “ဆရာ ၊ ဆရာ” ချင်းထပ်အောင် ဘုတ်တက်ဘုတ်ဆင်း ကူညီချင်သောသူများလှသည်။
သားသမီး ငါးယောက်တွင် အကြီးဆုံးသမီးဖြစ်သော ချိုနွယ်ကိုသည် အညာမှ မိဘများထံသို့လည်း အတော်အတန်ကဲ့၍ ဖို့နိုင်ခဲ့သည်။ ကိုအုန်းခင်ဘက်က ဆွေပြတ်မျိုးပြတ် ဖြစ်နေသည်ကပင် သွားစရာထောက်စရာမလို ပိုကောင်းနေတော့၏။ သားကြီးရဲခန့်၊ သားလတ်မင်းခန့်၊ သားငယ်မိုးခန့်တို့သည် ချိုနွယ်ကို၏ ပွားစီးလာသော ရတနာလေးများဖြစ်သည်။ ကျောင်းမှ ဆရာမများကြားတွင် တိုင်းဦးစီးမှူးကတော် ဒေါ်ချိုနွယ်ကိုသည် သားရှင်ဟူသော ဂုဏ်ပုဒ်နှင့် မာန်တက်ခဲ့သေး၏။ ထိုသို့ အစစအဆင်ပြေချောမွေ့နေသော ဘ၀တစ်ခုသည် တည်မြဲလိမ့်မည်ဟု မှတ်ထင်ခဲ့သည်။ အနည်းဆုံး ကိုအုန်းခင် ပင်စင်ယူသည့်နှစ်အထိပေါ့။ တပည့်တပန်းများ၊ ခြွေရံသင်းပင်းများ၊ လာဘ်လာဘများနှင့် သာယာနေသော ချိုနွယ်ကိုသည် သားသုံးယောက်ကိစ္စ၊ မိဘများကို ငွေခိုး၍ ပို့သောကိစ္စများမှလွဲ၍ အနာဂတ်အတွက် ဖယ်၍ ငွေစုဆောင်းရန် မေ့လျှော့ခဲ့သည်မှာ အမှန်ပင်။
၈၈အရေးအခင်းသည် ကိုအုန်းခင်၏ အိပ်မောကျနေသော နိုင်ငံရေးအသိကို လှုပ်နှိုးလိုက်သည်။ ပုလဲနှင့် ငါးဌာနတွင် ကိုအုန်းခင်ဦးဆောင်၍ စည်းကမ်းသေ၀ပ်စွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်သည့် အချိန်တွင် ချိုနွယ်ကိုလည်း မလျှော့သော တာဝန်သိစိတ်ဖြင့် ဆရာမများအသင်း ချီတက်ရာ လိုက်ပါခဲ့သည်။ လမ်းဘေးရေအိုးစင်များတွင် အဆိပ်ခပ်သည်၊ ထောင်ဖောက်ပေးလိုက်၍ နှစ်ကြီးရာဇ၀တ်သားများက ဆန္ဒပြသူများကို ၀င်ရိုက်သည် စသည့်သတင်းများ၊ အန္တရာယ်များကြားမှပင် သားသုံးယောက်ကို အထိန်းလက်အပ်ကာ ကိုယ့်ထမင်းချိုင့်ကိုယ်သယ် ကိုယ့်ရေဗူးကိုယ်ဆွဲ၍ ပုသိမ်တစ်မြို့လုံး ပြဲပြဲစင်အောင် ခြေလျှင်လျှောက်၍ လင်မယားနှစ်ယောက်စလုံး ဆိုင်ရာဌာနတို့မှ ဒို့အရေး အော်ခဲ့ကြသည်။
ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ကြားသောအခါ ကိုအုန်းခင်က “တွေ့လား လူထုအင်အားကြောင့် အောင်မြင်ရပြီ”ဟု ၀မ်းသာအားရပြောခဲ့သည်။ ထိုမှတဆင့် NLD ပါတီသို့ ကိုအုန်းခင် ၀င်ခဲ့သည်ကိုလည်း ချိုနွယ်ကို အပြည့်အ၀ထောက်ခံခဲ့သည်။ မဲဆွယ်စည်းရုံးပွဲများတွင် ကိုအုန်းခင် တရားဟောသည်ကို သွားကြည့်ရင်း အောင်မြင်သောအသံ၊ ခိုင်မာသောယုံကြည်ချက်တို့ဖြင့် ကိုအုန်းခင်ကို “ဒါ ငါ့ယောက်ျားပဲ”ဟု ဂုဏ်ယူစိတ်ဖြင့် မျက်ရည်ပင် ၀ဲ၍ ပီတိဖြစ်ခဲ့ရ၏။ သည့်နောက်တွင် အားလုံးသိကြသည်များ ဖြစ်ပျက်သည်မို့ မပြောလိုတော့ပါ။ အားလုံးမသိသည့် အကြောင်းများသာ ပြောပြလိုသည်။
ပုလဲနှင့်ငါးဌာနတစ်ခုလုံးကို မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် ဖျက်သိမ်းလိုက်သည်။ ပုလဲနှင့်ငါးဌာနမှ ၀န်ထမ်းများကို ရေလုပ်ငန်းဦးစီးဌာန လက်အောက်သို့ ပြောင်းရွှေ့ပေးလိုက်သည်။ ထိုသို့ ပြောင်းရွှေ့ပေးရာအထဲတွင် အရေးအခင်း၌ အထင်ကရပါခဲ့သူများမပါချေ။ ထိုသူများမှာ Force to resign စာရင်းနှင့် အတူ နေ့တွင်းချင်း အလုပ်လက်မဲ့ ဖြစ်ကြ၏။ ထိုအထဲတွင် ကိုအုန်းခင် ထိပ်ဆုံးကပါသည်ကို အထူးပြောရန်မလိုပါ။ ထို့နောက်တွင်တော့ ညသန်းခေါင်ကျော် တံခါးခေါက်သံများကို ရှောင်ရသော ကာလတစ်ခုကို ဖြတ်ကျော်ခဲ့ရ၏။
ကိုအုန်းခင် ရှောင်နေတိမ်းနေသော ကာလတွင် ချိုနွယ်ကိုတစ်ယောက် ကလေးသုံးယောက်နှင့် ဒေါင်ချာစိုင်းနေသည်။ ဆရာမအလုပ်တဖက်၊ ကလေးများ တာဝန်တဖက်နှင့် ယခင်လုပ်လေ့လုပ်ထအသားမကျ၍ အမြင့်မှ ပြုတ်ကျသူလို အကျနာလှ၏။ ခြွေရံသင်းပင်းအားလုံးသည် ရာထူးဂုဏ်ရှိန်နှင့် အတူ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်၏။ အဆိုးဆုံးမှာ ဌာနကပေးထားသော အိမ်နှင့်ကားကို ပြန်အပ်ရခြင်းပင်။
ထိုအချိန်မှ ချိုနွယ်ကိုတို့တွင် ကိုယ်ပိုင် အိမ်တစ်လုံးပင် မရှိသည့်ဘ၀ကို နောင်တရတော့သည်။ သို့သော် နောက်ကျခဲ့လေပြီ။ ပုသိမ်မြို့တွင် ဈေးချို၍ အိမ်ငှားရန် ရှာရလွယ်သည်မှာ ချိုနွယ်ကိုတို့အတွက် မပါ။ NLD မှ ကိုအုန်းခင် မိန်းမဆိုသည်နှင့် ကြောက်ရွံ့နောက်တွန့်သွားစမြဲ၊ “အားတော့နာပါတယ် ဆရာမရယ်၊ ကျွန်မတို့က ရှုပ်ရှုပ်ရှက်ရှက် မလုပ်ရဲဘူး” ဟူသော စကားများကို သာ ထပ်တလဲလဲ ကြားခဲ့ရသည်။
ငှားရဲ၍ ငှားကြသော လူများကြတော့လည်း တစ်နေပင် မစောင်းပါ။ အားနာခြင်း ရောစွတ်သော ခပ်ဖွဖွတံခါးခေါက်သံများအဆုံးတွင် ရပ်ကွက်လူကြီးနှင့်အတူ ရောက်လာသော အိမ်ရှင်။ ချက်ချင်းပြောင်းပေးပါ။ အထက်က ဖိအားပေးလို့ပါတဲ့။ နိုင်ငံရေးပါတီတစ်ခုသို့ ၀င်ရုံဖြင့် အိမ်ပင် ငှားနေစရာမရှိသော အခြေအနေမျိုး တခြား မည်သည့်တိုင်းပြည်တွင် ရှိသေးသနည်း ချိုနွယ်ကို မသိပါ။
ကလေးများကို မိတ်ဆွေများအိမ် တလှည့်စီထားရင်း တက်စရာ အိမ်မရှိ၍ လမ်းပေါ်မှာပင် ပစ္စည်းများနှင့် တစ်ည ငုတ်တုပ်ထိုင်ခဲ့ရ၏။ ဆင်းရဲခြင်းက အိမ်ရှေ့မှ တံခါးခေါက်သည့်အခါ အချစ်က အိမ်နောက်ဖေးက ဆင်းပြေးသွား၏ ဟူသော စကားကို မည်သူထွင်သည် မသိ။ အဆင်မပြေခြင်းများက အိမ်ရှေ့မှ တံခါးခေါက်သည့်အခါ ချိုနွယ်ကို၏ နိုင်ငံရေးစိတ်ဓါတ်များက အိမ်နောက်ဖေးမှ ခုန်ထွက်သွားကြ၏။ အပြိုင်းအရိုင်းအရွယ်ရောက်လာသော သားများက ကျောင်းတွင် ဗျူဟာမှူးသားများ၊ တပ်ရင်းမှူး၊ ညွန်ချုပ်၊ ဗိုလ်ကြီး ဗိုလ်မှူးသားများကြားတွင် မျက်နှာငယ်ကြရ၏။ မကြာခဏ ချိန်းပွဲ၊ ထိုးပွဲများ လုပ်ကြလွန်း၍ ချိုနွယ်ကိုမှာ ပြေးရတားရနှင့် တခါမှ သောက မအေးရပါ။
ယခုအိမ်ပိုင်ရှင်မှာ မလေးရှားတွင် လင်ရောမယားပါ အလုပ်သွားလုပ်နေကြသည်။ သူတို့အပ်ခဲ့သော လူမှတဆင့် အိမ်ငှားရန် စကားဆိုသောအခါ “NLD ကဆိုရင် ကျွန်မတို့ ပြန်မလာမချင်းနေပါ။ ဘယ်သူ ဖိအားပေးပေး ကျွန်မတို့က ဂရုမစိုက်ဘူး”ဟု အဖြေရခဲ့သည်။ သြော် ဒီလိုလူတွေလည်း ရှိသေးသကိုးဟု ၀မ်းသာခဲ့ရသည်။ သားသုံးယောက်လုံးသည် သူတို့အဖေခြေရာကို မနင်းကြပါ။ ထိုကိစ္စကို ကိုအုန်းခင်က ဘ၀င်မကျ၍ တွေ့တိုင်းဆုံတိုင်း နိုင်ငံရေး တရားဟောသော်လည်း ချိုနွယ်ကိုကတော့ ကြိတ်၍ ၀မ်းသာနေခဲ့ပါသည်။ ဘယ်အမေမဆို ကိုယ့်သားသမီးများကို ထောင်ကျတန်းကျတော့ မဖြစ်စေချင်ဘူးမဟုတ်လား။
သားအကြီး စင်္ကာပူထွက်တော့ ချိုနွယ်ကို အတော်ကြပ်သွားသည်။ သူလည်း မိသားစုအတွက် အဆင်ပြေပါစေတော့ဟု ရထားတဲ့ GTI လက်မှတ်လေးအရင်းပြုပြီး Work Permit လာရှာတဲ့ ပွဲစားနှင့် ဆက်မိသွားခြင်းပင်။ ပွဲစားခအတွက်တော့ ချိုနွယ်ကို့ မိဘလက်ထက်က ရွှေစလေးတွေ ချိုနွယ်ကို့ကို ပစ်ပြေးကြပေါ့။ သားအငယ်ဆုံးက ဆိုင်ကယ်(နံပါတ်မဲ့) ၁စီးလောက် ၀ယ်ပေးပါ ဆိုတာပင် မသိဟန်ဆောင်နေရသည်။ တစ်နေ့တစ်နေ့ နေဖို့စားဖို့ပင် နဂိုအခံလေးများနှင့် မနည်းရပ်တည်နေရသည်။ ဘာပဲပြောပြော အလုပ်ပေါင်းများစွာ၏ ငြင်းပယ်ခံအပြီးတွင် ကိုအုန်းခင် အလုပ်ရသည်။
ပုသိမ်မြို့ထဲနှင့် အပင်နှစ်ဆယ် GTC ကို ဆွဲရသော ကားဒရိုင်ဘာ၊ ဒါလည်း လူသိချင်းက ကူလိုက်၍ပင်။ လမ်းရိုးအတိုင်း လိုက်၍က ရလမ်းမမြင်။ တိုင်းဦးစီးမှူးတယောက် အသက်၅၀ကျော်မှ သာမာန်လိုင်းကားမောင်းနေရသည်ဟု ဂျီးမထူအား။ ရသည်ကိုပင် ကျေးဇူးတင်နေရသည်။ NLDမှ ထွက်ဖို့ အကြိမ်ကြိမ်ဖိအားများကို ခေါင်းမာမာနှင့် ငြင်းဆန်ဆဲ။ ချိုနွယ်ကိုကတော့ မိန်းမသားမဟုတ်လား။ ကိုယ့်မိသားစုအကျိုး ကိုယ်အရင်ကြည့်တာတော့ အပြစ်ဟု မမြင်စေချင်။ ဒီအတွက် ရန်ပွဲပေါင်းများစွာ တခြိမ်းခြိမ်း။
ဒီအထဲ အလတ်ကောင်က မိန်းမခိုးပြေးသွား၏။ မိန်းကလေးမိဘများက ချိုနွယ်ကို့အသိ ဆရာမများထဲကပင်။ သဘောမတူပါဟူသော အသံထွက်လာသောအခါ ချိုနွယ်ကို ထူးပြီး မအံ့သြမိပါ။ အငယ်ကလည်း မလိမ္မာ၊ အိမ်တွင် အဆင်မပြေကြောင်းသိသော်လည်း ဂရုမစိုက်၊ လိုချင်သည်များကိုသာ တောင်းဆိုတတ်၏။ ဤသည်မှာပင် သူ့အဖေနှင့် တူနေသည်လား။ ခေါင်းမာသည်၊ ဇွဲကြီးသည်ဟုပင် ချီးကျူးရလေမလား။ အတူတွဲ တိုက်ပွဲဝင်ခဲ့ရာမှ အရောင်ပြောင်းသွားသူ တချို့ကို တွေ့သောအခါ ကိုအုန်းခင်ကို လက်ကုပ်မိသည်။ “နောင် ဘယ်တော့မှ မတိုက်တွန်းနဲ့” ဟူသော စကားသံမာမာကိုသာ ရခဲ့သည်။ ချိုနွယ်ကိုကများ သစ္စာဖောက်ဖို့ တိုက်တွန်းမိသလား။ အင်း . ဒါပေမယ့်လေ သစ္စာဖောက်တွေပဲ ခေတ်အဆက်ဆက် ကြီးပွားနေကြတာ မဟုတ်လား။
သားကြီးနှင့် ဖုန်းချိန်းထား၍ ညနေစာစောစောစားကာ ဖုန်းဆိုင်သို့ သွားစောင့်နေခဲ့သည်။ အမြဲတမ်းချိုနွယ်ကို တစ်ယောက်တည်းပေမယ့် ဒီနေ့တော့ သား၏ တောင်းဆိုချက်အရ ကိုအုန်းခင်ကိုပါ ခေါ်လာခဲ့သည်။ ဖုန်းဝင်လာသည့်အခါ “မေမေ”ဆိုသည့် သား၏ ခေါ်သံက ခပ်ပျော့ပျော့။ “သားနေမကောင်းလို့လား၊ အလုပ်ပန်ပန်းလို့လား” ဟူသော ချိုနွယ်ကို၏အမေးကို သားက မဖြေပဲ “အဲသည်မှာ အခြေအနေဘယ်လိုနေလဲ အမေ၊ အဖေ့နောက်ကိုရော နဂိုလို လိုက်နေကြသေးလား” ဟုမေး၏။ ထုံးစံအတိုင်းပင် ဖြစ်သော်လည်း သားကို စိတ်ပူမည်စိုး၍ “ဘာမှ မဖြစ်ဘူးသား အားလုံးကောင်းတယ်”ဟု ပြန်ဖြေလိုက်သည်။ “ဒီမှာတော့ ဆန္ဒတွေ ပြနေကြတယ် အမေ။ စစ်တဲ့လူရော၊ မစစ်တဲ့လူရောပဲ။ နဂိုက ဘာမှမလုပ်ပဲ ခုမှ ဓာတ်ပုံမပါပါအောင် ရှေ့တန်းက ၀င်ဆန္ဒပြပြီး ဒုက္ခသည်ခံဖို့ အချက်အလက်တွေ လိုက်စုဆောင်းနေသူတွေတောင် ရှိတယ်။ US ကို ကူးကြဖို့လေ” သားအသံက စိတ်ပျက်သံတွေ တလုံးတခဲပေမယ့် ချိုနွယ်ကို သတိမထားမိ၊ အားတက်သရောနှင့် “သားလဲ အဲလိုလုပ်လို့မရဘူးလား၊ သားအဖေနာမည်လည်း သုံးလေ”ဟု ပြောလိုက်မိသည်။ ကိုအုန်းခင်၏ အကြည့်စူးစူးကို မသိဟန်ဆောင်နေစဉ်ပင် သားက “သားကို မတိုက်တွန်းပါနဲ့ မေမေ၊ ကျွန်တော်ဘယ်တော့မှ အဲလိုလုပ်မှာ မဟုတ်ဘူး”ဟု တုန့်ပြန်၏။
ဖုန်းခွက် နားကပ်နားထောင်နေသော ကိုအုန်းခင်က “ဒါမှ ငါ့သား” ဟု အော်လိုက်ချိန်တွင် ချိုနွယ်ကိုကတော့ နောက်မြီးပြတ်နေသော ကိုအုန်းခင်၏ ရာဘာဖိနပ်ကိုသာ ငေးကြည့်နေမိတော့သတည်း။
ခရေဖြူ
Saturday, April 16, 2011
စင်္ကာပူမှာသာတဲ့လ
ကျွန်တော် နေခဲ့တဲ့နေရာကို Jurong East MRT ကနေ Busကားစီးသွားရင် တစ်ကျပ်ဆယ်ပြား ပေးရတယ်။ Company ပေါင်းစုံက အလုပ်သမားတွေနေတဲ့ အဆောင်ပေါ့။ အဆောင်နားက ကားလမ်းမကြီးဘေးမှာရေကန် အကြီးကြီးရှိတယ်။ ရေကန်ထဲမှာ ဇလားဖီးယား ငါးတွေ၊ ယက်ကန် ယက်ကန်နဲ့ လိပ်တွေ ရှိတယ်။ စင်္ကပူမှာ လူအများစုက ရုံးလုပ်ငန်း လုပ်သူများတယ်။ တစ်နေကုန် စားပွဲမှာထိုင်ကာ ကွန်ပျူတာကြည့်ရ လက် ညောင်း ဇက်ညောင်း အလုပ်လုပ်ကြရတယ်။ ညနေပိုင်းဆို ကန်ဘောင်မှာ အညောင်းပြေ လမ်းလျှောက်သူတွေ၊ အပြေး လေ့ကျင့် သူတွေ လေညှင်းခံ တဲ့သူတွေစုံလို့။ ရန်ကုန်မြို့က အင်းယားကန်လို မလှပေမယ့် နှစ်ယောက် ထိုင်ခုံ လေးတွေ၊ ငါးမမျှားရ၊ ရေမကူးရဆိုတဲ့ ဆိုင်းဘုတ်လေးတွေ
