ဇော်ထက်တို့အတန်းပိုင်ဆရာမက အ တော်ဆိုးတာပဲ၊ အကြောင်းကြောင်း ကြောင့် ခွင့်မတိုင်မိပဲ ကျောင်းလေး ၃ ရက်ပျက် လိုက်မိပါတယ်၊ မိဘခေါ် ခဲ့ရမတဲ့။ ကိုယ့်ဖာသာ ရိုက်နှက်ဆုံးမ လိုက်လဲ
ပြီးတဲ့ဟာ။
ကြီးသောအမှုငယ်အောင် ငယ်သောအမှု ပပျောက်အောင်လို့ မရှိဘူး။ ဖားဖားယားယားမနေနိုင်တာနဲ့ ဘာမဟုတ် တာလေးကိုတောင်ပုံကြီးချဲ့တော့တာပဲ။ မိဘခေါ် မလာရင် ကျောင်းအုပ်ကြီး
ရုံးတင်မတဲ့။ တင်ပေါ့၊ ဇော်ထက်တို့ကလဲ ဆရာမမို့ ရိုက်လိုက်တာသာခံမှာ
ဒီလိုခြိမ်းခြောက်တာမျိုး လုံးဝမကြိုက်။ ကျောင်းအုပ်ကြီးရုံးမကလို့
မြို့နယ်ပညာရေးမှုးရုံး တင်လိုက်ပစေဦး။ ဒီလိုပုံစံနဲ့တော့ဖြင့်
ဘယ်မိဘကိုမှမခေါ်ဘူး။ ဆရာမ ကြိုက်သလို သာလုပ်ပြောလိုက်တော့ ဘယ်အချိန်ထဲက
မျက်မုန်းကျိုးနေတယ် မသိပါဘူး။ ဆူဆောင့်ပြီး ထွက်သွားလိုက်တာ၊
ကျောင်းအုပ်ဆရာကြီးကလဲ တန်းခေါ်တော့တာပဲ။ “မောင်ဇော်ဇော်ထက်
ရုံးခန်းလာခဲ့”တဲ့။
ပြောလို့သာပြောတာ ကျောင်းအုပ်ကြီးရှေ့ကျ ဆင်ခြေပေးဖို့ ဘာမှကြို မစဉ်းစားရသေး။ အဖေပြောဖူးတာ သတိရတော့ လိမ်ဖို့တောင် မ၀ံ့မရဲ ဖြစ်ရတယ်။ အဖေဆယ်တန်းတုန်းကတဲ့။ အဖေနဲ့ သူ့သူငယ်ချင်း ကျောင်းပြေး
တာ ပေါ်သွားပြီး အတန်းပိုင်ဆရာမနဲ့ ပြဿနာတက်တော့ ကျောင်းအုပ် ဆရာမကြီး
ရုံးခန်းရောက်ပြီး နောက်နေ့ မိဘခေါ်လာခဲ့ခိုင်းသတဲ့။ အဖေကလဲ အိမ်မှာပြန်မ
ပြောရဲတော့ သူငယ်ချင်းနဲ့တိုင်ပင်ပြီး ရပ်ကွက်ထဲက ဆိုက္ကား ဆရာတွေကို
၅ကျပ်စီနဲ့ အဖေအယောင်ဆောင်ပေးဘို့ ငှားသတဲ့။
ဆိုက္ကားဆရာတွေကလဲ တိုက်ပုံတွေဘာတွေတောင် ရှာဝတ်လာပေးသတဲ့ (အဖေတို့ကျောင်းသားအရွယ်က တနေကုန်ဆိုက္ကား နင်းလို့တောင် ၅ကျပ်ရဘို့မလွယ်ဘူးတဲ့၊ အဖေကလဲ အိမ်ကနေခိုးပေးရတာဆိုပဲ)။ ကျောင်းအုပ်
ဆရာမကြီးရှေ့ရပ်ပြီး အဖေတို့က ခပ်တည်တည်နဲ့ ကျွန်တော်တို့
ရောက်ပါပြီဆရာမကြီးလို့ ပြောလိုက်တော့၊ ဆရာမကြီးက အဖေတို့ခေါ်လာတဲ့ ဆိုက္ကား
