“ သမီးကြီး ဒီကို လာအုန်း ”
အမေခေါ်လိုက်တဲ့ အသံကြောင့် တွက်နေတဲ့ န၀မတန်း သင်္ချာပုဒ်စာလေးကို ခဏထားခါ အမေ့ဆီ ထထွက်လာခဲ့တယ်။ အမေ့ရှေ့ရောက်တော့ အမေ့လက်ထဲမှာ ကိုင်ထားတဲ့ ပစ္စည်းတွေကို မြင်တော့ ကျမတော်တော် စိတ်ဓာတ်ကျသွားပြီး စိတ်ပျက်လက်ပျက်အသံနဲ့
“ အမေကလဲ ”
ကျမရှက်သည်။ ကျမ မလုပ်ချင်းမှန် အမေသိပါတယ်။ ဒါပေမဲ့ အမေက ဇွတ်အတင်းခိုင်းတာမျိုး မဟုတ်။ မဖြစ်မနေ ဒီမိသားစုအတွက်ပဲမို့ မျက်နထား မှိုင်မှိုင်လေးနဲ့ပဲ
“ လာပါသမီးရယ် သမီးတို့ မောင်နှမတွေ ကျောင်းက ဆရာကန်တော့ကြေးလည်း မနက်ဖြန် ပေးရအုန်းမယ် မဟုတ်လား”
“ ဟင်း ”
ကျမ အရမ်းချစ်တဲ့ အမေ့ရှေ့မှာ စိတ်ပျက်လက်ပျက် သက်ပျင်းမချချင် ချချင်နဲ့ သက်ပျင်းချလိုက်မယ်တယ်။
“ မအေးသွယ်ကို သေချာပြောနော်သမီး အမေ ပိုက်ဆံလိုနေလို့ပါလို့ သမီးကလည်း သူသနားအောင် ပြောနော် သမီးတို့ ကျောင်းစရိတ်သုံးရမှာမို့ပါလို့ ”
“ အမေ သမီးရှက်တယ် အဲ့ ဒေါ်အေးသွယ်ရဲ့ သမီးတွေက ကျောင်းရောက်ရင် သမီးကို ထေ့လား ငေါ့လား စကားတွေနဲ့ သမီးကို တအားနိုမ်တယ် အမေရယ် ”
ပြောပြောဆိုနှင့်ပင် အမေ့ကို ကျောခိုင်းခါ အပြင်ဘက်ကို စိတ်ပျက်ပျက် ငေးကြည့်နေလိုက်၏။
“ လာပါ သမီးရယ် သူတို့တွေ ဘာပြောပြော မေတ္တာထားလိုက် ဒါဆို သမီးအပေါ် သူတို့အမြင်အေးချမ်းလာမယ်၊ သနားလာမယ်၊ စေတနာထားလာမယ် ခုလို ဖြစ်နေတာ ခဏလေးပါ သမီးရယ် ကဲကဲ သမီး ဒီမှာ မအေးသွယ်ကိုပြောနော် ဒီ ထမီသုံးကွင်းကို တစ်သောင်းတော့ ပေးပါလို့၊ နောက်ပြီး ဒီဂျာကင်ကိုတော့ ခုနှစ်ထောင်နဲ့လို့ ”
ကျမ တချက် စိတ်ထိန်းကနဲ့ ဖြစ်သွားပြီး အမေကို မလေးမစားပုံနဲ့ မဟုတ်ပေမဲ့ စိတ်ပျက်လက်ပျက်ပုံစံနဲ့
“ ဟာ အမေ ဒါ ဒါအဖေ့ ဂျာကင်လေး မလုပ်ပါနဲ့ အမေရာ အဖေက ဒီဂျာကင်ကို တအားကြိုက်တာ အဖေပြန်လာရင် ”
ကျမ စကားပျက်သွားပြီလေ။ အဖေပြန်လာရင် ဆိုပြီး ဘာဆက်ပြောရမှန်းကို မသိတော့ဘူး။ ကျမ ရင်ထဲ တချက်နင့်ကနဲ့ ဖြစ်လာ၏။ အမေလည်း တချက် မျက်နာမှာ ၀မ်းနည်းခြင်း၊ စိတ်ဓာတ်ကျခြင်းတွေနဲ့အဆူ ရင်ထဲ စို့နေတဲ့ အသံလေးနဲ့