ရှိတယ်ဗျ။
ကျွန်တော့် အဘို့တော့ အညောင်းပြေ လမ်းလျှောက်ဖို့ ဝေးသေး။ ပြန်ရောက်တာနဲ့ လမ်းထိပ်ဆိုင်မှာဝင်လို့ မြန်မြန် ကျက်လွယ်မယ့် ငါးနဲ့သီးနှံလေးတွေ ၀ယ်ပြီး အဆောင်ထဲဝင်ရတယ်။ အခန်းရောက်တာနဲ့ အ၀တ်တွေ ကို အ၀တ်လျှော်စက်ထဲ ပစ်ထည့်လို့ လျှော်ရတယ်။ နောက်ပြီးတော့ ဆန်ဆေး ထမင်းချက်ရ တာပေါ့ဗျာ။ တ လက်စတည်း ၀ယ်လာတဲငါးကို အကြေးခွံတွေ အူတွေသင်ပြီး မန်ကျီးမှည့်ရည်လေးနဲ့ အမြန်ချက်ရတယ်။ ဟင်း ချက် ရင်း သူငယ်ချင်းတွေနဲ့ စကားပြောလိုက် တီဗွီကလာတဲ့ ဂျိုလီရဲ့ ဇာတ်ကားလေး ပြေးကြည့်လိုက်ပေါ့ဗျာ။ ဂျိုလီ ကိုကြိုက်ပေမယ့် ဟင်းအိုးတူမှာဆိုးလို့ ကောင်းကောင်း မကြည့်ရပါဘူး။ ဘာလုပ်ရင်ကောင်းမလဲ စဉ်းစား စရာ မလိုပါဘူး အစီစဉ်တကျပဲ ခဏနေတော့ ရေမိုး ချိုးလိုက် တယ်လေ။
ကျွန်တော့် ညစာက တီဗွီကြည့်ရင်း လွှေးရတာပေါ့။ ထမင်းစားလို့ ပြီးတော့ ဖတ်လက်စ ဆရာမြသန်းတင့်ရဲ့ “ကျနော် ဆက်၍ရေးချင်သောဝတ္တုများ” စာအုပ်လေး ဆက်ဖတ်လိုက်တယ်။ စာအုပ်ထဲ စိတ်ဝင်စားသွားလိုက်တာ နာရီကိုကြည့်လိုက်တော့
ဆယ့်တစ်နာရီ ရှိပါရောလား။ မနက်အလုပ်သွားဖို့ ရှိတာကြောင့် ဖုန်းလေးကိုနှိုး စက်ပေးပြီး အိပ်ယာဝင်လိုက်တယ်။ မှန်ပြတင်းကနေ အပြင်ကို တချက်ကြည့်လိုက် တော့ သဘာဝအလင်း ရောင်တချို့ကို တွေ့လိုက်ရတယ်။ အော်. ဒီနေ့
လပြည့်နေ့ပါလား။ အလုပ်ထဲမှာ သွားလိုက် ပြန်လိုက်နဲ့ မေ့နေ လိုက်တာ လမင်းကြီးတောင် မကြည့်ရတာ ဘယ်လောက်ကြာ နေပြီလဲ။ အတွေးတွေနဲ့ ဆက်အိပ်ဖို့ ကျိုးစား ပေမယ့် အိပ်လို့မရပေ။ လသာသာမှာ လမ်းလျှောက်ချင်တဲ့စိတ်က
များနေတယ်။ ဒါနဲ့ လမ်းထိပ်က ကန်ဘောင် ဘက်ကို လမ်းလျှောက်ထွက်ခဲ့တယ်။
ကျွန်တော် လမ်းလျှောက်ထွက်သော ဆယ့်တစ်နာရီကျော် အချိန်သည် စင်္ကပူနိုင်ငံအဖို့ စောနေသေးသည် ထင်သည်။ လမ်းမပေါ်မှာ သွားလာနေသော လူတချို့အားတွေ့ရသည်။ ကန်ဘောင်မှာတော့ လူမရှိသ လောက် ရှင်းသွားသည်။
ကျွန်တော် ကန်ဘောင်ပေါ်မှာ လေညှင်းခံ လို့ လရောင်အောက်မှာ လမင်းကို မော့် ကြည့်ကာ လမ်းလျှောက် နေလိုက်တယ်။ နှစ်ယောက်ထိုင် ထိုင်ခုံလေးတခုမှာ ထိုင်လို့ လရောင်လျှပ်ပြေးနေ တဲ့ ကန်ရေပြင်ကို ငေးကြည့်ကာ ဟိုအရင်အချိန်က
အကြောင်းတွေ တွေးနေမိတယ်။ စင်္ကပူပူမှာသာတဲ့လမင်း ကလဲ အရင်က ငါမြင်ဖူးတဲ့ လမင်းကြီးလို ၀ိုင်းစက်လို့နေတယ်။
ကျွန်တော် ရွာမှာနေစဉ်က ဒီလို လပြည့်ညဆိုရင် အဖေရယ် အမေရယ် အကိုအမ တွေရယ် အိပ်ရှေ့ တလင်း မှာ ထိုင်လို့ အေးမြတဲ့လမင်းရဲ့ အလင်းရောင်ကို ခံစားရင်း စကားပြော ကြတယ်။ လျှပ်စစ်မီး မရှိတဲ့ ရွာလေးမှာ လမင်း အလင်းရောင်ဟာ ဘာနဲ့မှ မလဲနိုင်ပါဘူး။ ကလေးတွေကတော့ ထုတ်စီးတိုးတမ်း ကစားကြတယ်။ လိပ်ဥဖွက်တမ်း၊ ပုံပြောတန်းကစားကြတယ်။ ကြည်နူးရပါတယ်။ လရောင်အောက်မှာ အိပ်ရတာလဲ တကယ် အရသာရှိတယ်ဗျာ။ လပြည့်ညတိုင်း အိမ်ကနွားလှည်းကို အိပ်ရှေ့ထုတ် သင်ဖြူးဖျာလေး ခင်းလို့ လမင်းကို ကြည့်ရင် အိပ်လေ့ရှိတယ်။ စံပယ်ရုံက စံပယ်ပန်း ရနံလေးတွေရယ်၊ ခမောက်ပန်း ရနံလေးတွေရယ် သင်းပျံ့လို့ လရောင်ရွှန်းပ ညတစ်ညဟာ ဘာနဲ့မှ မလဲနိုင်ဘူး။
ကျွန်တော် အခုကန်ဘောင်က ထိုင်ခုံတန်းလေးပေါ်မှာ လှဲလို့ လမင်းကိုငေးကြည့်နေတယ်။ ကျနော် စိတ်မှာ မြန်မာပြည်မှာ သာတဲ့လကို တမ်းတနေမိတယ်။ ဘာလို့လဲ သိလား။ စင်္ကာပူမှာ သာတဲ့လက မြန်မာပြည်မှာ သာတဲ့ လလောက် မအေးမြဘူးလို့ ခံစားရလို့ပဲ။ မိတ်ဆွေရာ ဒီလိုခံစားရလား။ ကျွန်တော်ထင်တယ်လေ ဘယ်နိုင်ငံက လမင်းဖြစ်ပါစေ မြန်မာပြည်က လမင်းလောက် အေးမြမှာ မဟုတ်ဘူး။ ဒီလိုခံစားချက်ကို လမင်းကြီး ကတော့ သိနိုင်မယ် မထင်ဘူး။ လမင်းကြီး သိရင်ရော ဘယ်လိုခံစားမလဲ သိချင်လိုက်တာ။ ဆန်းဝင်း (ကျောက်ပန်းတောင်း)
Wednesday, April 13, 2011
ပံ့သကူ
ထိုနေ့က...
နေသည် ယခင် နေ့ရက်များထက် ပိုမို တောက်လောင်လာကာ သည်းထန်လှသည့် အပူ စွမ်းအင်တို့ကို မြို့ပေါ်သို့ အရှိန်ပြင်းစွာ မှုတ်ချလျက် ရှိသည်။ သစ်ရွက်ကလေး တစ်ရွက်မျှ မလှုပ်ရှားသာအောင်
လေကလည်း ငြိမ်ချက်သား ကောင်းလွန်းလှသည်။ ဤရာသီမျိုး၏ ဤသို့သော နေ့လည်ခင်းများတွင် မြို့သည် ထိုင်းမှိုင်းလေးလံသွားတတ်စမြဲ ဖြစ်သည်။
နံနက်ခင်းက လူသူလေးပါး၊ ကားကြီး၊ ကားငယ်၊ စက်ဘီး၊ ဆိုင်ကယ်တို့ဖြင့် ခုန်ပေါက်သွက်လက်ခဲ့သော မြို့၏ လမ်းမများသည် နာရီနှင့်အမျှ တရိပ်ရိပ် မြင့်တက်လာခဲ့သည့် အပူရှိန်အောက်၌ တစတစ ပျော့အိစေးတွဲကာ အသွားအလာသည် တဖြည်းဖြည်း ကျဲပါးသွားတော့သည်။
ကားတစ်စီးတလေ နင်းဖြတ်မောင်းနှင်သွားတိုင်း အရည်ပျော်လမ်းမတို့က တဖြန်းဖြန်း အော်မြည်ကြ၏။ ရုပ်ပတ်ဝန်းကျင် အခြေအနေကြီး တစ်ခုလုံးက ဘွိုင်လာအိုးတစ်လုံးကို သတိရမိစေတော့သည်။
ပျင်းရိဖွယ် တိတ်ဆိတ်နေသည့် ရပ်ကွက်ကို ဖြတ်သန်းသွားသော လမ်းမသည် အမှတ် (၁) လိုင်းကား ပြေးဆွဲရာလမ်းကြောင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်၏။ လမ်းဘေးတစ်နေရာရှိ ညောင်ပင်ကြီးမှာ ကားမှတ်တိုင်တစ်ခု ဖြစ်လေသည်။ "ဆေးရုံမှတ်တိုင်" မှ လွန်၍ လာလျှင် "ညောင်ပင် ပါလား" ဟု လက်မှတ်ရောင်းသူက အော်ဟစ်မေးမြန်းလိမ့်မည် ဖြစ်သည်။
"ညောင်ပင်မှတ်တိုင်" တွင် လူနှစ်ယောက် ရှိနေ၏။
တစ်ယောက်မှာ အသက် ၃၅ နှစ်ခန့် ခပ်ဝဝ လူတစ်ယောက် ဖြစ်၍၊ နောက်တစ်ယောက်မှာ ၁၈ နှစ်ခန့် လူငယ်တစ်ဦး ဖြစ်သည်။ သူတို့သည် ညောင်ပင်ရိပ်၌ ရပ်လျက် ဆေးရုံဘက်မှ လာမည်ဖြစ်သော လိုင်းကားကို စောင့်မျှော်နေကြသည်။
နေသည် ဆက်လက် ပူပြင်းလျက်​ ရှိ၏။ လိုင်းကားသည် မလာသေး။
ခပ်ဝဝ လူသည် တစ်ချက် သမ်းဝေလိုက်၏။ "နေကလည်းပူ... ကားကလည်း လာခဲလိုက်တာကွာ" ဟု တစ်ကိုယ်တည်း ညည်းညူသလို ပြောလိုက်သည်။ "ဟာ ဒီအချိန်မှာတော့ ဒီလိုပဲဗျ" ဟု လူငယ်က ပြန်ပြောလိုက်ပြီး၊ ဆေးရုံဘက်သို့ မျှော်ကြည့်သည်။ ခပ်ဝေးဝေးတွင် လူတစ်ယောက် ညောင်ပင်ဆီသို့ သုတ်သုတ် လာနေသည်ကို မြင်ရ၏။ လိုင်းကားကိုမူ မမြင်ရ။
လူငယ်သည် ညောင်ပင်ရင်းသို့ သွားကာ ဖြာထွက်နေသည့် ညောင်မြစ်ဆုံ တစ်ခုပေါ်တွင် ထိုင်လိုက်သည်။ ခပ်ဝဝ လူကလည်း အခြား ညောင်မြစ်ဆုံ တစ်ခုပေါ်သို့ သွား၍ ထိုင်ချလိုက်သည်။ ပါးစပ်မှ "ဟူး" ခနဲ တစ်ချက် မြည်သည်။
"ညီလေးက ဘယ်သွားမှာလဲ"
"ဘူတာကြီးဘက် ခင်ဗျ"
"သြော် သိပ်မဝေးပါဘူး။ ငါက ဘုရားသွားမှာ။ ဒီနေ့ အဓိဋ္ဌာန် ပုတီးပတ် ပြည့်မယ့်နေ့လေ။ ၉ ရက်တိတိပေါ့။"
"သြော် ဟုတ်ကဲ့"
"ငါ့ဆရာကလည်းကွာ ညနေ ၂ နာရီက ၄ နာရီ အတွင်း စိတ်ရမှာတဲ့။ ဓါတ်ကျတဲ့အချိန်လို့ ပြောတာပဲ။ သူ့ဓါတ်ကလည်း ဘယ့်နှယ်ဟာ ဒီလောက် အချိန်ကြီးကျမှ ကျနေမှန်းမသိဘူး။ ဒါပေမဲ့ ထူးတော့ ထူးခြားပါတယ်"
လူငယ်က ပြုံး၍ ခေါင်းတစ်ချက် ငြိမ့်သည်။
"ကိုလူဝ" သည် အိပ်ထဲက လက်ကိုင်ပုဝါကို ထုတ်၍ ဖြန့်လိုက်ပြီး မျက်နှာကို သုတ်သည်။ လည်ဂုတ်ကို သုတ်သည်။ ရင်ဘတ်ကြယ်သီး နှစ်လုံးဖြုတ်၍ ပုဝါဖြင့် ယပ်ခတ်သည်။ နှာတစ်ချက် ချေသည်။ ထို့နောက် တံတွေးထွေးရန် ညာဘက်သို့ ငုံ့၍ လှည့်လိုက်သည်။
ထိုစဉ်မှာပင် တစ်စုံတစ်ရာကို သူ တွေ့ရှိသွားလေသည်။
တံတွေးထွေးရန် နှုတ်ခမ်းများ စုချွန်ထားသော "ကိုလူဝ" သည် သူနှင့် လက်တစ်ကမ်း အကွာရှိ အရာဝတ္ထုကို စူးစိုက် ကြည့်ရှုလျက်ရှိ၏။ ထိုအရာမှာ စာအိတ်ကလေး တစ်အိတ် ဖြစ်သည်။
ညောင်မြစ်သေးသေးလေး နှစ်ခု အကြား၌ ကျောက်စရစ်ခဲငယ် တစ်လုံးဖြင့် အသေအချာ ဖိထားလျက် ရှိသည်။ တစ်စုံတစ်ယောက်ထံမှ မတော်တဆ ကျကျန်ရစ်နေခဲ့ခြင်း မဟုတ်ဘဲ တမင် သေချာချထားခဲ့ကြောင်း မြင်ရုံနှင့် သိသာနေသည်။
"ကိုလူဝ" သည် စာအိတ်ကလေးကို ခေတ္တမျှ စူးစိုက်ကြည့်ရှုပြီးသော် အသာ ကောက်ယူလိုက်၏။ စာအိတ်က အတန်ငယ် ဖောင်းကြွနေသည်။ စာအိတ်အဖုံးသည် ခပ်ဟဟလေး ပွင့်နေ၏။ "ကိုလူဝ" က လိပ်စာရေးသည့်ဘက်သို့ လှန်ကြည့်လိုက်သည်။
"ပံ့သကူ" ဟူသော မညီမညာ လက်ရေးဖြင့် ခပ်ကြီးကြီး ရေးထားသည့် စာသုံးလုံးကို မြင်လိုက်ရသည့်အခါ စုချွန်နေသော နှုတ်ခမ်းများ အနည်းငယ် ဟ, သွား၏။ ထို့နောက် အဖုံးကို အသာ လှစ်၍ ကြည့်လိုက်သည်။
ငွေစက္ကူခေါက် အချို့ကို တွေ့လိုက်ရသည့် "ကိုလူဝ" ၏ မျက်လုံးများသည် လက်ခနဲ ဖြစ်သွားလေသည်။ နေရာမှ ထ, ရပ်မလိုလည်း ဖြစ်သွား၏။
"ဟ တကယ် ပံ့သကူဟ။ ပွတာပဲ"
အမှတ်မထင် ခပ်ကျယ်ကျယ် ရေရွတ်လိုက်မိသဖြင့် ပါးစပ်ကို အမြန်ပိတ်ကာ လူငယ်ဆီသို့ "ကိုလူဝ" ဖျတ်ခနဲ လှည့်ကြည့်လိုက်၏။ လူငယ်ကလည်း သူ့ကို ပြန်လှည့်ကြည့်သဖြင့် "ကိုလူဝ" သည် စာအိတ်ကို လက်တွင် ကိုင်လျက် ခပ်အမ်းအမ်း ဖြစ်သွားလေသည်။
"ဘာလဲ အစ်ကိုကြီး။ ဘာပြောတာလဲ"
"ကိုလူဝ" က နှုတ်ခမ်း တစ်ချက် ကိုင်လိုက်ပြီး ချက်ချင်းပင် ပြုံးလိုက်သည်။
"ဒီမှာ ပံ့သကူ ပစ်ထားတယ်ကွ။ ငါတွေ့တာ... "
"ဟုတ်လား။ ဘာတွေ ပစ်ထားတာလဲ။"
"ပိုက်ဆံတွေကွ"
"ဟာ အစ်ကို ကံကောင်းတာပေါ့"
"ဘယ်လောက်လဲ မသိဘူး။ ရေကြည့်ရဦးမယ်"
"ကိုလူဝ" က ငွေစက္ကူခေါက်ကို ဆွဲထုတ်၍ တစ်ရွက်ချင်း ဖြန့်ကာ ရေတွက်တော့သည်။ လူငယ်က ပြုံး၍ ကြည့်နေ၏။
တစ်ဆယ့်ငါးကျပ်တန် သုံးရွက်၊ တစ်ဆယ်တန် တစ်ရွက်၊ ငါးကျပ်တန် တစ်ရွက်။
"ခြောက်ဆယ် အတိပဲဟေ့။ ဟားဟားဟား အဓိဋ္ဌာန်ပုတီးဝင်တဲ့ အကျိုးတွေ... ထီထိုးရမယ်။ မင်္ဂလာစုံတွဲ ထိုးရမယ်ကွ။ ချမ်းသာတော့မယ့် နိမိတ်တွေ ပြတာပဲ။ သိန်းခြောက်ဆယ်၊ သိန်းခြောက်ရာ အားလုံး ဖြစ်လာနိုင်တယ်။"
သူ့မျက်နှာကြီး ထိန်းမနိုင် သိမ်းမရ ပြုံးရွှင်နေပုံမှာ ဘေးလူပင် မပြုံးဘဲ မနေနိုင် ဖြစ်ရသည်။ လူငယ်သည် တစ်ချက်ရယ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် "ကိုလူဝ" က ငွေစက္ကူခေါက်ဖြင့် လက်အုပ်ချီမြှောက်၍ နဖူးထက်သို့ တင်လိုက်ကာ မျက်လုံးစုံမှိတ်ပြီး တတွတ်တွတ် ရေရွတ်နေလေသည်။
"ဆရာသမား၏ ကျေးဇူးကြောင့် ကံဇာတာများ တက်နေပါပြီ။ ဆက်လက်၍ သိန်းရာပေါင်း ထောင်ပေါင်း..."