သမားကိုကြည့်ပြီး ဘာတော်လဲလို့မေးလိုက်တော့ ဆိုက္ကားဆရာကလဲ အဖေပါလို့
ပြောလိုက်သတဲ့။ ဆရာမကြီးက အဖေ့ကို နင့်အမေက
ဘယ်တုံးကနောက်အိမ်ထောင်ပြုလိုက်တာလဲတဲ့။ အဖေကကြောင်ပြီး ‘ဗျာ’
ဘာဖြစ်လို့လဲဆိုတော့၊ နင့် အဖေက ရုံးဝန်ထမ်းဆို၊ ဒါကဆိုက္ကားသမားပဲ
ငါတောင်ပြီးခဲ့တဲ့ သုံးလေးရက်ကမှ ငှားစီးထားသေးတာ ဟုတ်တယ်မလား ဆိုက္ကားဆရာ
ဆိုပြီး ဆိုက္ကားသမားဘက်လဲ လှည့်ပြောလိုက်ရော ဆိုက္ကားဆရာကလဲ ဟုတ်ကဲ့တဲ့။
အဲမှာတင်အဖေတို့ အလိမ်တွေပေါ်သွားပြီး ‘၀ါးနုက၀ါးရင့်ပတ်မရဘူး၊ မှတ်ထား’
လို့ဆရာမကြီးပြောတာ ခံရသတဲ့။ ကျောင်းမှာရော အိမ်မှာပါအရိုက်ခံရသတဲ့။
စဉ်းစားစမ်း၊ စဉ်းစားစမ်း။ ဆရာကြီးကိုဘယ်လိုဆင်ခြေပေးရမလဲ၊ ဟုတ်ပြီ၊ သိပြီ။ ဆရာကြီးကချဲသမား၊ နှစ်လုံးထီသမား အားအားရှိ (ဆရာဆရာမတွေ လစ်ရင်လစ်သလို) ချဲထိုင်တွက်နေတတ်တာ၊
နှလုံးဂဏန်းနဲ့ ဆင်ခြေပေးရမယ် ဟုတ်ပြီ။
ကျောင်းအုပ်ဆရာကြီးရုံးခန်းရောက်တော့ “လုပ်စမ်းပါဦးမင်းက၊ ကျောင်းလဲပုံမှန်မတက်၊ မိဘခေါ်ခိုင်းတာလဲမခေါ်နဲ့ ဆရာမကို မထီလေးစား လုပ်နေတယ်ဆို” ဒေါသကြီးတတ်တဲ့ဆရာကြီးက
ဆီးဟောက်တော့တာပဲ။ ကျွန်တော်လဲမျက်နှာငယ်နဲ့ ဘေးက
ဆရာဆရာမတွေမျက်နှာကြည့်ပြီး “ဟို..ဆရာကြီးနဲ့ သားနှစ်ယောက်ထဲ
ပြောပါရစေချင်ဗျ” လို့ပြောလိုက်တော့ ဆရာဆရာမ တွေတောင် ကြောင်သွားပုံရတယ်။
ဘာလဲဟပေါ့၊ ဆရာကြီးက “ဘာဖြစ်လို့လဲကွ”ဆိုတော့ ခေါင်းငုံ့ထားပြီး
“ဆရာကြီးနဲ့ နှစ် ယောက်ထဲပြောမှကို ရမှာမို့ပါ” ဒေါသမျက်နှာနဲ့ ဆရာကြီးပါ
ဇဝေဇ၀ါဖြစ်သွားပြီး “ကဲသွားသွား၊ ဆရာဆရာမတွေ ကိုယ့်ဝင်ရမယ့် အတန်း
ကိုယ်သွားလိုက်ကြတော့” တဲ့။
ဆရာဆရာမတွေ ထွက်သွားကြပြီဆိုမှ “ကဲပြော..မင်းကဘာဖြစ်တာလဲ။” ဘေးဘီနောက်ကျောမလုံသလို ဟိုကြည့်ဒီကြည့်လုပ် လိုက်ပြီးမှ တိုးတိုးလေး “ဒီလိုပါဆရာကြီး၊ အိမ်မှာ စီးပွားရေးအဆင်မပြေတာ