မျက်လုံးများကို ပြန်ဖွင့်လိုက်သည့်အခါ ပြုံးကြည့်နေသော လူငယ်ကို တွေ့ရသည်။ "ကိုလူဝ" က ငွေစက္ကူခေါက်ကို အင်္ကျီအိတ်ထဲ ပြန်ထည့်ရန် ဟန်ပြင်လိုက်၏။
"အင်း အစ်ကို့ကို ကြည့်ပြီး ကျွန်တော်လည်း ပုတီးစိတ်ချင်စိတ် ပေါက်လာပြီဗျာ။ စိတ်နည်းလေး မ, စခဲ့ပါဦး။"
"ဟ ဟ နေဦးဟ။ အိတ်ထဲမှာ ကျန်သေးတယ်။"
စာအိတ်ကို ဖွင့်ပြန်၏။ စာရွက်ခေါက်တစ်ခု ထွက်လာပြန်သည်။ "ကိုလူဝ" က စာရွက်ကို ဖြန့်လိုက်သည်။
"အောင်မယ် စာတွေဘာတွေ ရေးလို့ပါလား။"
စာရွက်ကို ဖတ်နေစဉ် ပြုံးရွှင်နေသည့် သူ့မျက်နှာသည် တဖြည်းဖြည်းနှင့် တည်သွားကာ မျက်မှောင်နှစ်ခု တွန့်ရှုံ့၍လာ၏။ အံ့သြတကြီး ဖြစ်နေပုံရသည့် သူ့အမူအရာမှာ စာရွက်ကို ဖတ်ပြီးသွားသောအခါ လှောင်ပြောင် သရော်သည့် ဟန်မျိုးသို့ ကူးပြောင်းသွားလေသည်။
"ဟင်း ဟင်း စေတနာရှင်ကြီးတွေပေါ့လေ။"
သူက အမှတ်မထင် ရေရွတ်လိုက်ပြန်၏။
"ဘာတွေ ရေးထားတာလဲ အစ်ကို"
လှမ်း၍ မေးလိုက်သော လူငယ်ကို သူက စွေ၍ ကြည့်သည်။ ထိုမေးမြန်းမှုကို သူ ကြိုက်ပုံမရ။ စာရွက်ကို ပြန်ခေါက်၍ စာအိတ်ထဲ ပြန်ထည့်လိုက်သည်။
"ဘာမှ ထွေထွေထူးထူး မပါပါဘူးကွာ။ ပံ့သကူ တွေ့ရှိသူ ကံကောင်းပါစေ။ ဘာညာပေါ့။"
"ဟုတ်လား ပြစမ်းပါဗျာ။ ဖတ်ကြည့်ရအောင်။"
သူက လူငယ်ကို ပြူး၍ ကြည့်လိုက်၏။ စာအိတ်ကို လက်ထဲတွင် လုံးခြေလိုက်သည်။
"စပ်စုလှချည်လားဟ။ ဘာမှ မဟုတ်ပါဘူး ဆိုနေ။"
လူငယ်က ခေတ္တမျှ ကြောင်ကြည့်နေ၏။ ထို့နောက် တစ်ဘက်သို့ ပြန်လှည့်သွားတော့သည်။
"ကိုလူဝ" သည် ငွေစက္ကူခေါက်ကို အင်္ကျီအိတ်ထဲသို့ လျှင်မြန်စွာ ထည့်လိုက်၏။ တစ်ဘက်လှည့်နေသည့် လူငယ်ကို ဖျတ်ခနဲ ကြည့်ပြီး၊ စာအိတ်ကို ခါးကြားသို့ ထိုးထည့်သည်။ နေရာမှ ထရပ်သည်။ ညောင်ပင်ရိပ် အစွန်းနားသို့ လျှောက်သွားသည်။ ဆေးရုံမှတ်တိုင်ဘက်သို့ မျှော်ကြည့်သည်။ အပူလွန်လမ်းမပေါ်၌ တံလျှပ်ခိုးများ ထနေသည်။ ဆေးရုံဘက်သို့ သွားနေသူ သုံး လေးဦးနှင့် ညောင်ပင်ဆီ လာနေသူ တစ်ဦးကို တံလျှပ်များ အကြားမှ မြင်ရသည်။ လိုင်းကားကိုမူ အရိပ်အယောင်မျှ မတွေ့ရသေး။
"တောက် ကားကလည်း ကြာပါ့ကွာ"
လူငယ်က သူ့ကို လှည့်မကြည့်။ တုံ့ပြန်စကားလည်း မဆို။ "ကိုလူဝ" သည် ညောင်ပင်ရင်းသို့ ပြန်လျှောက်လာသည်။ လူငယ်ကို တစ်ချက် လှမ်းကြည့်ပြီး ထိုင်ချလိုက်ပြန်၏။ ခါးကြားထဲမှ စာအိတ်ကို ပြန်ထုတ်လိုက်သည်။ ခေတ္တမျှ စဉ်းစားနေ၏။
ထို့နောက် လုံးကြေနေသည့် စာအိတ်ကို ပြန်ဖြန့်သည်။ မူလနေရာ ညောင်မြစ်နှစ်ခု အကြားတွင် အသာ ပြန်ချလိုက်သည်။
အပေါ်မှ ကျောက်စရစ်ခဲကလေးကို မူလအတိုင်း ပြန်တင်ပေးလိုက်သည်။
သက်ပြင်းတစ်ချက်ကို အသာ ချလိုက်သည်။ ပူလောင်ပြင်းထန်လှသည့် ဝန်ထုတ်ကြီး တစ်ခုမှ လွတ်မြောက်ပေါ့ပါးသွားဟန်ဖြင့် "ကိုလူဝ" သည် ကျေနပ်နှစ်သိမ့်စွာ ပြုံးလိုက်၏။
လမ်းမပေါ်၌ ကားငယ် သုံး လေးစီး ဖြတ်သန်းမောင်းနှင် သွားကြ၏။ တဖြန်းဖြန်း မြည်သံ ကြားရ၏။ တစ်နေရာမှ မျက်စေ့လည်လာဟန်တူသည့် လေပြည်တစ်ချက် ဝေ့၍ တိုက်လိုက်သည်။
ညောင်ပင်သည် ရှဲရှဲမြည်၍ ညောင်ရွက်ကလေးများ အနည်းငယ် ယိမ်းထိုး လှုပ်ရှားသွားကြသည်။ "အား အရသာ ရှိလိုက်တာ" ဟု "ကိုလူဝ" က ရေရွတ်သည်။
ထိုစဉ်မှာပင် ညောင်ပင်ရိပ်သို့ လူတစ်ယောက် အမောတကော ဝင်ရောက်လာခဲ့သည်။ အသက် (၇ဝ) ခန့် အဘွားကြီးတစ်ယောက် ဖြစ်လေသည်။ ပိန်ချည့်ချည့် ကိုယ်ခန္ဓာ။ ခပ်နွမ်းနွမ်း အဝတ်အစား။ မျက်နှာမှာ ချွေးသီးချွေးပေါက်များ သည်းထန်လျက်။
နေပူမှ လာခဲ့ရသူသည် ညောင်ပင်ရင်း၌ ထိုင်နေကြသူ နှစ်ဦးကို ယခုမှ တွေ့မြင်လိုက်ရဟန်ဖြင့် ရုတ်တရက် ခြေလှမ်းတုန့်သွား၏။ မျက်လုံးများ၌ အရိပ်အယောင်မျိုးစုံ ပေါ်ပေါက် ဖြတ်သန်း သွားကြသည်။ တစ်စုံတစ်ရာသော မျှော်လင့်ချက် အပေါ်၌ စိတ်မချရမှု၊ ဝေခွဲမရမှု ပုံစံသွင်ပြင်မျိုးများဖြင့် အဘွားအိုသည် ခေတ္တခဏ တောင့်တောင့်ကြီး ရပ်နေသေး၏။ နောက်ပြန်လှည့်တော့မလို၊ ရှေ့ဆက်လှမ်းရတော့ မလိုဖြင့် ရုတ်တရက် ဘာလုပ်ရမည်မသိ ဖြစ်နေဟန်ရှိသည်။
ထို့နောက်တော့ အဘွားအိုသည် နှုတ်ခမ်းအစုံကို တင်းတင်းဖိလျက် ညောင်ပင်ရင်းသို့ တစ်လှမ်းချင်းလျှောက်လာတော့သည်။ ထိုင်နေသူနှစ်ဦးကို အကဲခတ်သလို ကြည့်သည်။ ညောင်ပင်ရင်းတဝိုက်လည်း ဝေ့ဝဲ၍ ကြည့်သည်။ တစ်စုံတစ်ရာကို မသိမသာ ရှာဖွေနေသည့် ပုံစံမျိုးဖြစ်သော်လည်း အမူအရာများက သိသာလွန်းနေ၏။ အဘွားအို၏ ထူးခြားမှုကြောင့် ထိုင်နေသူ နှစ်ဦးကလည်း အကဲခတ် ကြည့်ရှုလျက် ရှိကြသည်။
အဘွားအိုသည် ဟိုလိုလို သည်လိုလိုနှင့် "ကိုလူဝ" အနီးသို့ ချဉ်းကပ်ရောက်ရှိသွား၏။ မျက်လုံး အကြည့်များက ညောင်မြစ်ဆုံ အကြိုအကြားများပေါ်သို့ ရောက်ရှိသွားလေသည်။
"ဟော ရှိသေးတယ် ရှိသေးတယ်။"
ရုတ်တရက် ထွက်ပေါ်လာသည့် အံ့သြဝမ်းသာသံကြီးနှင့်အတူ အဘွားအိုသည် ညောင်မြစ်ကြားမှ ပံ့သကူ စာအိတ်ကလေးကို ပြေး၍ ကောက်လိုက်၏။
"ကိုလူဝ" နှင့် လူငယ်တို့ကလည်း တိုင်ပင်ထားသလိုပင် ထိုင်နေရာမှ ပြိုင်တူ ထ ရပ်လိုက်မိကြသည်။
အဘွားအိုသည် ပတ်ဝန်းကျင်ကို မေ့လျော့သွားသည်နှယ် ကျိုးကျဲသော သွားများပေါ်အောင် ပြုံးလိုက်သည်။ တုန်ယင်သော လက်အစုံနှင့် စာအိတ်ကို ဖွင့်လိုက်၏။
စာရွက်ခေါက်လေး တစ်ရွက်။
ပြီးတော့...
ဘာမှ မရှိ။
အဘွားအို မျက်နှာ ကွက် ခနဲ ပျက်၏။ အပြုံးလည်း ရုတ်ချည်း ပျောက်ကွယ်သည်။ စာအိတ်ကို ကိုင်လျက် အတန်ကြာ ငိုင်ကျသွား၏။ နောက်မှ ဘေးဘီကို သတိရသလို ကြည့်သည်။ သူ့ကို ရပ်ကြည့်နေသူ နှစ်ဦးအား မြင်လိုက်ရသည့်အခါ အဘွားအိုသည် မျက်နှာမထားတတ်သလို ဖြစ်သွားလေသည်။ ထိုအချိန်တွင် လူငယ်က သူ့ထံ လျှောက်လာ၏။
"အဘွား နည်းနည်းလေး နောက်ကျသွားတယ်ဗျ။ စောစောလေးကပဲ ဟောဒီ အစ်ကို ရသွားတယ်။" အဘွားအိုသည် အဝတ်တစ်စလို ပုံကျနေသည့် ဦးခေါင်းကို ဖြည်းလေးစွာ အားယူမော့၍ လူငယ်ကို ကြည့်သည်။ ထို့နောက် "ကိုလူဝ" ကို ကြည့်သည်။ အားယူ၍ ပြုံးသည်။
"သြော် ကောင်းပါလေရဲ့ကွယ်"
"နေပါဦး အဘွားရဲ့။ အဘွားက စောစောကတည်းက ဒီ ပံ့သကူ ကို တွေ့ခဲ့ပြီးသားလား။ ဘာဖြစ်လို့ ခုမှ လာကောက်ရတာလဲ။"
လူငယ်၏ အမေး၌ အဘွားကြီး ရုတ်တရက် ထိတ်ပျာသွားလေသည်။ လူငယ်ကို ကြည့်လိုက် "ကိုလူဝ" ကို ကြည့်လိုက်နှင့် ဘာပြောရမည်မသိ ဖြစ်နေဟန်ရှိသည်။ နှုတ်ခမ်းကို လျှာနှင့်သပ်၍ အမျိုးမျိုး ပါးစပ်ကို ပြင်သည်။ မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်၍ ခေါင်းကို ယောင်ယမ်း၍ ကုတ်သည်။ လူငယ်က သူ့ကို စိတ်ဝင်တစား ကြည့်နေ၏။
"ဟိုဒင်း... ကျုပ်က... အဲဒီ... ဟိုဟာ... အဲ ဘာပြောရမှန်းတောင် မသိတော့ပါဘူးကွယ်။"
အဘွားကြီး ခေါင်းကုတ်ပြန်သည်။
"ဒီလိုကွယ်။ ပြောရမှာ ရှက်တော့ ရှက်စရာပါပဲ။ ဒီ ပံ့သကူ က ကျုပ်ကိုယ်တိုင် ဒီနေ့မနက်က ပစ်ခဲ့တာပဲကွယ်"
"ဟောဗျာ ဒါဖြင့် ဘာဖြစ်လို့လဲ"
"အဲဒါ ရှက်စရာ ကောင်းတာပ။ ဒီလိုကွယ်... ကျုပ်တို့က တောကပါ။ မြေးကလေး မမာလို့ ဆေးရုံလာတင်ရတာ နှစ်ပတ်လောက် ရှိပြီ။ အခြေအနေကလည်း သိပ် မထူးခြား လှတာနဲ့ အဲဒါ ဒီမနက် ဆေးထွက်ဝယ်ရင်း ဗေဒင်ဝင်မေးတော့ ဆရာက ယတြာချေတဲ့ အနေနဲ့ လမ်းဆုံ၊ လမ်းခွ၊ လမ်းဘေး၊ သစ်ပင်တစ်နေရာမှာ ကိုယ် တတ်နိုင်သလောက် ပံ့သကူ ပစ်ရမယ် တဲ့။ ပြီးတော့ အင်းချထားတဲ့ စာရွက်ပေါ်မှာ စာရေးခိုင်းတယ်။ ကျုပ်က မရေးတတ်တော့ ဆရာကိုယ်တိုင် ရေးပေးရှာတယ်။ အဲဒါနဲ့ ဈေးထဲက ဆေးဆိုင်ကိုအသွား ဟောဒီ ညောင်ပင်ကြီးအောက်မှာ ပံ့သကူ ပစ်ခဲ့တာကွယ်"
"ဒါဖြင့် အခု ပြန်လာယူတာက..."
"ဆေးဈေးတွေ တက်သွားလို့ကွယ့်။ ကျုပ်ဝယ်ရမှာ... အဲ... နာမည်တော့ မခေါ်တတ်ဘူးကွယ့်။ အသက်ကယ်ဆေး ဆိုလားပဲ။ အဲဒါက သုံး လေးရက်အတွင်း အများကြီး တက်သွားတယ်။ စုစုပေါင်း ဆေးဖိုးတွက်လိုက်တော့ ငွေ ဆယ့်ငါးကျပ် လိုနေရော... တည်းတဲ့ ဘုန်းကြီးကျောင်း ပြန်သွားရမှာကလည်း အဝေးကြီး... မြေးလေးကလည်း တအား မောနေ၊ ဆေးကလည်း ချက်ချင်းရမှ ဖြစ်မှာဆိုတော့ မနက်က ပစ်ခဲ့တဲ့ ပံ့သကူငွေ ဆယ့်ငါးကျပ်ကို ပြန်သတိရလိုက်တာနဲ့... အင်း စွန့်ခဲ့ပြီးပေမယ့် မတတ်နိုင်ဘူးကွယ်။ ပြန်ရလိုရငြား လာရှာမိတာပါ။ ပြန်မရတာပဲ ကောင်းပါတယ်။ မြေးကလေး ကုသိုလ်ရတာပေါ့။"
လူငယ်သည် မျက်မှောင်ကြုတ်လိုက်၏။
"နေပါဦး။ အဘွားပစ်ခဲ့တာ ငွေဘယ်လောက်"
"ဆယ့်ငါးကျပ်လေ။ မြေးကလေး သက်စေ့ပဲ။"
"ဟုတ်ရဲ့လား။"
"ဟုတ်ပါတယ်ကွယ်။ ဆယ့်ငါးကျပ်တန် တစ်ရွက်ရယ်၊ ဗေဒင်ဆရာ ရေးပေးတဲ့ စာရွက်ရယ်။"
လူငယ်က "ကိုလူဝ" ကို လှည့်ကြည့်သည်။ "ကိုလူဝ" ထံမှ တင်းမာသော အကြည့်များကို မြင်ရသောအခါ လူငယ် အံ့သြသွားလေသည်။
"မဟုတ်သေးဘူး အဘွားရဲ့။ ပံ့သကူ စာအိတ်ထဲက ဒီအစ်ကို ရတာ ငွေ ၆ဝ။ ဟုတ်တယ် မဟုတ်လား အစ်ကို။"
လူငယ်က "ကိုလူဝ" ကို လှည့်၍ မေးလိုက်၏။ "ကိုလူဝ" က လူငယ်ကို စားမတတ် ဝါးမတတ် တင်းမာစွာ ကြည့်နေဆဲ။ ထို့နောက် အဘွားဘက် လှည့်ကာ ခေါင်းညိတ်သည် ဆိုရုံ ညိတ်လိုက်သည်။ အဘွားအိုသည် စိတ်ရှုပ်ထွေးသွားဟန်ဖြင့် ခေါင်းကုတ်ပြန်၏။
"ဟောတော် ငွေတွေက ဘယ်လိုလုပ် ပွားလာတာပါလိမ့်။ ကျုပ်ပစ်ခဲ့တာ ဆယ့်ငါးကျပ်ထဲပါကွယ်။ ဘုရားကြီး စူးရပါစေရဲ့။ အဲ ဗေဒင်ဆရာရဲ့ အင်းကြောင့်များလား။"
ထိုအခိုက်၌ လူငယ်သည် တစ်စုံတစ်ရာကို တွေးတောမိဟန်ဖြင့် စာအိတ်ကို ကြည့်လိုက်သည်။
"အဲဒီထဲက စာရွက်ကို ဖတ်ကြည့်ပါလား"
အဘွားအိုက စာရွက်ခေါက်ကို ထုတ်ယူပြီး ဖြန့်လိုက်သည်။ ဖူးစကတ်အရွယ် စာရွက်၏ ထိပ်ပိုင်း၌ အင်းကွက်ကလေး တစ်ကွက်ရှိသည်။ ထိုအင်းကွက်အောက်၌ မညီမညာ ရေးသားထားသည့် စာကြောင်းများ။ အဘွားအိုက လူငယ်ကို မော့ကြည့်၏။
"အဘွားက စာမဖတ်တတ်ဘူးကွယ့်။ လူလေး ဖတ်ပြပါလား။"
"ပေး ပေး ကျုပ် ဖတ်ပြမယ်။"
တစ်ချိန်လုံး ငြိမ်သက်နေခဲ့သည့် "ကိုလူဝ" က လှုပ်ရှားလာကာ အလောတကြီး ဝင်ပြောလိုက်၏။ သို့ရာတွင် စာရွက်က လူငယ်၏ လက်ထဲသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။
ပထမဦးဆုံး အင်းကွက်ကို တွေ့လိုက်ရသည်နှင့် လူငယ်က အသာအယာ ပြုံးလိုက်၏။ ထို့နောက် စာကြောင်းများကို ဖတ်သည်။ ထိုသို့ ဖတ်နေစဉ်တွင် လူငယ်၏ မျက်နှာပေါ်၌ သနားရိပ်... ထို့နောက် အံ့သြရိပ်များ... ထို့နောက် အပြုံး အနည်းငယ်... ထို့နောက်...
စာရွက်ကို ဖတ်ပြီးသောအခါ လူငယ်၏ မျက်နှာ၌ တင်းမာရိပ်များ နောက်ဆုံး ကျန်ရစ်သည်။ ထိုမျက်နှာဖြင့် လူငယ်သည် "ကိုလူဝ" ကို ကြည့်လိုက်၏။ "ကိုလူဝ" က ညောင်ပင်ကို မော့ကြည့်နေလေသည်။
"ကဲ ကျွန်တော် ဖတ်ပြမယ်။"
လူငယ်က ချောင်းတစ်ချက် ရှင်းလိုက်သည်။
တွေ့ရှိသူသို့ ...
ကျွန်မ၏ ၁၅ နှစ်ရွယ် မြေးငယ်သည် ဆေးရုံပေါ်၌ သေကောင်ပေါင်းလဲ ဖြစ်လျက်ရှိပါသည်။ မြေးငယ်လေး၏ ကျန်းမာရေးအတွက် ရည်စူးလျက် ဆေးဖိုးထဲမှ ဖဲ့၍ ဤ ပံ့သကူ အလှူကို ဆောင်ရွက်ပါသည်။ လှူရသော အကျိုးကြောင့် မြေးငယ်လေး အမြန် ကျန်းမာပါစေ။ တွေ့ရှိသူကလည်း အင်္ဂါသမီးလေးအတွက် ဆုတောင်းပေးကြပါ။
မြေးငယ်၏ ဘွားအေ
"ဟုတ်တယ် ဟုတ်တယ်။ အဲဒါ ဗေဒင်ဆရာ ပါးစပ်က ရွတ်ပြီး သူကိုယ်တိုင် ရေးပေးတာ"
"နေဦးလေ အဘွားရဲ့။ ဆက်နားထောင်ပါဦး။"
"ဟဲ့ ဒါပဲ မဟုတ်လား။"
"နောက်ထပ် ဆက်ရေးသွားကြတဲ့ လူတွေ ရှိသေးတယ်။"
"ဟင်"
"နားထောင် အဘွား"
တွေ့ရှိသူသို့
ဤပံ့သကူကို ဦးစွာ ပထမ တွေ့ရှိဟန်တူသူမှာ ကျွန်တော်ဖြစ်နိုင်ပါသည်။ ကျွန်တော် ဆရာဝန်တစ်ဦးဖြစ်ပါသည်။ ခေတ်ပေါ် ဆရာဝန်ပေါက်စတစ်ဦး ပီသစွာပင် ဆေးကုသခြင်း အလုပ်မှ လွဲ၍ ကျန်အလုပ်များ အားလုံးကို စိတ်ဝင်စားပါသည်။ ဒေါ်လာကိုမူ စိတ်အဝင်စားဆုံး ဖြစ်ပါသည်။ ဤ မှန်သော သစ္စာစကားကြောင့် သမီးကလေး အမြန် ကျန်းမာပါစေ။ ငွေ (၁၅) ကျပ် ထည့်ဝင် လှူဒါန်းခဲ့ပါသည်။
ဆရာဝန်တစ်ဦး
ပံ့သကူရှင် အဘွားအိုသည် ပါးစပ်အဟောင်းသားနှင့် အံ့သြတကြီး ဖြစ်နေ၏။
"ဘယ် ဘယ်လိုကွယ့်။ ဆရာဝန်က ငါ့မြေးလေး အတွက် ဆယ့်ငါးကျပ် ထည့်သွားတယ် ဟုတ်လား"
"ကိုလူဝ" သည် ညောင်ပင်ကြီးကို မော့ကြည့်နေဆဲ ဖြစ်၏။ ညောင်ရွက်များကို ရေတွက်နေသည်လား မဆိုနိုင်။ လူငယ်က ပံ့သကူရှင်ကို ကြည့်၍ ပြုံးလိုက်သည်။
"မပြီးသေးဘူး အဘွားရဲ့။ နောက်ထပ် လူတွေ ရှိသေးတယ်။ နားထောင်ပါဦး။"
တွေ့ရှိသူသို့
မိသားစုအတွက် ကျွန်တော် ငါးပါးသီလ မလုံဘဲ ရရှိနေသည့် ငွေကြေးအပေါ် လိပ်ပြာသန့်နေမိခြင်းအား လိပ်ပြာမသန့်ပါ။ ဤမှန်သော သစ္စာစကားကြောင့် ဝေဒနာရှင် အမြန် ကျန်းမာပါစေ။ အလှူငွေ (၁၅) ကျပ် ပါဝင်ခဲ့ပါသည်။
ရုံးစာရေးကြီးတစ်ဦး
လူငယ်က မရပ်မနားတော့ဘဲ တောက်လျှောက် ဆက်၍ ဖတ်သွားတော့၏။ အဘွားကြီးသည် ပါးစပ် ဟကာ ငေးနေဆဲ။ "ကိုလူဝ" က အပေါ်မော့နေဆဲ။
တွေ့ရှိသူသို့
ကျွန်တော် သစ်ပင်မစိုက်ပါ။ လူပင်စိုက်ပါတယ်။ ကျောင်းဆရာပေါ့။ ဒါပေမဲ့ ကျွန်တော့် သား သမီး (၄) ယောက် လူဖြစ်ပါ့မလား တွေးမိတိုင်း အရက်သောက်ချင်စိတ် ပေါက်လာတတ်ပါတယ်။ စွန့်စွန့်စားစား ငွေ (၁ဝ) ကျပ် ကူခဲ့ပါတယ်။ ဝေဒနာရှင် ကျန်းမာပါစေ။
ကျောင်းဆရာတစ်ဦး
***
တွေ့ရှိသူသို့
ကျွန်မမှာ ကလေး (၅) ယောက် ရှိတယ်။ အငယ်ဆုံးကလေးက ဆေးခန်းပြနေရတယ်။ ဒီ ပံ့သကူကို ကျွန်မ လိုချင်ပါတယ်။ ဒါပေမဲ့ အထက်က ရေးသွားကြ၊ လှူသွားကြသူတွေကြောင့် ချီတုံချတုံ အကြာကြီးဖြစ်နေပြီးမှ ကျွန်မ မယူဖြစ်တော့ပါ။ ဤပံ့သကူကို မယူတော့ခြင်းဖြင့် ကျွန်မကလေးနှင့် ပံ့သကူရှင်၏ မြေးကလေးတို့ ကျန်းမာကြပါစေ။
အလုပ်သမတစ်ဦး
"အဘွားရေ နောက်ဆုံးလူက ကဗျာဆရာဗျ"
သမီးလေးရေ
ဒါတွေဟာ ကဗျာကွဲ့
ငါ့မှာ ရင်ခုန်ရ။
လောကကြီးဟာ
နေပျော်ပါသေးရဲ့လို့လည်း
အတွေးရ။
ပံ့သကူပွဲ
ငါလည်း ဝင်လို့နွှဲ
အိတ်ထဲက (၅) ကျပ်
အပြီးသတ် ထုတ်ယူ
ကဗျာဆရာ့အလှူ
ဇမ္ဗူမှာ တစ်လူပါကွ
သိကြားမင်း ကျောက်ဖျာအခင်း
တင်းရော့လဟ။
ကဗျာဝါသနာရှင်တစ်ဦး
လူငယ်သည် ပံ့သကူရှင် အဘွားကို မော့ကြည့်လိုက်၏။ ထို့နောက် စာရွက်ကို လှမ်းပေးလိုက်သည်။ ပံ့သကူရှင်သည် စာရွက်ကို လက်တွင် ကိုင်လျက် တွေတွေကြီး ငေးစိုက် ကြည့်နေလေသည်။ တုန်ယင်နေသည့် လက်ချောင်းများဖြင့် သူ မဖတ်နိုင်သော စာကြောင်းများကို အသာအယာ ပွတ်သတ်လျက်ရှိ၏။ ဝေသီ မျက်လုံးအစုံ၌ မျက်ရည်စများ ဝေ့တက်လာကြသည်။ မျက်တောင်တို့ကို ပုတ်ခတ်၍ မျက်ရည်ကို ထိန်းသည်။ တွန့်ရှုံ့ နှုတ်ခမ်းများ တရွရွ တုန်လှုပ်သည်။
"သာဓု သာဓု သာဓုပါတော်။ ဆရာဝန်ကြီးတို့၊ စာရေးကြီးတို့၊ ဆရာကြီးတို့ ကျန်းမာချမ်းသာကြပါစေ။ လိုရာဆန္ဒ ပြည့်ဝ ကြပါစေ။ မြေးလေးရေ မြေးလေးရဲ့ ကုသိုလ်အတွက် ဝိုင်းကြ ဝန်းကြသကွဲ့။ ကျုပ်ရင်ထဲမှာ တမျိုးကြီးပဲကွယ်။"
လူငယ်သည် "ကိုလူဝ" ကို လှည့်ကြည့်လိုက်၏။
"ကိုလူဝ" သည် ညောင်မြစ်ပေါ်၌ အေးဆေးစွာ ထိုင်နေပြီဖြစ်သည်။
"ဒီမှာ ဒီမှာ ဒီကိစ္စကို ခင်ဗျား ဘယ်လို သဘောရသလဲ။"
"ကိုလူဝ" က အေးဆေးစွာ မော့ကြည့်သည်။
"ဘာလဲကွ"
"ဒီက အဘွားကြီး ကိစ္စ"
"အဲဒါ ငါက ဘာလုပ်ရမှာလဲ"
လူငယ်သည် "ကိုလူဝ" ကို အတန်ကြာ စိုက်၍ ကြည့်၏။ ထို့နောက် အောက်နှုတ်ခမ်းကို အသာ ကိုက်သည်။
"ကျွန်တော်သာ ဒီ ပံ့သကူကို ရခဲ့မယ်။ ပြီးတော့ ဒီလို အခြေအနေမျိုးနဲ့ ကြုံခဲ့မယ် ဆိုရင်... ဒီက အဘွားကို ပံ့သကူ ပိုက်ဆံတွေ အကုန် ပြန်ပေးလိုက်မှာပဲ"
"အင်း ဟုတ်မှာပေါ့။ ဒါပေမဲ့ အခုဟာက မင်းရတာမှ မဟုတ်ဘဲ။ ပြီးတော့ ငါကလည်း မင်း မဟုတ်ဘူး။"
"ဒါဖြင့် ခင်ဗျားက ပြန်မပေးနိုင်ဘူးပေါ့"
"ကိုလူဝ" က ပြုံးလိုက်သည်။
"ဒီနေရာမှာ သဘောတစ်ခု ရှိတယ်ကွ"
"ဘာသဘောလဲ"
"ပံ့သကူ သဘောလေ။ ကဲ ဒီမှာ အဘွားကြီး ကျုပ်မေးမယ်။ ဒီ ပံ့သကူငွေ (၁၅) ကျပ်ဟာ ခင်ဗျားကိုယ်တိုင် စွန့်ခဲ့တာ အမှန်ပဲနော်"
သူတို့ နှစ်ယောက် အကြား၌ ကြောင်အမ်းအမ်း ဖြစ်လျက်ရှိသော ပံ့သကူရှင်က အလျင်အမြန် ခေါင်းညိတ်၏။
"ဒါဖြင့် ဒီငွေဟာ ခင်ဗျားနဲ့ ဆိုင်သေးရဲ့လား"
"မဆိုင်ပါဘူးတော်"
"ဒါဆိုရင် ထူးခြားတဲ့ အခြေအနေကြောင့် ဒီငွေကို အကြောင်းပြုပြီး တိုးပွားလာတဲ့ ငွေ ဆိုတာတော့ ပြောစရာ မလိုတော့ဘူးပေါ့ ဟုတ်ရဲ့လား"
"ဟုတ်ပါတယ်တော်"
"ဒါဟာ ပံ့သကူသဘောပဲ။ ခင်ဗျားဟာ မလုပ်ကောင်းတဲ့ အလုပ်ကို လုပ်ခဲ့တယ်။ ကိုယ်ထွေးပြီးသား တံတွေးကို ဘာဖြစ်လို့ ပြန်မျိုချင်ရတာလဲ"
"သြော် ဆေးဖိုးဝါးခ မပြည့်စုံတော့လည်း မတတ်နိုင်တဲ့ အဆုံး..."
"ဘာပဲဖြစ်ဖြစ်လေ။ ဒါမျိုးဟာ အင်မတန် အပြစ်ကြီးတယ်။ ကိုယ့်အံဖတ် ကိုယ် ပြန်စားချင်တဲ့..."