ကြာပါပြီ၊ ထွက်ပေါက်တစ်ခုအနေနဲ့ နှစ်လုံးထီ ထိုးတော့လဲ တစ်ခါမှမပေါက်
ဖြစ်နေတာ၊ ခုအမေ့ဆွေမျိုးတွေအိမ်မှာ ‘ဆောနယ်ဘက်’က
ဘိုးတော်တစ်ယောက်ရောက်နေပြီး နှစ်လုံးအတိတ်ပေးတာ အရမ်းမှန်တယ်ပြောလို့
သွားနားထောင်နေတာ၊ တကယ် မှန်တယ်ဆရာကြီးရာ” ပြောရင်း၊ ဆရာကြီးမျက်နှာ
အကဲခတ်လိုက်ရော ကွက်တိပဲ၊ အတော်ကိုစိတ်ဝင်တစားဖြစ်သွားတဲ့ပုံ။
“ဟေ..ဘိုးတော်ဟုတ်လား၊ သူက ဘယ်လိုအတိတ်တွေပေးပြီး ဘယ်လိုမှန်တာတုံးဟ” တဲ့။
“မနေ့က နေ့ခင်းကသွားတောင်းတော့ သစ်တုံးကြီးလက်ညှိုးထိုးပြတယ်လေ။ အမေတို့က သစ်ကခြောက်၊ တုံးကခွန် ခြောက်ခွန်ဆိုပြီး ကောက်ကြရော”
“အေးလေ ၊အဲလိုကောက်ရမှာပေါ့၊ အဲ..ဒါပေမဲ့ မနေ့ကညနေက ထွက်တာက သုံးတစ်မဟုတ်လား၊ ဘာဆိုင်လို့လဲကွ” “ဆိုင်တာပေါ့ဆရာကြီးရာ တဲ့ကြီးပေးတာလေ၊ သစ်တုံး သုံးတစ်ပေါ့ဆရာကြီးရဲ့”
“ဟာ.သုံးတစ်သစ်တုံး၊သစ်တုံးသုံးတစ်..မှန်လိုက်တာကွာ” စားပွဲကိုပုတ်ပြီး အားမလိုအားမရ ၀ုန်း ကနဲထရပ်လိုက်ပြီးမှ တယောက်ယောက်များ မြင်သွားမလားစိုးရိမ်ပုံနဲ့ ဟိုဒီကြည့်လိုက်ပြီး၊ “တောက်..နာလိုက်တာကွာ၊
မနေ့ထဲက မင်းနဲ့တွေ့ရင် ငါပေါက်ပြီကွာ၊ ဒီနေ့ရော ဘာပြောလဲ”
“ဒီနေ့က နေ့ခင်းမှသိရမှာ ဆရာကြီး၊ ကျောင်းဆင်းမှ ကျွန်တော်သွားရမှာ”
“အေး..ဒီလိုလုပ်၊ ဘာပြောလဲသိရင် ဆရာကြီးဆီဖုန်းဆက်၊ ရော့..ဒါကဆရာကြီးဖုန်းနံပါတ်၊ ဆရာကြီးထိုးချိန်ရအောင် နှစ် နာရီမထိုးခင် ဆက်နော်၊ မင်းအတန်းပိုင်ဆရာမလဲ
ဆရာကြိုကြည့်ပြောလိုက်မယ်၊ မင်းကလဲ ကလန်ကဆန်တော့မလုပ်နဲ့၊ ကြားလား၊
သွားသွား ၊နေ့လည်သာ ဖုန်းဆက်ဘို့မမေ့နဲ့တဲ့” ။
ဆရာကြီးခေါ်လို့ ရုံးခန်းသွားပြီး ပြန်လာတာကို အတန်းပိုင်ဆရာမ မျက်စောင်းတခဲခဲနဲ့ မကျေမချမ်းဖြစ်နေပုံရပေမဲ့၊ ကျွန်တော်ဘယ် လိုရှင်းလိုက်တာလဲ အတော်သိချင်နေပုံရပါတယ်။ အတန်းသား
သူငယ်ချင်းတွေကလဲ ၀ိုင်းမေးကြပါတယ်။ ဘယ်ပြောမလဲလေနော့။ အရေးကြီးတာက