"ဟေ့လူ"
လူငယ်က ကြားဖြတ်၍ အော်လိုက်၏။
"ခင်ဗျား လူတစ်ဘက်သားကို ဒီလောက် ပြောနေစရာ မလိုပါဘူး။ ပံ့သကူ ပစ်တာလည်း သူ့မြေးလေး အတွက်ပဲ။ ဆေးဖိုးလိုလို့ ပြန်ယူချင်တာလည်း သူ့မြေးလေးအတွက်ပဲ။ သူတရားတယ်ဗျ။"
"ဒါပေမဲ့ သဘောကို ငါပြောပြီးပြီ"
"ခင်ဗျား သဘောကြီးက ဘာလုပ်ဖို့လဲ"
"ဟဲ့ ဟဲ့ မောင်ရင်လေးတို့ရဲ့ တော်ကြပါတော့ကွယ့်။ ကျုပ်ကလည်း ပြန်တောင်းနေတာ မဟုတ်ပါဘူးကွယ့်"
"ခင်ဗျား သူ့ကို မူလငွေ (၁၅) ကျပ်တော့ ပြန်ပေးသင့်တယ်။"
"အို မလိုချင်ပါဘူးကွယ်"
"ဟေ့ကောင် ဒီငွေ (၆ဝ) ဟာ ငါ့အတွက် ဘာမှ ဖြစ်လောက်တာ မဟုတ်ဘူး။ ဒါဟာ ငွေကိစ္စ မဟုတ်ဘူး။ သဘောကိစ္စကွ။"
"မဟုတ်ဘူး။ ဘာသဘောကိစ္စမှ မဟုတ်ဘူး။ ဒါဟာ စေတနာကိစ္စ။ ခင်ဗျားသဘောကြီးက မှန်ချင်မှန်လိမ့်မယ်။ ဒါပေမဲ့ စေတနာမမှန်ဘူး။ လုပ်ရပ်မမှန်ဘူး။ အံ့သြတယ်ဗျာ။ ရှားတယ်"
"ကိုလူဝ" သည် ရှူးရှူးရှားရှား ဖြစ်သွား၏။
"အောင်မာ လူကဖြင့် လက်မလောက်ရှိသေး ကြီးကြီးကျယ်ကျယ်"
"မဆိုင်တာတွေ ပြောမနေပါနဲ့ဗျာ။ ဒီမှာ ခင်ဗျား ပြန်မပေးနိုင်ဘူး ဆိုပါတော့"
"ပြန်မပေးတော့ မင်းက ဘာလုပ်မလဲ"
"ခင်ဗျား လူမိုက်စကား မပြောနဲ့။ ဒီမယ် အဘွား လိုတဲ့ငွေ ကျွန်တော်ပေးမယ်။ ဈေးထဲမှာလည်း ကျွန်တော့် အသိ ဆေးဆိုင်ရှိတယ်။ လိုက်ပို့ပေးမယ်။"
ပံ့သကူရှင်က မျက်နှာ အုံ့မှိုင်းလာပြီး ခေါင်းယမ်းလေသည်။
"မလိုပါဘူးကွယ်။ ဆေးဖိုးငွေက ကြံဖန်ရှာရင် ရပါတယ်။ ဒီစာရွက်လောက်တော့ ဘာမှ တန်ဖိုးမရှိပါဘူး။ ဆေးရုံကျတော့ မြေးလေးကို ပြရင် သိပ်ကို ဝမ်းသာရှာမှာ"
ပံ့သကူရှင်သည် စာရွက်ကို တရိုတသေ ခေါက်၍ အင်္ကျီရင်ဘတ်ကြားသို့ မြတ်မြတ်နိုးနိုး ထည့်လိုက်၏။
"အဘွားကြီး လူတွေကို သိပ်မယုံနဲ့နော်။ ဒါ တော မဟုတ်ဘူး။ မြို့ကြီး ပြကြီး။ နားလည်လား။ တစ်နေရာခေါ်သွားပြီး ရိုက်လုတာတို့ ဘာတို့ ဆိုတာ မြို့ပေါ်မှာ ရိုးနေပြီ။"
"ဟင် ခင်ဗျား"
လူငယ်သည် ရုတ်ချည်းပင် မျက်နှာ ရဲတက်လာကာ တစ်ကိုယ်လုံး ဒေါသဖြင့် တုန်လှုပ်လျက် "ကိုလူဝ" ဘက်လှည့်ပြီး အင်္ကျီကော်လာကို ဆွဲဆောင့်လိုက်၏။
"ကိုလူဝ" ၏ လက်သီးက လူငယ့်မျက်နှာပေါ်သို့ လျှင်မြန်စွာ ကျရောက်သည်။
"ဘာလဲ မင်းက"
လူငယ်က "ကိုလူဝ" ကို ခုန်အုပ်လိုက်၏။
"ဟဲ့ ဟဲ့ မလုပ်ကြပါနဲ့။ ဟဲ့ တော်ကြပါဟဲ့။ ဟဲ့ ငါ့တူ... ဟဲ့ ငါ့မြေး အို ဒုက္ခပါပဲ... လာကြပါဦး အရပ်ကတို့ရေ ဟောဒီမှာ သတ်ကုန်ကြပါပြီတော့..."
မြေပြင်ပေါ်တွင် လူနှစ်ယောက် လုံးထွေး သတ်ပုတ်နေကြစဉ် ပံ့သကူရှင် အဘွားသည် နေရာတွင် ဒူးလေးတုပ်၍ ထိုင်ချလိုက်ပြီး ဝမ်းနည်းကြေကွဲစွာ ငိုချလိုက်လေသည်။
မောင်သစ်ဆင်း
(မဟေသီ မဂ္ဂဇင်း)
Saturday, April 9, 2011
အဆိပ်သင့်ပန်း ..
(၁)
ကျမဟာ မူးယစ်ဆေးဝါး ပတ်ဝန်းကျင် မှာ ကြီးပြင်းလာခဲ့သူ တစ်ယောက် ဖြစ် ပါတယ်။ အိမ်မှာဆိုရင် ဖေဖေက အရက်နဲ့ဆေးလိပ်ကို နေ့စဉ်သောက်သုံးသူ တယောက် ဖြစ်ပါတယ်။ အစ်ကို ကတော့ ဘိန်းကို စွဲစွဲလန်းလန်း သုံးစွဲသူပါ။
အိမ်ဘေးမှာ နေထိုင်တဲ့ ဦးကြီးကလည်း အရက်နဲ့ ဆေးလိပ်ကို အမြဲသောက်တယ်။
ကျမ ငယ်ငယ်ကတည်းက ဖေဖေ အရက်စသောက်ခဲ့တယ်လို့ မှတ်မိပါတယ်။ ဖေဖေက အရက်သောက်ရင် သူများ အိမ်မှာ သိပ်မသောက်တတ်သလို ဆိုင်မှာထိုင်ပြီးလည်း မသောက်ပါဘူး။ ဖေဖေ အရက်သောက်ချင်ရင် ကျမကို သွားအ၀ယ်ခိုင်းတတ်ပါတယ်။
ကျမ အသက် ၂၀ ကျော်တဲ့အထိ ဖေဖေ့အတွက် ရှက်ရှက်နဲ့ အရက်သွားဝယ်ပေးရတယ်။ ဖေဖေ့အတွက် အရက်ထွက်ဝယ်ပေးရရင် သူငယ်ချင်းတွေကို ရှက်မိတယ်။ တခါတလေ သွားမ၀ယ်ပေးဘူးလို့လည်း ဖေဖေ့ကို ငြင်းခဲ့ဖူးပါတယ်။
(၂)
ဖေဖေ့အတွက် မကပါဘူး။ အစ်ကိုလည်း အသက်အရွယ်ရလာတော့ အရက်သောက်လာတယ်။ ဒါပေမဲ့ သူတို့တွေကိုယ်တိုင်က သွားမ၀ယ်ချင်ဘူး။ “ညီမလေး…အစ်ကို့အတွက် အရက်သွားဝယ်ပေးပါဦး၊ ညီမလေးအတွက် မုန့်တထုတ်လည်း ၀ယ်လာခဲ့လိုက်ပေါ့” ဆိုပြီး အစ်ကိုက ချော့ပြီး သွားဝယ်ခိုင်းတတ် ပါတယ်။
ပြီးတော့ ကျမအိမ်ဘေးမှာနေတဲ့ ဦးကြီးတယောက်ပေါ့။ သမီး ဦးကြီးတို့အတွက် အရက်သွားဝယ်ပေးပါအုံးဆို ခိုင်းတတ်တယ်။ ကျမကတော့ မိသားစုကြား၊ ဆွေမျိုးကြားမှာ အရက်ဝယ်ပေးတဲ့ ပေါ်ပြူလာခိုင်းဖတ်လို ဖြစ်ခဲ့တယ်။ ရွာမှာဆိုရင် ကျမမသိတဲ့ အရက်တွေ၊ အရက်ဆိုင်တွေ သိပ်ရှားပါတယ်။ လွယ်အိတ်တလုံးနဲ့ နေ့စဉ် ပုံမှန်ဆိုသလို အရက်ဆိုင်ကို ရောက်တတ်ပါတယ်။ နောက် ကျမဟာ ဒီပတ်ဝန်းကျင်တွေကြားမှာ စိမ်းမနေတော့ဘဲ ထမင်းစားရေသောက်လို ဖြစ်လာတယ်။
ဖေဖေက အရက်သောက်ပေမယ့် အိမ်မှုကိစ္စကိုတော့ ကျေပွန်သူတယောက် ဖြစ်ပါတယ်။ မေမေက အိမ်မှုကိစ္စ ၀ါသနာမပါတော့ ခြံအလုပ်နဲ့ပဲ နစ်မြှုပ်နေသူပါ။ ဖေဖေက သီးနှံအားလုံး ပြုစုပျိုးထောင်ပေးတယ်။ အိမ်မှာရှိတဲ့ မုန်ညင်းချဉ်ခြောက်၊ ပဲပုတ်ခြောက်စတဲ့ အခြောက်မျိုးစုံကိုလည်း ဖေဖေက မပျင်းမရိ စီမံတတ်သလို ရွှေဖီချိန်အတွက် အမြဲတမ်း အဆင်သင့် လုပ်ပေးတတ်တယ်။ ပြီးတော့ လက်သမားလည်း လုပ်တယ်။ သူများဆီမှာ သွားအလုပ်လုပ်တာပါ။
အလုပ်နဲ့ပတ်သက်လာရင်တော့ ဖေဖေ့ကို အတော်အားကျမိတယ်။ ဖေဖေ မလုပ်တဲ့အရာ သိပ်ရှားတယ်။ လက်မှုပညာလား၊ စက်မှုပညာလား အားလုံးတတ်တယ်။ လက်မှုပညာဆိုရင် တခုပြီးတခု တီထွင်ကြံဆပြီး လုပ်တတ်တယ်။ စက်ပစ္စည်းဆိုလည်း ဒီလိုပဲ အမျိုးမျိုးပြင်တတ်တယ်။ ဒီတော့ ရွာက ဖေဖေ့ကို အားကိုးအားထားရှိသလို ကျမတို့ အိမ်မှုကိစ္စအတွက်လည်း ဖေဖေကိုပဲ အားကိုးရတယ်။
ဒါပေမဲ့ ဖေဖေက အရက်ကို သိပ်ကြိုက်လွန်းတယ်။ ဖေဖေအရက်သောက်ရင် အလုပ်သိပ်မဖြစ်တော့ဘူး။ ဖေဖေထက သူများအိမ်မှာ သွားစုသောက်တာ သိပ်ဝါသနာမပါတော့ သူများက ကျမတို့အိမ်မှာ လာသောက်တာပေါ့။ ကျမတို့အိမ်လာသောက်ရင် ကျမရယ်၊ မေမေရယ် အရမ်းကို စိတ်ဆင်းရဲရတယ်။ ဖေဖေက ရှိတာကို ဝေမျှစားတဲ့ လူစားမျိုးလေ။ အိမ်မှာရှိတဲ့ ဟင်းကောင်းတွေဆို တစ်ခါမှ မိသားစုချည်း သက်သက်စားရတာ မရှိဘူး။ ဟင်းကောင်းရှိရင် ဖေဖေ့သူငယ်ချင်းတွေက လူကြီးလူငယ်မရွေး အိမ်မှာလာ စုသောက်တတ်ကြတယ်။ ညသန်းခေါင်အထိ သူတို့က စားသောက်ပြီး နေတတ်တယ်။
အိမ်မှာ ကြက်မွေးထားတယ်ဆိုပေမယ့် ကျမတို့ကြက်က မိသားစုအတွက် မွေးထားတာမဟုတ်ဘဲ ဧည့်သည်တွေအတွက်ပဲ ဖြစ်ခဲ့ရတယ်။ တခါတလေ လက်ထဲမှာရှိတဲ့ ပိုက်ဆံကိုတောင် အရက်ဖိုးအဖြစ် တောင်းကြတယ်။ သူတို့ စားသောက်ပြီးရင် ကျမ၊ ဒါမှမဟုတ် မေမေက မနက်အစောကြီးထပြီး အိုးခွက်ပန်းကန်တွေ ဆေးရတာ အကြိမ်ကြိမ်ပါပဲ။ တခါတလေ ဧည့်သည်တွေ စိတ်တိုင်းမကျရင် ဖေဖေက ကျမတို့ကို အော်ငေါက်တတ်သေးတာမို့ သူတို့တတွေအတွက် အမြဲတမ်း စိတ်တိုင်းကျအောင် စီစဉ်ပေးရတယ်။
(၃)
တခါတလေ ဖေဖေက အရက်သောက်ရင် သွေးဆိုးတယ်လို့ ပြောရမလား မသိဘူး။ စိတ်တိုင်းမကျဘူးဆို အိမ်မှာရှိတဲ့ အိုးခွက်ပန်းကန်ကို ကိုင်ပေါက်တာတို့ ခွဲပစ်တာတို့ လုပ်တတ်တယ်။ မေမေကိုတော့ မရိုက်ပါဘူး။ မေမေကလည်း ဘာမှမပြောဘူး။ မေမေက အရုပ်လေးတရုပ်နဲ့တူတယ်။ ဖေဖေ့စိတ်တိုင်းကျပဲ ဖြစ်နေတယ်။ ဖေဖေ အဲလိုကြမ်းပြီဆိုရင် ကျမ အရမ်းကြောက်တယ်။
ဘယ်သူမဆို ပတ်ဝန်းကျင်နဲ့ နေရတယ် မဟုတ်လား။ ကျမက မိန်းကလေး၊ အပျိုပေါက်စဆိုတော့ ပတ်ဝန်းကျင်ကို ရှက်တတ်လာတယ်။ ဒါပေမဲ့ ဖေဖေ အရက်မသောက်နဲ့လို့ တခါမှ မပြောဖူးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဖေဖေက အရက်ကို အရမ်းကြိုက်တယ်လေ။ ဒါပေမဲ့ တခါတလေ ပတ်ဝန်းကျင်က ပြောချင်ဆိုချင်လာတယ်။
“သမီးဖေဖေကို မပြောဘူးလား။ အရက်မသောက်နဲ့၊ ပိုက်ဆံလည်းကုန်တယ်။ သမီးမေမေလည်း စိတ်ဆင်းရဲတယ်” စတဲ့စကားတွေ ကျမကို ပြောလာတတ်တယ်။ တခါတလေ ဖေဖေ့ကို အရက်မသောက်ပါနဲ့လို့ ပြောချင်တယ်။ ဒါပေမဲ့ မပြောရဲခဲ့ဘူး။ ငယ်ကတည်းက ကျွေးမွေးပြုစုခဲ့တဲ့ အဖေတယောက်ကို သမီးတယောက်အနေနဲ့ ပြောလိုက်ရင် စော်ကားရာ ကျမလားပေါ့။ ဖေဖေကလည်း ကျမကို အစ်ကို့ထက် ချစ်တယ်။ အရမ်းလည်း အလိုလိုက်ခဲ့ပါတယ်။ ဒါကြောင့်မို့ တခါတလေတော့ ဖေဖေ့ ကျန်းမာရေးအတွက် အရက်လျော့သောက်ပါလို့ ပြောခဲ့မိတယ်။
(၄)
အစ်ကိုလည်း တဦးတည်သောသားဆိုတော့ မိဘအပေါ် အရမ်းကို နွဲ့ဆိုးဆိုးတတ်သလို မိဘတွေကလည်း အလိုလိုက်ခဲ့ကြတယ်။ နောက် စီးပွားရေး အဆင်ပြေတဲ့အချိန်ဆိုတော့ အစ်ကို ပိုက်ဆံဘယ်လောက်လိုသလဲ။ ရှာပေးတတ်ကြတယ်။ နောက်တော့ အစ်ကိုက ဘိန်းစားတွေနဲ့ သွားပေါင်းတယ်။ ဖေဖေကလည်း သူ့သား ပိုက်ဆံပိုပိုလိုလို သုံးနိုင်အောင်ဆိုပြီး တရုတ်အိမ်မှာ ညအလုပ်သွားလုပ်ခိုင်းတယ်။
အလုပ်ရှင်က လခကို ပိုက်ဆံမပေးဘဲ ဘိန်းပဲ ပေးတယ်။ ဒါနဲ့ အစ်ကိုလည်း ဘိန်းစွဲသွားတာပေါ့။ နောက်တော့ အိမ်က လက်ဖက်ကို အချိန်သုံးလေးဆယ် ခိုးရောင်းတတ်လာတယ်။ အိမ်က မိဘတွေက မသိဘူး။ ကျမက သိတယ်။ ဒါပေမဲ့ အစ်က “အိမ်ကို ပြန်ပြောရင် မင်းတော့မလွယ်ဘူးမှတ်”တဲ့။ ခြိမ်းခြောက်ထားတယ်။ ကျမလည်း ကြောက်တာနဲ့ ဘာမှပြန်မပြောဖြစ်ပါဘူး။
နောက်တော့ ဘယ်လောက်အထိ ဖြစ်သွားသလဲဆို အစ်ကိုက အိမ်မှာတင် ဘိန်းရှုလာတဲ့အထိ ဖြစ်လာတယ်။ ကျမလည်း ဖေဖေ့ကို ပြောပြချင်တာ ပါးစပ်ကို ယားနေတာပဲ။ ကျမ ဘာဖြစ်လို့ သိလည်းဆိုတော့ အစ်ကို့ အိပ်ယာကို မကြာမကြာ သွားကြည့်တတ်လို့။ အဲမှာ ဟိုကြည့်ဒီကြည့်လုပ်ရင်း အစ်ကိုသုံးတဲ့ ပစ္စည်းကရိယာကို တွေ့ရတယ်။ တခါတလေ ဘိန်းဖြူနံပါတ်ဖိုးကို အိမ်အထိ သယ်လာတယ်။ ဒီအချိန်မှာ ရွာမှာ လူအများစုက ဘိန်းစားတာ ခေတ်စားနေတော့ ဘယ်သူမှ လာမပြောဘူး။ မိဘတွေပဲ ကိုယ့်သားသမီးကို နိုင်အောင်ထိန်းတဲ့ စနစ် ဖြစ်နေတယ်။
(၅)
နောက်တော့ ကျမ မနေနိုင်တော့ဘူး။ အစ်ကို အသုံးပြုတဲ့ ပစ္စည်းကို ဖေဖေဆီ သွားပေးလိုက်တယ်။ ဖေဖေက အိမ်သာထဲ သွားပစ်လိုက်ရော။ ဒါပေမဲ့ အကိုကတော့ သူများအိမ်မှာ သွားရှုတာပဲ။ တနေ့မှာ မမျှော်လင့်ဘဲ ပလောင်စစ်တပ်တွေက ရွာမှာ ဘိန်းရှုတဲ့သူတွေကို စာရင်းလာကောက်တယ်။ အစ်ကိုလည်း အဲဒီစာရင်းမှာ ပါသွားတာပေါ့။