နှစ်နာရီမထိုးခင် ဆရာကြီးကိုပြောဖို့ အတိတ်တစ်ခု စဉ်းစားမိဖို့လိုတယ်။
ဆယ့်နှစ်နာရီ ကျောင်းဆင်းပြီး နေ့ခင်းကျတော့ နှစ်နာရှိထိုးအတိမှာ ဆရာကြီးဆီ ဖုန်းဆက်ပါတယ်။
“အေး..ဘာတဲ့လဲ ”
“လက် နှစ်ချောင်းထောင်ပြတယ် ပြောပါတယ်ဆရာကြီး”
“ဟုတ်ပြီဟုတ်ပြီ .ဆရာကြီး ကိုယ့်ဘာသာကောက်လိုက်မယ်၊ ကျေးဇူးပဲသား”
အဲဒီညနေက နှစ်ရှစ်ထွက်ပါတယ်။ နောက်နေ့ကျောင်းရောက်တော့ ဆရာကြီးက မုန့်စားလွှတ်ချိန် လာခဲ့မှာတယ်ဆိုလို့ သွားတော့ အားရ၀မ်းသာကိုထကြိုပြီး “အေး.ငါပေါက်တယ်ကွ၊ ငါးရာဖိုး
နှစ်ပါတ်လိုက်တာလေကွာ။ မင်းတို့အိမ်ရောပေါက်ကြလား၊ ဟိုနေ့က သုံးတစ်ကို
သစ်တုံးပြတာ သဘောမပေါက်ကြဘူးဆိုတော့၊ ဒီနေ့တော့ ရှင်းအောင်ပြမှာပဲဆိုပြီး
ရိုးရိုးပဲတွေးလိုက် တာကွ၊ ရော့ဒီမှာပိုက်ဆံနှစ်ထောင်၊ တစ်ထောင်က
မင်းမုန့်ဘိုးယူ၊ နောက်တထောင်က ဆရာ့ဆီဖုန်းဆက်ဖို့”
“ဟာ..မယူပါဘူး ဆရာကြီးခင်ဗျာ” ဘယ်လိုပြောပြောမရပါဘူး။ ဇွတ်အတင်းပေးနေတာနဲ့ ယူလိုက်ရတာပေါ့။ ဆရာကြီး အခန်းကအထွက် ငွေနှစ်ထောင်အိတ်ထဲထည့်တာ မြင်လိုက်တဲ့ ဆရာဆရာမတွေက
ပါးစပ်အဟောင်းသားတွေနဲ့ကြည့်လို့။
ကျွန်တော်လဲ ဆရာကြီးကို အတိတ်ဖန်တီးပေးဖို့ ကိုယ်တိုင်ထင်ဂဏန်းရအောင် ကလင်ဒါလေးဘာလေး ၀ယ်ရတော့တာပေါ့၊ ရပ်ကွက်ထဲကတောင် ဇော်ထက်တယောက် ချဲထိုးတတ်နေပြီ
ထင်ကုန်ကြရော။ ဟိုတွက်ဒီတွက်လုပ်လိုက်တော့ ကျွန်တော်က လေးတစ်လုံးကြိုက်ရော၊
ဒါနဲ့ “ကံထမ်းလာပြီးရင် လှံထမ်းလာတာ ဆက်မြင်ရမယ်ပြောပါတယ် ဆရာကြီး” လို့
သတင်းပို့လိုက် ရော၊ အဲဒိညနေက ထိုးသားတွေအကုန်ငိုပြီး ဒိုင်စားပါတယ်၊
မနေ့ညနေက ဂဏန်းနှစ်ရှစ်ကို ရှစ်နှစ်လို့ ပြန်ထွက်တယ်လေ။
နောက်နေ့ကျောင်းရောက်တော့ ဆရာကြီးကပေါက်ပြန်ပြီတဲ့။ ဟာ..ဘယ်လိုဖြစ်ပါလိမ့် ၊ ကျွန်တော်က လေးထင်လို့ လှံပြောတယ်၊ ထွက်တာကရှစ်နှစ်၊ ဘာမှမဆိုင်။ အဲဒါနဲ့ ဆရာကြီးက
ဘယ်လိုကောက်ပြီး ဘယ်လိုပေါက်တာလဲမေးတော့ “မင်းဘိုး တော်နဲ့
ငါနဲ့အကျိုးပေးတယ်ကွ။ ဒါကြောင့် ငါကောက်တာမှန်တာ။ အဲဒီဘိုးတော်ကို
ငါကိုးကွယ်ရမယ်”
“ဗျာ”
“ဟုတ်တယ်ကွ၊ တစ်နေ့က တဲ့တဲ့ကြီးပေးထားပြီးပြီလေ၊ ဒါကြောင့် နောက်နေ့ဒီလောက်လွယ်မှာမဟုတ်တော့ဘူး၊ လှံဆို လေးလို့ လူတိုင်းသိနေတာ၊ အဲလိုမဟုတ်လောက်ဘူး၊
လကိုဗုဒ္ဓဟူးအနေနဲ့မယူရင် ရာဟုအနေနဲ့ယူရတယ်။ ရာဟုကရှစ်ကွ။ လေးမြင်ရင်
ရှစ်ပြင်ရတယ်အဆိုရှိတယ်။ ဒါကြောင့်ငါ ရှစ်ပဲပတ်လိုက်တာ။ ဘိုးတော်ကိုလှုဖို့
ကန်တော့ဖို့ကောင်းနေပြီ၊ ငါ့ကို မင်းဘိုးတော်ဆီ လိုက်ပို့ကွာ” တဲ့။
ဗုဒ္ဓော..အဲဒါမှပြဿနာ။ မရှိတဲ့ဘိုးတော်ကိုဘယ်လိုပြရပါ့။ တတ်နိုင်ဘူး။ ဒီလိုရွှီးရဦးမှာပဲ။
“အာ..အဲလိုလုပ်လို့မရဘူးဆရာကြီး။ အမေတို့က ဘိုးတော်ကို ကတိပေးထားတယ်။ ဘယ်သူမှ မသိစေရပါဘူး။ ဘယ်သူမမှ မခေါ်လာပါဘူးလို့လေ။ ကတိဖေါက်ရင် စိတ်ဆိုးသွားပါမယ်”
“အေး..ဟုတ်တယ်ကွ..အဲဒါသူတော်စင်စစ်တာ၊ သူတော်စင်တွေက ထင်ပေါ်မှာမလိုလားဘူး၊ အေးပေါ့လေ၊ အင်း ..ဒီလိုလုပ်ကွာ ဆရာ့အစား မင်းကန်တော့ပေး ဆရာနောက်နေ့ လှုဖွယ်ပစ္စည်းတွေပေးလိုက်မယ်။
နောက်တဖြည်းဖြည်း ကိုးကွယ်ချင်တဲ့ ဆရာရှိတယ်ဆိုတာ ပြောပေး” တဲ့ ။
အဲဒီနေ့နေ့ခင်းကျတော့ ဘာအတိတ်ပေးရမှန်းလဲမသိတော့ဘူး။ နှစ်နာရီထိုးလို့သာ ဖုန်းဆိုင်မှာဖုန်းခွက်ကိုင်လိုက်တယ်။ ဘာ ပြောမယ် မစဉ်းစားရသေး။ ဆရာကြီးက
“ဟလိုဟလို ဇော်ထက်လား”လုပ်နေပြီ။ အဲဒီအချိန်မှာ
ဖုန်းပြောရအောင်လျှောက်လာနေတဲ့ စုံတွဲကိုကြည့်ပြီး ဖြတ်ကနဲပေါ်လာတဲ့
စိတ်ကူးက
“မောင်မယ်နှစ်ဖြာအတူလာ ၊ ဆရာတပည့် အောင်ပွဲဆက်လို့ပြောပါ တယ်ဆရာကြီး”
အဲဒီနေ့ညနေမှာ ငါးခြောက်ထွက်ပါတယ်။ နောက်နေ့မနက်မှာ ဆရာကြီးကိုယ်တိုင် ပိတ်ဖြူစတွေ၊ ပန်းသီးတွေ၊ မုန့်တွေနဲ့ အိမ်ရောက်လာပြီး “ပေါက်ပြန်ပြီဟေ့၊ အဲဒါနဲ့ ဘိုးတော်ကိုကန်တော့ဖို့
ပစ္စည်းတွေဝယ်ပြီးလာပေးတာ။ ပိုက်ဆံလဲ ငါးထောင် ကန်တော့လိုက်မယ်” တဲ့။