နောက်တော့ ပလောင်စစ်တပ်တွေက ဘိန်းစားအားလုံးကို ဖမ်းပြီး ဇရပ်ပေါ်မှာ နေခိုင်းတယ်။ ရွာကို လုံးဝ ဆင်းခွင့်မပေးဘူး။ မိသားစုတွေက နေ့တိုင်း ထမင်းချိုင့် ပို့ပေးရတယ်။ တချို့ နှစ်ပေါင်းများစွာ ဘိန်းရှုခဲ့တဲ့ လူတွေကျတော့ ဖြတ်ရခက်တော့ ချက်ချင်းကြီး ဘိန်းဖြတ်ခိုင်းလို့ မရဘူး။ နည်းနည်းစီး ပေးရှုတယ်။ ဖြစ်ချင်တော့ ဇရပ်က ကျမတို့အိမ်နဲ့ သုံးအိမ်ကျော်ပဲ ဝေးတယ်။
နှစ်ပေါင်းများစွာ ဘိန်းရှုခဲ့တဲ့ လူတွေကမရှုရင်မနေနိုင်တော့ ပတ်ဝန်းကျင်ကို ရန်ရှာတ်ကြတယ်။ သူတို့ကို ထိပ်တုံးနဲ့ ခတ်ထားတယ်။ ကျမကတော့ မြို့ပေါ်ကျောင်းတက်နေတာမို့ ဘာမှမသိဘူး။ ရွာပြန်လာတော့ သူငယ်ချင်းတွေ နောက်ပြောင်ကြတယ်။ “အတော်ပဲ မင်းရောက်လာတာ။ မင်းအစ်ကို ဘုန်းကြီးဝတ်နေတယ်။ ထမင်းချိုင့် နေ့တိုင်းသွားပို့ရမယ်”တဲ့။ ကျမစဉ်းစားတယ်။ ဘုန်းကြီးဝတ်တာနဲ့ ထမင်းချိုင့်ပို့တာ ဘာဆိုင်လဲပေါ့။ ဘယ်ဟုတ်မလဲ။ ဇရပ်မှာ ဘိန်းစားတွေ ထားတာကိုး။
မိဘတွေကို ထမင်းချိုင့် မပို့စေချင်တာနဲ့ ကျမပဲ နေ့တိုင်း တာဝန်ယူပြီး ထမင်းချိုင့် သွားပို့ပေးတယ်။ ကျမလည်း အသက်အရွယ်ရလာတော့ ရှက်တတ်လာတာပေါ့။ ဖေဖေဆိုရင် ဒေါသဖြစ်ပြီး အစ်ကို့ကို တရက်မှ သွားမတွေ့ဘူး။ သူများ မိဘဆိုရင် သားလေး ဘာစားချင်လဲ၊ ဘာဖြစ်ချင်လဲ လုပ်ပေးတာမျိုး တွေ့ရတယ်။ ဖေဖေက သူ့သားကို သူအလိုလိုက်ခဲ့လို့ အခုလို ဖြစ်ရတယ်ဆိုပြီး ဖြေလို့မရအောင် ဖြစ်နေတယ်။
ဘိန်းသမားတွေကို မြင်ရတော့လည်း အရမ်းသနားမိတယ်။ ဘာဖြစ်လို့လဲဆို တချို့က ထိပ်တုံးနဲ့။ တချို့ဆိုရင် ဘိန်းဆာလို့ ခွေပြီးအိပ်နေတာနဲ့။ တချို့ဆိုရင် မနေနိုင်လို့ ရေကန်ထဲမှာ သွားစိမ်နေတာနဲ့ အဲလိုမျိုးတွေ တွေ့နေရတယ်လေ။ ညရောက်ရင် သူတို့ရဲ့ ညီးတွားအော်ဟစ်သံတွေ ကြားနေရတယ်။ အဲဒီထဲမှာ သေသွားတဲ့ လူလည်း ရှိတယ်။
(၆)
တညမှာ ဘိန်းစားသူတွေကြားမှာ နှစ်ဂိုဏ်းကွဲကြပြီး ရန်ပွဲအကြီးအကျယ် ဖြစ်ကြတယ်။ အားလုံး ရွာထဲဆင်းပြီး တုတ်ကိုင်ဓါးကိုင်ပြီး ရိုက်ကြသတ်ကြတယ်။ သူတို့ရဲ့ အော်သံကို ကြားရတော့ အရမ်းကို စိတ်တွေ ကယောင်ချောက်ချား ဖြစ်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမ အစ်ကိုတယောက်လည်း ပါနေတယ်လေ။
ဖေဖေ့ကို သွားကြည့်ဖို့ ပြောတော့လည်း သေချင်သေပလေ့စေဆိုပြီး သွားမကြည့်ဘူး။ မေမေကလည်း အတော် နေမကောင်းဖြစ်နေတယ်။ ကျမ ဘယ်သူ့ကို သွားတိုင်ပင်ရမလဲ မသိဘူး။ ဦးလေး ဦးကြီးတို့ဆီလည်း မသွားရဲဘူး။ တညလုံး စိတ်သောကတွေ ဖြစ်ရတယ်။ နောက်ရက်ကျတော့ ကျမအစ်ကိုအပါအ၀င် ၇ ယောက်ကို ဖမ်းလိုက်တယ်။ သူတို့ကို တခြားနယ်ပို့မယ်လို့ ရပ်ကွက်ဥက္ကဌက ဖေဖေ့ကို လာပြောတယ်။ ဖေဖေကတော့ အေးအေးဆေးဆေးပါပဲ။ ပို့ရင်လည်း ပို့ပါစေပေါ့။ မေမေကတော့ သူ့သားပါသွားမှာ စိုးရိမ်ပြီး ပိုက်ဆံရှာ၊ ဥက္ကဌထံ သွားတောင်းပန်ပြီး ပြန်ရွေးခဲ့ရတယ်။ အဲဒီအချိန်ကာလမှာ ဘိန်းစားတွေ ခဏတာ ငြိမ်သက်သွားတာကို တွေ့ရတယ်။
အိမ်ဘေးနားက တယောက်ဆိုရင် ဘိန်းထိုးရင်း အသက်ဆုံးရှုံးခဲ့ရတယ်။ ပြီးတော့ ဘိန်းစားလို့ နယ်ပိုင်တွေက လာဖမ်းရင် လျော်ကြေးပေးရသလို ထောင်ထဲ ရောက်သွားသူတွေလည်း ရှိပါတယ်။ ဒါတွေဟာ နောက်ဆက်တွဲ ပြဿနာတွေပါ။
ဒါတွေဟာ ကျမကိုယ်တွေ့ပါ။ ဘိန်းဖြူ ဘိန်းမဲ ရှုတဲ့သူတွေ၊ အရက်မူးပြီး သောင်းကျန်းတဲ့သူတွေ ကျမ နေ့စဉ် ကြုံတွေ့ခဲ့ရပါတယ်။ ကြာတော့ ဒါတွေနဲ့ ရင်းနှီးကျွမ်းဝင်ပြီး ဖြစ်ရိုးဖြစ်စဉ်တခုလို ဖြစ်သွားတော့တာပါပဲ။ ဒီအခြေအနေတွေအောက်မှာ ရွာရဲ့ တိုးတက်မှု၊ လူငယ်တွေရဲ့ တိုးတက်မှုဟာ ဘာမှရှိမလာတော့ဘူး။ အခုလည်း ယောက်ျားသားများဟာ တရွာလုံးလိုလို အရက်နဲ့ မူးယစ်ဆေးဝါး သုံးစွဲနေကြပြန်တယ်။ ရွာမှာ အရက်မမူးတဲ့ ဘိန်းမရှုတဲ့ ယောက်ျားကို ထမင်းထုတ်ထမ်းရှာမယ်ဆိုရင်တောင် ထမင်းသာမက လူပါ သိုးသွားနိုင်တယ်လို့ ဆိုရမလိုပါပဲ။
(၇)
မူးယစ်ဆေးဝါး သုံးစွဲတဲ့သူရှိတဲ့ မိသားစုတစုဟာ ပျော်ရွှင်ချမ်းမြေ့မှုကို ဖန်တီးပေးနိုင်တဲ့ မိသားစုတစု မဖြစ်နိုင်သလို တိုးတက်တဲ့ မိသားစုလည်း မဖြစ်နိုင်ပါဘူး။ ကျမရဲ့ မိသားစုကို ကြည့်မယ်ဆိုရင် အရင်က အဆင်ပြေတဲ့ မိသားစုလို့ ပြောလို့ရပါတယ်။ နောက်ပိုင်းတော့ မိသားစု စီးပွားရေးက တဖြည်းဖြည်း ကျဆင်းလာတယ်။ အစ်ကိုကလည်း မိသားသုအတွက် မထောက်ပံ့နိုင်တဲ့အပြင် သူ့ဘိန်းဖိုးအတွက်တောင် အနိုင်နိုင်ရှာနေရတယ်။
ဖေဖေကတမျိုး သားကတဖုံဆိုတော့ မေမေ့ခင်မျာ စိတ်ချမ်းသာလက်ချမ်းသာ နေရတယ်လို့ မရှိခဲ့ဘူး။ ပြောရမယ်ဆိုရင်တော့ တမိသားစုလုံးအတွက် စိတ်ဖိစီးမှုတွေ အားလုံးကိုစုပြီး ခံစားခဲ့ရတယ်။ ငွေရေးကြေးရေး အဆင်မပြေတော့ မိသားစုအတွင်းမှာ ပြဿနာတွေ တခုပြီးတခု ၀င်လာတယ်။ ကိုယ့်မိသားစုကြောင့် ပတ်ဝန်းကျင်ကြားမှာ မျက်နှာငယ်လာတယ်။ ပတ်ဝန်းကျင်ကလည်း ကျမတို့ မိသားစုကို အရင်လို တလေးတစား မရှိတော့ဘူး။ ပတ်ဝန်းကျင်ကြားမှာ သိပ်ပြီး မ၀င်ဆန့်ချင်တော့ဘူး။
ဒါတွေအားလုံးကို ပြန်လည်သုံးသပ်ကြည့်မယ်ဆိုရင် မူးယစ်ဆေးဝါးဟာ လူတွေကို ဘယ်လောက် ဒုက္ခ ရောက်စေတယ်ဆိုတာ ထင်ရှားပါတယ်။ မိသားစု၊ ဒီကမှတဆင့် ရပ်ကွက် မြို့ရွာ နောက်ဆုံး တမျိုးသားလုံး အတွက်ပါ အန္တရာယ်သိပ်ကြီးတဲ့ ရန်သူပဲ ဖြစ်ပါတယ်။
(၈)
ဒါကြောင့် ဘိန်းစိုက်ပျိုးမှုတွေ၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေ၊ ရောင်းဝယ်ဖောက်ကားမှုတွေကိ ထိထိရောက်ရောက် ဖော်ထုတ်အရေးယူဖို့ လိုအပ်သလို၊ မူးယစ်ဆေးဝါး သုံးစွဲသူတွေကိုလည်း ပြင်းပြင်းထန်ထန် တားမြစ်ဖို့ လိုအပ်ပါတယ်။ အမျိုးသားရေး အသိနဲ့ တိုက်ခိုက် ချေမှုန်းသွားဖို့ လိုပါတယ်။
အခုအချိန်မှာ နအဖတွေက ဘိန်းစိုက်နှုန်းတွေ လျော့ကျသွားပါပြီလို့ ပြောနေပေမယ့် ဘိန်းရှုနှုန်း ဘိန်းရောင်းနှုန်းက မလျော့ကျတာ တွေ့နေရပါတယ်။ ဒါဆိုရင် ဘိန်းစိုက်နှုန်း လျော့ကျတယ်လို့ ပြောလို့ မရပါဘူး။ ဘိန်းရှုတဲ့ လူတွေကို ဖမ်းဆီရုံနဲ့ ဘိန်းရှုနှုန်းက ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ ဘိန်းစိုက်ပျိုးတဲ့ သူတွေရယ်၊ ဘိန်းရောင်းတဲ့ လူတွေကိုပါ တားဆီးပိတ်ပင်ပါမှ ကျမတို့ရဲ့ အနာဂတ်မှာ ချမ်းမြေ့သာယာတဲ့ ဘ၀ကို ပိုင်ဆိုင်နိင်ကြမှာပါ။
ကျမလည်း ညသန်းခေါင်ယံမှာ ဘိန်းသမားတွေရဲ့ ညည်းညူသံတွေ၊ အော်ဟစ်သံတွေ၊ ရန်ဖြစ်သံတွေကို နောက်ထပ်တခါ မကြားချင်တော့ပါဘူး။ သာယာချမ်းမြေ့တဲ့ မိသားစုဘ၀မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေချင်ပါတယ်။ ကျမလိုပဲ လူသားတွေကိုလည်း မူးယစ်ဆေးဝါးရဲ့ အဆိပ်သင့်သူတွေ မဖြစ်စေဖို့အတွက် တဦးချင်း အသိစိတ်ဓါတ်နဲ့ တားဆီးကာကွယ်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။
ဒီဒါင်းကီခြိုဝ်း
(၂၀၀၉ ခုနှစ် ငြိမ်းချမ်းရေး တည်ဆောက်သူ အမျိုးသမီးများအသင်းမှ ထုတ်ဝေသော 'လောင်းရိပ်ကို ကျော်ဖြတ်ခြင်း ၂' စာအုပ်မှ ထုတ်နှုတ် ဖော်ပြပါသည်။)
Wednesday, April 6, 2011
..........ချစ်သူ........
ယောက်ျားလေးချစ်သူဆိုတာ
၁)မိုးသက်လေပြင်းကျချိန် ချစိသူ စိုမှာစိုးလို့  အကာအကွယ်ပေးပြီး
လိုက်မိုးပေးသူ
၃)ချမ်းအေးတဲ့  ဆောင်းမနက်မှာ ကိုယ့်ကို နွေးထွေးတဲ့ လက်တစ်စုံပေးသူ
၎)ကိုယ့်စိတ်ပျက် အားငယ်လို့ မျကရည်ကျချိန် မှီစရာ ပုခုံးတစ်စုံ ငှားပေးသူ
၅)ဂျုလီယာ ရောဘတ်ကို ကြိုက်ပေမယ့် ဒီကမ္ဘာမှာ အကောင်းဆုံး အလှဆုံးဟာကိုယ်ပါလို
့ပြောသူ
၆)ဂျက်ကီချန်းကားတွေကြိုက်ပေမယ်
့ လွမ်းဆွေးစရာ ကိုးရီးယားကားတွေကိုမပျင်းမရိဘဲ
ကိုယ်နဲ့ အတူ လိုက်ကြည့်တက်သူ
၇)ကောင်းကင်က ကြယ်တွေကို ကိုယ့်နဲ့ အတူ စိတ်ရှည်လက်ရှည် လိုက်ရေတက်သူ
၈)ကိုယ်မွေးနေ့ ကိုမှတ်မိပြီး လက်ဆောင်ပစ္စည်းဝယ်ဖို့ မေ့တက်သူ
၉)သူ့ ရင်ဘတ်ကို ထုပြီး ကိုယ်ဒေါသထွက်ချိန် အနမ်းတစ်ပွင့်နဲ့  နှစ်သိမ့်တတ်သူ
၁၀)မျိုကကျပေမယ့် ကိုယ်ချက်တာ အကောင်းဆုံးဆိုပြီး အားပါးတရ စားပြတတ်သူ
မိန်းကလေးချစ်သူဆိုတာ
၁)ငြင်းခုံရန်ဖြစ်ချိန် ခေါင်းငုံ့ အရှုံးပေးချင်ပေမယ့် တင်းခံပြီး
ပြန်ငြင်းတတ်သူ
၂)ချစ်သူရဲ့ ဂတိသစ္စာတွေကို နှလုံးပေါ်မှာ ထွင်းတားပေမယ့် ဟ ”ကျွန်မကို ချစ်မိတာ
နောင်တ မရဘူးလား” လို့  လိုက်မေးတက်သူ
၃)လပ်းဖြတ်ကူတဲ့ အချိန် ချစ်သူရဲ့ ခြေလှမ်းအတိုင်း လိုက်လှမ်းချင်တဲ့ သူ
၅)လေပြင်းမုန်တိုင်းကျနေပါစေ  ချစ်သူရဲ့လက်ကို
တင်းတင်းဆုတ်ကိုင်ပြီးကျော်ဖြတ်ရဲသူ
၆)အချက်အပြုတ် မတတ်ဘဲ မီးဖိုတစ်ခုလုံးကို မွှေနှောက် ချစ်သူကို ကိုယ်တိုင်
ချက်ကျွေး ချင်တဲ့ သူ
၇)ဗေဒင် လက္ခဏာတွေတွက် ယတြာတွေ လိုက်ချေပြီး ချစ်သူနဲ့  ပေါင်းဖက်ရအောင်လုပ်သူ
၈)ချစ်သူကို တစ်နေ့ မမြင်ရင် နံရိုးတစ်ချောင်း လျော့နေတယ်လို့ ထင်သူ
၉)ချစ်သူ မောပန်းတဲ့ အချိန်၊ စိတ်ညစ်တဲ့ အချိန်မှာ ရင်ခွင်ထဲ ထွေးပွေ
့ပြီးနှစ်သိမ့် တက်သူ
၁၀)ပျော်ရွှင်မှုတွေကို နွေးထွေးတဲ့  အနမ်းနဲ့ ချစ်သူကို မျှဝေးပေးတက်သလို
စိတ်ညစ် ၀မ်းနည်းမှုတွေကို မျက်ရည်နဲ့ အတူချစ်သူ ကိုရင်ဖွင့်တက်သူ
ဟုတ်တယ်…ဒါဆိုချစ်သွားပြီထင်တယ်
၁)ဘယ်လောက်ပဲ အလုပ်ရှပ်နေပါစေ  ကိုယ့်ဖုန်းကို ဖွင့်ထားပြီး သူ့ ဆီက
မက်ဆေ့  ဒါမှမဟုတ်
ဖုန်းကိုစောင့်နေမိတယ်ဆိုရင် သူ့ ကို ကိုယ်ချစ်မိသွားလို့ ပဲ။
၂)သူနဲ့ အတူ နှစ်ယောက်တည်း လမ်းလျှောက်ရတာကို နှစ်သက်တယ်ဆိုရင်   သူ့ ကို
ကိုယ်ချစ်မိသွားလို့ ပဲ။
၃)အတူရှိနေတဲ့ အချိန် သူ့ ကို ဂရုမစိုက်ချင် ဟန်ဆောင်နေပေမယ့် ကိုယ်
့မြင်ကွင်းထဲကနေ သူပျောက်သွားရင် အပူတပင် လိုက်ရှာတတ်တာ သူ့ ကို
ကိုယ်ချစ်မိသွားလို့ ပဲ။
၎)သူဖျားနာနေရင်၊ ထိခိုက်ဒဏ်ရာ ရလာရင် လိုတာထက် ပိုစိုးရိမ်မိရင် သူ့ ကို
ကိုယ်ချစ်မိ သွားလို့ ပဲ။
၅)တစ်ခြားလူအပေါ် သူစေတနာပိုမိလို့  ကိုယ့် စိတ်ထဲ ကနေ မနာလို အူတို မိရင် သူ
့ကို ကိုယ်ချစ်မိသွားလို့ ပဲ။
၆)သူ့ ရဲ့ချိုမြမြ အပြုံးတွေကိုကြည့်ပြီး ကိုယ့်နှုတ်ခမ်းလေးတွေပါ
လိုက်တွန့်   တတ်ရင်
သူ့ ကို ကိုယ်ချစ်မိသွားလို့ ပဲ။
၇)ဒီစာကို ဖတ်နေချိန်မှာ တစ်စုံတစ်ယောက်ကို ကိုယ်သတိရနေမိရင် သူ
့ကိုကိုယ်ချစ်မိသွားလို့ ပဲ။
--
(^_^)
--fwd..........
>
Sunday, April 3, 2011
ကလေးအတွေး (၁)
အိမ်ပြောင်းတာ မကြာသေးတဲ့ အမျိုးသမီးတစ်ဦးက သူ့အိမ်ဘေးမှာ
ဆင်းရဲသားအိမ်လေး တစ်အိမ်ရှိနေတာကို သတိထားလိုက်မိတယ်။ ဆင်းရဲသားအိမ်မှာ
မုဆိုးမနဲ့ ကလေးနှစ်ယောက်နေတယ်။
တစ်ညမှာ ရပ်ကွက်တစ်ခုလုံး ရုတ်တရက် မီးပြတ်သွားခဲ့တယ်။ မီးပြတ်တော့
အမျိုးသမီးက ဖယောင်းတိုင်ထွန်းပြီး နေတယ်။ သိပ်မကြာဘူး...
တစ်စုံတစ်ယောက်ရဲ့ တံခါးခေါက်သံကို သူကြားလိုက်တယ်။ တံခါးဖွင့်ကြည့်တော့
ဘေးအိမ်က ကလေးငယ်တစ်ယောက် စိတ်လှုပ်ရှားတဲ့အသံနဲ့ "အန်တီ..
အန်တီတို့အိမ်မှာ ဖယောင်းတိုင်ရှိလား" လို့ မေးလိုက်တယ်။
အမျိုးသမီးက " အင်း.. ဆင်းရဲလွန်းလို့ ဖယောင်းတိုင်တောင် မဝယ်နိုင်ပါလား?
ခဏခဏ လာတောင်းနေမှာစိုးတယ်။ ပေးလို့မဖြစ်ဘူး.." လို့တွေးပြီး "မရှိဘူး"
လို့ အသံမာနဲ့ အော်ပြီး တံခါးပိတ်ဖို့ ပြင်လိုက်တယ်။
အဲဒီအချိန်မှာ ကလေးငယ်က မျက်နှာချိုလေးနဲ့ "အန်တီက အိမ်ပြောင်းလာစမို့
ဖယောင်းတိုင် မရှိဘူးဆိုတာ သမီးတို့သိတယ်။ မှောင်မဲမဲထဲမှာ
အန်တီကြောက်နေမှာစိုးလို့ သမီး ဖယောင်းတိုင် လာပို့တာ" လို့ ပြောပြီး
အင်္ကျီအိတ်ထဲ ထည့်ထားတဲ့ ဖယောင်းတိုင်ကို ထုတ်ပေးလိုက်တယ်။
အမျိုးသမီးမှာ ဘာမှပြန်မပြောနိုင်ဘဲ ကလေးငယ်ကို တင်းတင်းကျပ်ကျပ်
ပွေ့ဖက်ထားလိုက်တော့တယ်။
*** နိုင်းနိုင်းစနေ ဘာသာပြန်သည်။
Tuesday, March 29, 2011
လပ်ထပ်ရှင်းတမ်း
လက်ထပ်ရှင်းတမ်း
လွန်ခဲ့တဲ့ ၁၄နှစ်က မိုးသည်းသည်းမည်းမည်း ရွာတဲ့ညတစ်ညမှာ
မိဘဆွေမျိုးတွေကို ဆန့်ကျင်ပြီး သိပ်ချစ်ရတဲ့နင့်နောက် ငါလိုက်ခဲ့တယ်။
နင့်မှာ ဖျားနာနေတဲ့ မိခင်ရယ်၊ အိုမင်းနေတဲ့ ဖခင်နဲ့
သွပ်တစ်ခြမ်းခွါရောင်းထားတဲ့ အိမ်အိုတစ်လုံးအပြင် ငါရှိခဲ့သေးတယ်
မဟုတ်လား? ဒီမြို့ကို အလုပ်လုပ်ဖို့ လာခဲ့တဲ့ ခရီးစရိတ်အတွက်
ငါအစားထိုးဆရာမ တစ်လလုပ်ခဲ့ရတယ်။ ငါအပင်ပန်းခံခဲ့သမျှက နင်နဲ့အတူ
သက်ဆုံးထိတိုင် နေသွားရဖို့ပါပဲ။
ငါလူရွေးမမှားခဲ့ဘူးလို့ပဲ ပြောရမယ်။ နင်အလုပ်ကြိုးစားခဲ့တယ်။
၁၀နှစ်လွန်သွားတော့မှ ငါ့အိမ်ကလူတွေ ငါ့အတွက် သက်ပြင်းချနိုင်ခဲ့တယ်။
ငါ့မိဘတွေ ငါလူရွေးမမှားခဲ့မှန်း သိပြီး ခွင့်လွတ်တဲ့အချိန်မှာ တိုက်တွေ၊
ကားတွေ ငါတို့ပိုင်ဆိုင်ခဲ့ပြီလေ။ ဥစ္စာပစ္စည်းတွေ ပိုင်ဆိုင်လာသလို
နင့်မှာ “နှလုံးသားချင်း နားလည်တဲ့သူ” နောက်တစ်ယောက်ရှိလာတယ်လို့
နင်ငါ့ကို ပွင့်ပွင့်လင်းလင်းပဲ ပြောလာခဲ့တယ်။ ကွာရှင်းစာချုပ်မှာ
ငါလက်မှတ်ထိုးပေးရင် ပိုင်ဆိုင်သမျှနဲ့ ကလေးတွေ ငါ့ကိုပေးမယ်လို့
နင်ပြောတယ်။
ငါရယ်ပြီး နင့်ကို နောက်၃ရက်နေမှ အဖြေပေးမယ်လို့ ပြောခဲ့တယ်။
၎ရက်မြောက်နေ့မှာ အချက်အလက်တွေခွဲပြီး ငါရေးထားတဲ့ စာရင်းစာရွက်
နင့်ကိုပြခဲ့တယ်။
(၁) အိမ်ထောင်သက် ၁၀နှစ်မှာ ည၀တ်အင်္ကျီ ၃စုံ၊ အိမ်နေစီး ဖိနပ် ၄ရံနဲ့
သားရေဖိနပ် ၂၁ ရံ နင်စီးခဲ့တယ်။ သားရေဖိနပ် အရေအတွက်က ပိုများနေတယ်။
အကြောင်းက ငွေရှာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အပြင်မှာပဲ
နင်အနေများခဲ့တယ်။ ဒါကြောင့်လည်း “နှလုံးသားချင်း နားလည်တဲ့သူ” နဲ့
နင်တွေ့ခဲ့တာ ဖြစ်တယ်။
(၂) အိမ်ထောင်သက် ၁၀နှစ်မှာ ည၀တ်အင်္ကျီ ၁၀စုံ၊ အိမ်နေစီးဖိနပ် ၁၁ရံနဲ့
သားရေဖိနပ် ၁၆ရံ ငါစီးခဲ့တယ်။ ငါ့ရဲ့အိမ်နေစီးဖိနပ်ရော သားရေဖိနပ်ရော
များခဲ့တယ်။ မိသားစုတာဝန်နဲ့ ကလေးတွေကို ပြုစုစောင့်ရှောက်ပြီး အိမ်မှာပဲ
ငါအနေများခဲ့လို့ဖြစ်တယ်။ နင်နဲ့အတူ အပြင်ထွက်ပြီး ဒိုးတူပေါင်ဖက်
ငါတို့ရုန်းခဲ့တဲ့အချိန်လည်း ရှိတာပဲ။ ပင်ပန်းတဲ့ဒဏ်ကြောင့်
လတ်ဆတ်မှုမရှိတော့တဲ့ ငါ့ရုပ်ရည်က နင့်အတွက် အိမ်မှာသိမ်းထားဖို့ပဲ
ဖြစ်ခဲ့ရတယ်။
(၃) အိမ်ထောင်သက် ၁၀နှစ်မှာ နင့်အရည်အချင်းတွေ xဆ တက်ခဲ့တယ်။
ကွာရှင်းပြီးတဲ့နောက် “အဖက်ဖက်မှာ အောင်မြင်ပြီး ရင့်ကျက်နေတဲ့”
နင့်ကိုယူဖို့ တန်းစီစောင့်နေတဲ့ မိန်းမတွေထဲမှာ ကြိုက်တဲ့တစ်ယောက်ကို
နင်ရွေးယူလို့ရတယ်။
(၄) အိမ်ထောင်သက် ၁၀နှစ်မှာ ငါ့ရုပ်ရည်၊ ငါ့ဖျတ်လတ်မှုတွေ အဆတစ်သောင်း
ထိုးကျသွားတယ်။ အမှန်အတိုင်းပြောရရင် နောက်အိမ်ထောင်ပြုဖို့ ငါ့အတွက်
အခွင့်အရေးက ၁% ပဲရှိတယ်။ ငါ့နဲ့ရွယ်တူကို ငါမယူနိုင်တော့သလို
ကလေးတွဲလောင်းနဲ့ တခုလပ်မကို ဘယ်ယောက်ျားကများ ယူချင်မလဲ?
(၅) အိမ်ထောင်သက် ၁၀နှစ်မှာ အလုပ်များတဲ့နင် ငါ့ကို ထမင်း၂၆ခါ ချက်ကျွေးဖူးတယ်။
(၆) အိမ်ထောင်သက် ၁၀နှစ်မှာ အလုပ်များတဲ့ငါ နင့်ကို ၃၆၅ရက်လုံးလုံး တစ်နေ့
၃နပ် ချက်ကျွေးခဲ့တယ်။
(၇) အိမ်ထောင်သက် ၁၀နှစ်မှာ ကလေးတစ်ယောက်မွေးဖို့ ငါ၁၀လအချိန်ယူခဲ့တယ်။
မွေးဖွားပြီး ၁၀နှစ်လောက် ငါပြုစုစောင့်ရှောက် ပျိုးထောင်ခဲ့ရတယ်။
(၈) အိမ်ထောင်သက် ၁၀နှစ်မှာ ကလေးတစ်ယောက်မွေးပြီး နာမည်မှည့်ပေးဖို့ နင်
၁၀မိနစ်အချိန်ယူခဲ့တယ်။
(၉) အိမ်ထောင်သက် ၁၀နှစ်မှာ နင့်မိဘတွေနဲ့ ငါသင့်မြတ်အောင် နေခဲ့တယ်။
နင့်မိဘတွေကို ငါဘယ်တော့မှ စကားကျယ်ကျယ် မပြောခဲ့ဖူးဘူး။
(၁၀) အိမ်ထောင်သက် ၁၀နှစ်မှာ ငါ့ကိုချစ်တဲ့ ငါ့မိဘတွေကို နင်လုံးဝ
ခွင့်မလွတ်နိုင်ခဲ့ဘူး။ အဖေ၊ အမေလို့လည်း နင်တစ်ခွန်းမှ မခေါ်ခဲ့ဖူးဘူး။
နင်ဆင်းရဲသား ဘ၀တုန်းက သူတို့ကိုခေါ်ရင်လည်း ပြန်မထူးမှာစိုးလို့
နင်မခေါ်ခဲ့သလို ချမ်းသာလာလည်း နင်သူတို့ကို အရေးလုပ်ပြီး မခေါ်ခဲ့ဘူး။
နင်လည်း နင့်သမီးကို ချမ်းသာတဲ့လူနဲ့ပဲ ရစေချင်တယ် မဟုတ်လား?
ငါရေးထားတဲ့ စာရင်းတွေကို ဖတ်ပြီး ငါရှေ့မှာ ကွာရှင်းပေးပါလို့
ငါမျက်နှာကိုကြည့်ပြီး နင်ပြောခဲ့ရင် ကွာရှင်းစာချုပ်မှာ အချိန်မရွေး
ငါလက်မှတ်ထိုးပေးမယ်။
ဒီလိုနဲ့ပဲ နင်ပြောလာမယ့်ရက်ကို ငါ၃နှစ်ကျော်စောင့်ခဲ့တယ်။ ငါပေးတဲ့စာကို
ကြည့်ပြီးကတည်းက ကွာရှင်းဖို့ နင်လုံးဝ မဟတော့တဲ့အပြင် အိမ်စောစော
ပြန်လာတတ်တယ်။ အိမ်အလုပ် ကူလုပ်လာတယ်။ လုပ်ခဲ့မိတဲ့အမှားတွေအတွက်
အပြစ်တွေကို နင်ပေးဆပ် နေတာလား? ဘာကြောင့်လဲ?
ငါ့ရဲ့အချစ်တွေရောင်ပြန်ဟက်တာပဲလား ??
လွမ်းခြင်း၏တစ်ခြားတစ်ဖက်မှာ နေသာနေတဲ့ နေ့တစ်နေ့ရှိသည်။
♥_ ♥
♥
( )
)░လွမ်းနေ သူ░
Sunday, March 27, 2011
ဘဝ ရဲ့ အဆင့် ၃ ဆင့်...
ဘဝမှာ အဆင့်ကြီး ၃ ဆင့် ရှိတယ်တဲ့။
ပထမ အဆင့် (ဆယ်ကျော်သက်အရွယ်) အချိန် နဲ့ ခွန်အား ရှိတယ် ဒါပေမယ့် ပိုက်ဆံမရှိဘူး။
သတိရမိသေးတယ်။ ငယ်ငယ်က ဆို ဘာမဆို စားချင်တယ်၊ ခုံခုံမင်မင် လဲရှိတယ်။ ကိုယ့်ကိုယ်ကိုယ် တောင်ငါတော်တော်ငတ်တာပဲလို့ထင်
ခဲ့သေးတယ်။ သိပ်မစားရဘူးလေနော်။ ငယ်ငယ်ကဆို အမေက မုန့်ဖိုးလဲသိပ်မပေးဘူး။ ဘာပဲ စားရ စားရ သိပ်ကောင်းတယ် လို့ထင်တယ်။ လူကြီး သိပ်ဖြစ်ချင်တာလေ။ မြန်မြန်ကြီး မြန်မြန် အလုပ်လုပ် မြန်မြန်ပိုက်ဆံရှာ ကိုယ်စားချင်တာ ဝယ်စား ကြိုက်သလောက်စား အသေစား။ အဲ့လိုနေချင်ခဲ့ဘူးတာလေ...
အချိန်ဆိုတာတွေကလဲ ပေါလွန်းလို့ တနေ့တနေ့ ရွာရိုး ကိုးပေါက် ချောင်းပေါက်အောင် လျောက်သွားနေခဲ့တာပ
ခွန်အားကလဲ ရှိသလားတော့မမေးနဲ့ မျောက်ရှုံးအောင်ဆော့တယ် ဆိုတာ ကိုယ်တို့ ကိုပြောတာပဲ (တကယ်ပါ ကိုယ်တို့ ဆယ်ကျော်သက်အရွယ်က ခုခေတ်ကလေးတွေနဲ့မတူဘူး ရည်းစားသညာ ကိစ္စဆိုလဲမရှိဘူး ကျောင်းရယ် အိမ်ရယ် ကျူရှင်ရယ် ပဲ ကျောင်းပိတ်ရက်ရှည်တွေ ဆိုရင်တော့ အသေဆော့ဖို့လောက်ပဲ ဆယ်ကျော်သက် တောင် မျိုးစုံအောင်ဆော့နေသေးတယ် ကိုယ်က ပဲကံကောင်းပြီး ရန်ကင်းမှာနေခဲ့ရလို့ပဲလားတော့မသိ ကိုယ်တို့ အိမ်တွေက တိုက်တွေ အလယ်မှာ ကစားကွင်း ကိုပတ်ပြီးဆောက်ထားကြတာ ပတ်ပတ်လည်မှာတိုက်ချည်းဆိုတော့ ကလေးတွေကလဲ များမှများ
ကျောင်းပိတ်ရင် စိန်ပြေးတမ်းတို့ ထုတ်စီးတိုးတမ်းတို့ တူတူပုန်းတမ်းတို့ နောက် ရောမ်းရိုက်တာ လို့ ကိုယ်တို့ ခေါ်တဲ့ မြန်မာမှုပြုထားတဲ့ (ဘေ့စ်ဘောပါ) ကော် ဘောလုံးသေးသေးလေးကို သစ်သားပြားလေးနဲ့ ရိုက်ပြီး ပြေးရတာပေါ့ ထုတ်တွေကိုရောက်အောင်လေ၊ နောက် ခိုတွန်းတာ၊ အို စုံနေတာပဲ တကယ့်ကို ဆော့ခဲ့ကြပါတယ်
တနေ့တနေ့ ဘယ်လိုကစားရမလဲ ဘာစားရမလဲ ဘဲတွေးနေတာ အဲ့တာ တကယ့် ကလေးဘဝပေါ့
အပူအပင်လဲမရှိ ဘာဆို ဘာမှမသိ
နောက်တော့
ဒုတိယအဆင့် (အလုပ်လုပ်ရတဲ့ အရွယ်လေ) ငွေ နဲ့ ခွန်အား ရှိတယ် ဒါပေမယ့် အချိန်မရှိဘူး
ခုလောလောဆယ် ရောက်နေတဲ့ အရွယ်ပါပဲ တကယ်ပါ တနေ့တနေ့ အလုပ်လုပ် အလုပ်ကို သွား အလုပ်လုပ် အိမ်ပြန်လာ အလုပ်ဆက်လုပ် စနေ တနင်္ဂနွေ မပြီးသေးတဲ့ အလုပ်လုပ် လုပ်နေလိုက်ရတဲ့ အလုပ်တွေ မပြီးတော့ပါလားလို့တောင် တခါတခါ တွေးမိတယ်။
တကယ်တော့လဲ အလုပ်ဆိုတာမျိုးက ရှာလုပ်ရင်လုပ်သလို မပြီးနိုင်ဘူးလေ။ အစားစားဖို့အတွက် အလုပ်လုပ်ကြတယ်။ လိုချင်တာတွေအတွက်အလုပ်လုပ်ကြတယ်။ ဝယ်ချင်တာတွေဝယ်နိုင်ဖို့အတွက် အလုပ်လုပ်ကြတယ်။ အကျိုးအမြတ်တွေ ရချင်လို့ အလုပ်လုပ်လုပ်ကြတယ်။ လူသားကောင်းကျိုး အများကောင်းကျိုးအတွက် အလုပ်လုပ်ကြတယ်။ စသဖြင့်ပေါ့လေ....အကြောင်းအမျိုးမျိုးအတွက် အလုပ်လုပ်ကြတယ်။ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ဘဝမှလား....