ဒုက္ခပါပဲ။ ကိုယ့်ဆရာကြီးဆီက လိမ်ယူထားရင်လဲ မသင့်တော်။ အမှန်ကိုလဲမပြောရဲတော့ ခက်ပြီ။ မထူးဘူး။ ဇတ်လမ်းဖြတ်တာ ကောင်းတယ်။ မဟုတ်ရင် နောက်အပါတ်တွေ အတိတ်ဆက်ဖန်တီးနေရဦးမယ်။
ဒီတော့
“ဆရာကြီး နောက်ကျသွားပြီ။ ဘိုးတော်က မနေ့ညနေကပဲ ပြန်ကြွသွားပါပြီ။ နောက်ဓါတ်ကျမှ ပြန်လာမယ်ပြောပါတယ်”
“ဟာ ..သွားပါပြီကွာ..။ ငါ့ကိုဒီလောက် အကျိုးပေးတာတောင် ဖူးခွင့်မကြုံလိုက်ဘူးကွာ”
“ဒါနဲ့ မနေ့ကရောဆရာကြီးက ဘယ်လိုကောက်ပြီး ဘယ်လိုပေါက်တာလဲ”
“’ဒီလိုလေကွာ မောင်မယ်နှစ်ဖြာအတူလာဆိုတာက မဂဏန်းနဲ့စုံဂဏန်းတွဲလာမယ်ပြောတာ၊ ဆရာတပည့်အောင်ပွဲဆက်ဆိုတော့ ဆရာဖြစ်တဲ့ငါက ကြာသပတေးသားလေ ငါးပေါ့။ အောင်ပွဲဆက်မယ့်နေ့က နောက်ဆုံးနေ့
သောကြာခြောက်လေ။ အဲဒီတော့ ငါးခြောက်ကို တစ်ထောင်ဘိုးထိုးပြီး၊ ငါး
ငါးရာဖိုးပတ်လိုက်တာ ထောင့်ငါးရာဖိုးတောင် ပေါက်တယ်။ တစ်ခါမှ
ဒီအပါတ်လောက်ရော၊ ဒီလောက်ပမာဏရော မပေါက်ဖူးဘူး။ မထူးပါဘူးကွာ၊ ဒီငါးထောင်
မင်းယူလိုက်။ မုန့်နဲ့ပန်းသီးလဲ မင်းညီမနဲ့ အိမ်သားတွေကြွေးလိုက်။
ပိတ်ဖြူတော့ ဆရာ အမှတ်တရသိမ်းထားမယ်။ နောင်ဘိုးတော်ကြွလာတော့လဲ
လှုရတာပေါ့”တဲ့ ။
ဆရာကြီးပြန်ကာစ ဘာမှမသိမ်းရခင် အပြင်ကပြန်ရောက်လာတဲ့ အဖေနဲ့အမေက “ဟဲ့ဘာတွေလဲ ဘယ်သူလာသွားတာလဲ” တဲ့။
“သားတို့ ကျောင်းအုပ်ဆရာကြီးလာသွားတာ။ ၀ါးနုက ၀ါးရင့်ပတ်ရတဲ့ခေတ် ရောက်သွားလို့လေ အဖေရဲ့” ဆိုတော့ “ဟယ်..ဇော်ဇော်ထက်ရယ်..လူလေးလက်တောက်လောက်နဲ့ ရှုတ်နေတာပဲ” တဲ့ အမေက။
မပြည့်စုံမလောက်ငှတဲ့ဘ၀မှာ လောဘကြောင့် ပညာရှိသတိဖြစ်ခဲ ဖြစ်တတ်ပါတယ်။
ဆရာဆရာမအားလုံးကို ဂါရ၀ပြုလျက်.......ရေးသားသူ....မောင်ကျောင်သား
ဝန်ခံချက်....မောက္ခပညာရေးမဂ္ဂဇင်းမှ....သူငယ်ချင်းအားလုံးအတွက်ကူးယူဖော်ပြသည်...။
No comments:
Post a Comment
ဘယ်သူမဆို ဝေဖန်သွားလို့ ရပါတယ်
အပြုသဘောနဲ့ ပေါ့ 
အားလုံးပျော်ရွင်ကျပါစေ.....