ဒါပေမယ့် အခုခေတ်ကြီးက သိပ်မြန်ပါတယ်။ တနေ့တနေ့ ကုန်သွားတာ တနှစ်တနှစ်ကုန်သွားတာ အချိန်တွေ ကုန်တာ ကုန်တာ သိပ်မြန်တယ်။ အခု ဒီမှာ လာလုပ်နေတာ ၂ နှစ်ခွဲရှိပြီ မျက်စိတမှိတ်အတွင်းပဲ.... in a blink of an eye ပဲ တကယ်ပါ။ နောက် မြို့ ကြီးပြကြီးမှာနေရတာ တကယ့်ဘဝ ပျောက်နေသလိုပါပဲ။ တခါကရေးဖူးသလို ပါပဲ တခါတခါ ကိုယ်တို့တွေ ဘဝကိုခဏ ရပ်ပြီး သေချာကြည့်ဖို့လိုပါမယ်။ ကနေတဲ့ မိန်းမငယ်လေးရဲ့ ကြွကြွ ရွရွ ကနေတဲ့ ခြေထောက်လေးတွေ၊ ပွင့်ဟ လာမယ့် နှုတ်ခမ်းဖူးဖူးလေးတွေ တောတောင်တွေကြားထဲက သစ်စေ့ ဖွက်နေတဲ့ ရှဥ့်ကလေးတွေ ကိုကြည့်ဖို့အချိန်ပေးနိုင်ရပါမယ်။
ဒါပေမယ့် ပြန်ခြုံရရင် ခုနက ပြောတဲ့ ဒုတိယအရွယ်မှာ ကျတော်တို့ အချိန်ရှားပါတယ် မရှိသလောက်ရှားတာပါ။
နောက်ဆုံးအနေနဲ့က
တတိယအဆင့် (သက်ကြီးတမ်း) အချိန်ရှိတယ် ငွေရှိတယ် အင်အားမရှိတော့ဘူး
ဒါကတော့ မရောက်သေးတဲ့ ဘဝပေမယ့် မြင်နေရတယ် ပတ်ဝန်းကျင်မှာ ရှိတယ်။ လေ့လာရင် မြင်နိုင်တာပေါ့နော်....လျာရှည်လေ တွေ့ရှိလေပဲဟာ
အရင် က တိုးဂိုက် လုပ်ဖူးပါတယ် အဖိုးကြီးတွေအဖွားကြီးတွေ ရီတိုင်ယာ ယူတော့ ဆုမိဆောင်းမိလဲတော်တော်ရှိနေပြီ။ အချိန်တွေလဲ ရှိနေပြီ ငယ်ငယ်က စိတ်ကူးယဉ်ခဲ့သလို အသက်ကြီးလာရင် ကမ္ဘာပတ်မယ်ပေါ့ ဒါပေမယ့် ဘာဖြစ်သလဲဆိုတော့ အရွယ်က စကားပြောလာပြီလေ။ အသက်ကြီးလာတော့ တုန်တုန်ချည့်ချည့် ဆီးက ခဏခဏ သွားချင်၊ စိုးရိမ်စိတ်တွေကများ စသဖြင့်ပေါ့လေ။
တနေရာတနေရာ သွားမယ်ဆိုရင်လဲ စိတ်သွားတိုင်းကိုယ်မပါတော့။
ခက်တာက ဘဝဆိုတာအဲ့လိုပဲလေ ရတာမလို လိုတာမရ...တဘဝလုံး သေကောင်ပေါင်းလဲ လုပ်လာတဲ့ အလုပ်တွေ ဆုလာတဲ့ပိုက်ဆံတွေ အကုန်ပြည့်စုံနေပြီ ဘဝမှာ... တိုက်လဲရှိပြီ ကားလဲရှိပြီ...စည်းစိမ်ချမ်းသာတွေလဲပြည့်စုံနေပြီ....လုပ်ချင်တာလုပ်ဖို့ အချိန်လဲရှိလာပြီ ဒါပေမယ့် လုပ်ချင်တာလုပ်ဖို့ ခွန်အားတော့ မရှိတော့ပြန်ဘူး၊ ဘုရားသခင်ဆိုတာကြီးက မကောင်းဘူးနော် လူတွေကို ပြည့်ပြည့်စုံစုံပေးလိုက်ရင်ပြီးရော် အဲ့တာဆို အော် ငါ့မှာ ဟိုဟာရှိပြန်တော့ ဒီဟာမရှိ ဆိုတဲ့ မောဟတွေတွေ ဟိုဟာလေးလိုချင်လိုက်တာ ဒီဟာလေးလိုချင်လိုက်တာ ဆိုတဲ့ လောဘတွေ သူ့ကျတော့ ရှိတယ် ငါ့ကျတော့ မရှိဘူးဆိုတဲ့ ဝန်တို မစ္ဆိရိယ တွေ အော် ငါ့ဘဝက တယ်မကောင်းလိုက်ပါလားဆိုတဲ့ သောကတွေ ဘယ်ရှိတော့မလဲနော် ဘုရားသခင်ကသာ အကုန်ဖန်ဆင်းတယ်ဆိုရင် ပြည့်ပြည့်စုံစုံ တခါတည်းဖန်ဆင်းလိုက်ပါတော့နော့....
နောက်ဆုံးတော့လဲ ဒီလိုနဲ့ပဲ...အချိန်တွေတဖြည်းဖြည်းကုန်လာ လုပ်ချင်တာတွေက မလုပ်ရ ရှိနေတဲ့ ပိုက်ဆံတွေကို လူမသေသေးဘူး သားသမီးတွေက မျက်စောင်းထိုင်း ဒီလိုနဲ့ပဲ ကိုယ်တို့ ရဲ့ ဘဝ တတိယအဆင့်ကို ရောက်ရအုံးတော့မှာပေါ့လေ....
-- 
တီချမ်း
Tuesday, March 22, 2011
မိခင်တစ်ယောက်၏ အဌမမြောက်မုသား
ကျွန်တော် ကလေးဘ၀ အရွယ်တုန်းက အဖြစ်အပျက်လေး တစ်ခုပါ။ ဆင်းရဲနွမ်းပါးတဲ့ ကျွန်တော်တို့မိသားစုမှာ နေ့စဉ် ထမင်းနပ်မှန်အောင် စားဖို့တောင် မသေချာတဲ့ နေ့တွေ ရှိခဲ့တယ်။ ဒါပေမဲ့ အမေကတော့ မကြာခဏ သူ့ပန်းကန်ထဲက ထမင်းတွေကို ယူယူပြီး
ကျွန်တော့်ထဲ အမြဲ ထည့်ထည့်ပေးတတ်တယ်။ ပြီးရင် အမေပြောတဲ့ စကားတစ်ခွန်းရှိတယ်။ "စား  .. ငါ့သား အမေ သိပ်မဆာဘူး.."။
အဲဒါ ကျွန်တော် သိတတ်စအရွယ်က အမေ့ရဲ့ ပထမဆုံး မုသားစကားလေးပါ။
အမေ
အမေ
ကျွန်တော် နည်းနည်း အရွယ်ရောက်လာတော့ ပိန်လှီ သေးကွေးရှာတဲ့ ကျွန်တော့်ကို အာဟာရဓါတ် ပြည့်ဝ စေချင်တဲ့စိတ်နဲ့ အိမ်ဘေးနားက မြစ်ကမ်းနံဘေးမှာ အမေရယ် ကျွန်တော်ရယ် ငါးသွားမျှားတယ်။ အဲဒီနေ့က ငါးနှစ်ကောင်မိတော့ အမေ ငါးဟင်းချို လုပ်တိုက်တယ်။ ကျွန်တော် ဟင်းချိုကို အားရပါးရသောက်နေတုံး အမေက ကျွန်တော့်ဘေးကနေ ထိုင်ကြည့်ပြီး  ကြည်နူးမှုအပြည့်နဲ့။ တခါတလေ ကျွန်တော် စားထားတဲ့ အကြွင်းအကျန် ငါးရိုးလေးတွေ ယူစားတယ်။ ဒါကို မြင်ပြီး ကျွန်တော် စိတ်မကောင်းတော့ ငါးအသားလေးဖဲ့ပြီး အမေ့ကို ကျွေးတယ်။ အမေမစားဘူး။ ပြီးတော့ ပြောတယ်။ "စား .. ငါ့သား ..အမေ ငါး သိပ်မကြိုက်ဘူး.."
အဲဒါ အမေ့ရဲ့ ဒုတိယမြောက် မုသား။
ကျွန်တော် ကျောင်းနေရမဲ့ အရွယ်ရောက်ပြီ။ အမေက မီးခြစ်ဆံ ထုတ်လုပ်တဲ့ စက်ရုံတစ်ခုမှာ မီးခြစ်ဆံဖြည့်တဲ့ အလုပ်လေး ယူလုပ်တယ်။ ညဘက်အိမ်ယူပြီး လုပ်ရတာဆိုတော့ ကျွန်တော့်ကိုလဲ စောင့်ရှောက် ကြည့်ရှုနိုင်သေးလို့ အမေသဘောကျတယ်။ တည ကျွန်တော် နိုးလာတဲ့အချိန် (တော်တော်ညဥ့်နက် နောက်ကျနေပြီ) အမေ ဖယောင်းတိုင် မီးလေးထွန်းပြီး ဗူးလေးတွေထဲကို မီးခြစ်ဆံ ဖြည့်တဲ့အလုပ်တွေ လုပ်နေတုံးပဲ။ "အမေ .. အရမ်း မိုးချုပ်နေပြီ၊ အိပ်ပါတော့။ မနက်မှ ဆက်လုပ်လို့ရတာပဲ" လို့ ကျွန်တော်ပြောတော့ အမေကပြုံးပြီး ပြန်ပြောတယ်။ "သွားအိပ် ငါ့သား .. အမေ အိပ်ချင်စိတ် မရှိသေးလို့ ဆက်လုပ် လိုက်ဦးမယ်" တဲ့။
အမေ့ရဲ့ တတိယမြောက် မုသားစကားလေးပါ။
တခါတုန်းက ကျွန်တော် အတန်းတင် စာမေးပွဲဖြေတဲ့နေ့မှာ အမေ ကျွန်တော့်ကို လိုက်ပို့ပြီး အခန်းအပြင်ဘက် တနေရာက ထိုင်စောင့်တယ်။ ပူပြင်းလှတဲ့ နေရောင်ဒဏ်ကို သိပ်အကာအကွယ် မပေးနိုင်ရှာတဲ့ နေရာ တစ်ခုမှာ နာရီပေါင်းများစွာ အမေ ကျွန်တော့်ကို ထိုင်စောင့်တယ်။ စာမေးပွဲ ပြီးပြီးချင်း အမေ့ဆီ ကျွန်တော် အပြေးအလွှား သွားတယ်။ အမေ ကျွန်တော့်ကို ဖက်ထားပြီး အသင့် ပြင်ဆင်လာတဲ့ အချိုရည် အေးအေးလေးတခွက် တိုက်တယ်။ တကိုယ်လုံး ချွေးတွေ ရွှဲနေရှာတဲ့ အမေ့ကို မြင်တော့ ကျွန်တော် စိတ်မကောင်းဘူး။ "အမေလဲ သောက်ဦးလေ" လို့ ပြောတော့ အမေ့ထုံးစံအတိုင်း "ငါ့သားပဲ သောက်ပါ။ အမေ ရေမဆာဘူး" တဲ့။
အဲဒါ အမေရဲ့စတုတ္ထမြောက် မုသားစကားတစ်ခွန်း။
သိပ်မကြာခင် အဖေဆုံးတယ်။ အတန်းကြီး လာပြီဖြစ်တဲ့ ကျွန်တော်တို့ ပညာရေးနဲ့ အိမ်ကိစ္စက အမေ့တာဝန် လုံးလုံး ဖြစ်ပြီ။ အမေ အပြင်ထွက် အလုပ်လုပ်ပြီး ငွေရှာရတော့ အိမ်မှာ ကျန်ခဲ့တဲ့ ကျွန်တော်တို့တွေ ငတ်တလှည့် ပြတ်တလှည့်။ မိသားစု အခြေအနေ ဆိုးသထက်ဆိုးတာ မြင်လာတဲ့ အိမ်နားက အမေ့မိတ်ဆွေက ကျွန်တော်တို့ကို ရံဖန်ရံခါ လာစောင့်ရှောက်တယ်။ ပတ်ဝန်းကျင်က အမေ့ကို သူနဲ့ပဲ နောက် အိမ်ထောင်တစ်ခု ထူလိုက်ဖို့ တိုက်တွန်း ကြတယ်။ အမေ ခပ်ပြတ်ပြတ် ငြင်းဆိုပြီး အခိုင်အမာ စကားတစ်ခွန်း ဆိုတယ် .. "ကျွန်မဘ၀အတွက် ကျွန်မ ကလေးတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ လုံလောက်တယ်.." တဲ့ ။
အမေ့ရဲ့ ပဉ္စမမြောက်မုသား။
ကျွန်တော် ကျောင်းပြီးသွားတော့ အလုပ်ကလေး တစ်ခုရတယ်။ ကျွန်တော်က အမေ့ကို အနားယူစေချင်ပြီ။ ဒါပေမဲ့ အမေ လက်မခံဘူး။ မနက်မနက် ဈေးထဲသွားပြီး ဟင်းသီးဟင်းရွက်တွေ ရောင်းတုန်းပဲ။ ကျွန်တော်ပို့တဲ့ ပိုက်ဆံတွေ ကျွန်တော့်ဆီ ပြန်ပြန်ပို့ပြီး "အမေ့ဆီ မပို့နဲ့ ငါ့သား။ အမေ့မှာ လုံလောက်တယ် .. သားဖာသာစုထား" တဲ့။
အမေ .. ဆဌမမြောက်မုသားကို ပြောတယ်။
နောက် ကျွန်တော် မာစတာဒီဂရီကို အချိန်ပိုင်း ဆက်လေ့လာနေတဲ့ အချိန် အတော်အတန်ကြီးတဲ့ အမေရိကန် ကုမ္ပဏီ တစ်ခုမှာ အလုပ်ရတယ်။ ကျောင်းပြီးပြီးချင်း ကျွန်တော့်လစာ တိုးတော့ အမေ့ကို ကျွန်တော်နဲ့ အတူ အမေရိကားမှာပဲ ပျော်ရွှင်စရာ ကောင်းတဲ့ဘ၀ကို ဖြတ်သန်း စေချင်တယ်။ ဒါပေမဲ့ အမေက ကျွန်တော့်ဘ၀ကို သူ့အတွက်နဲ့ တာဝန်အပိုတွေ မရှိစေချင်ဘူး။ အမေကပြောတယ် .."အဲဒီလို ဘ၀ကြီးမှာ အမေ နေတတ်မှာ မဟုတ်ပါဘူး သားရယ် .." တဲ့။
အမေရဲ့ သတ္တမမြောက် မုသားစကားလေး တစ်ခွန်းပေါ့။
ဇရာကထောင်း၊ ပင်ပန်းမှုအပေါင်း ခါးစည်း ရင်ဆိုင်ခဲ့ရတဲ့ အမေ .. အရွယ်တော်တော်ကျခဲ့ပြီ။ လောကဓံက ထပ် ရက်စက်တယ်။ ကင်ဆာရောဂါနဲ့ ဆေးရုံတက်နေရချိန် အမေ့ရဲ့ နောက်ဆုံး နေ့ရက်တွေမှာ ကျွန်တော် (ဘာဆိုဘာမှ ထည့်တွက်မနေပဲ အားလုံးကို ပစ်ထားခဲ့ပြီး) အမေ့အနားကို ပြန်လာခဲ့တယ်။ အမေ ဝေဒနာကို အလူးအလဲ ခံစား ရချိန်တွေမှာ အမေ့ကို ကြည့်ပြီး ကျွန်တော် မျက်ရည်တွေ မထိန်းနိုင်ခဲ့ဘူး။ အမေမမြင်အောင် ဂရုစိုက်နေပေမဲ့လည်း တခါတလေ တွေ့မြင်သွားတဲ့ အမေက အားတင်းကြိုးစား ပြုံးပြီး ပြောတယ်  .. "မငိုနဲ့ ငါ့သား .. အမေ အရမ်း နာနာကျင်ကျင် မခံစားရပါဘူး .."တဲ့။
အဲဒီလို အဌမမြောက် မုသားကို ပြောပြီး အမေ လူ့လောကထဲက ထွက်ခွါသွားခဲ့တယ်။
အကြွင်းမဲ့ မေတ္တာတော်နဲ့ ကျွန်တော့်ဘ၀ရဲ့ မာတာမိခင်ဟာ သားသမီးများ အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာအတွက် (တာဝန် ကျေပွန်စွာနဲ့) သူ့ကိုယ်သူ အနစ်နာခံတဲ့ မုသား စကားလုံးလေးတွေ သုံးပြီး လောကအလယ်မှာ ကျွန်တော် တို့ကို စိတ်ချလက်ချ ချန်ထား နှုတ်ဆက်သွားခဲ့ပါပြီ။
ကျွန်တော်တို့ကရော အဲဒီလို မိခင်တွေရဲ့ ရင်းနှီး ပေးဆပ်ခဲ့တဲ့ ဘ၀တွေအတွက် ထိုက်ထိုက်တန်တန် ပြန်ပေးဆပ်ခဲ့ပါသလား။ ခုချိန် ကျွန်တော့်ရင်ထဲက အမေးစကားကို အမေကြားရင် န၀မမြောက် မုသားစကား တစ်ခွန်းကို ဆိုလေဦးမလားလို့ ကျွန်တော် ၀မ်းပမ်းတနည်း တွေးနေမိတယ်။