“ အင်းပါ သမီးရယ် ဒါဆို ဒီ ထမီသုံးကွင်းပဲ ယူသွား မအေးသွယ် မေးရင် အမေတခါမှ မ၀တ်ရသေးဘူးလို့ နော် နော် သမီး”
ကျမ ဘာမှန်ပြန်မပြောတော့ပဲ အမေလက်ထဲက ထမီသုံးကွင်းကို ပလက်စတစ်အိပ်ထဲထည့်ခါ အိမ်မှ ထွက်လာတော့၏။ ကျမ စိတ်ထဲ တလမ်းလုံး လမ်းလျောက်ရင်း တွေးနေမိတာ အမေ့ အကြောင်းပါ။ အမေတကယ်ကို သနားဖို့ကောင်းတယ်။ အမေဟာ မုဆိုးမလည်း မဟုတ်၊ တခုလတ်လည်း မဟုတ်ပဲ လင်မရှိတဲ့ မိန်းမ။ ကျမတို့ မောင်နှမသုံးယောက်ကို အဖေမရှိတဲ့နောက်ပိုင်း အမေတယောက်ထဲ ရှန်းကန် ရှာဖွေကြွေးမွေးလာခဲ့တာ မောင်လေးမွေးထဲက မောင်လေးတသက်ပါပဲ။ ခုနောက်ပိုင်း အလုပ်ကအဆင်မပြေ ကုန်ဈေးနုန်းတွေက အစစအရာရာ တက်နေတာကြောင့်တကြောင်း၊ ကျောင်းသားသုံးယောက်ဆိုတဲ့ အားက သေးတာ မဟုတ်။ အမေ့ရှိတဲ့ ပစ္စည်းလေးတွေ ပေါင်လိုက်ရောင်းလိုက်နဲ့ အိမ်မှာလည်း ဘာမှမရှိတော့ပေ။ ကျမ အရွယ်မြန်မြန်ရောက်၊ ဘွဲ့ရပြီး အလုပ်မြန်မြန်လုပ်ချင်ပါပြီ။ အမေတယောက်ထဲ ရုန်းကန်နေရတာကို လုံးဝ မကြည့်ရက်တော့လို့ပါ။ အမေ့ကို သနားမှုနဲ့အတူ အဖေ့ကိုလည်း သတိရလာလို့ မျက်လုံးထဲမှာ မျက်ရည်တွေက သူ့အလိုလိုကျလာတော့သည်။
x x x x x x
“ တစ်သောင်း မများဘူးအေ နင့်အမေကလည်း ပေါင်စရာရှိတာတော့ ဒီမှာ လာပေါင်း ရောင်းစရာရှိတော့ တခြားနေရာ သွားရောင်း မပြောလိုက်ချင်ဘူး ”
“ ဒေါ်ကြီးရယ် မနက်ဖြန် ကျမတို့ မောင်နှမတွေ ကျောင်းမှာ ဆရာကန်တော့ကြေး ပေးရမှာမို့ပါ ”
“ အောင်နိုင်၊ အောင်နိုင် ငါပြောတယ် ကိုယ့်အလုပ်မဟုတ်တာတွေ မလုပ်နဲ့ မသေချာမရေရာတွေ မလုပ်နဲ့၊ သူများယောင်တိုင်း လိုက်မယောင်နဲ့လို့ ကိုယ့်ရပ်ကွက်သားခြင်း စေတနာနဲ့ပြောတယ် ဒင်းက မာန်တက်နေတာကိုး ခုတော့ ထောင်ထဲမှာ နောင်တတွေတော့ ဝေနေမှာ သေချာတယ် မအေးသွယ်ကြီး စကားမှန်လိုက်တာဆိုပြီး ထောင်နံရံကို ထုနေလောက်ပြီ အဟတ်ဟတ် ”
ကျမ စိတ်ထဲ အဖေ့ကို မကောင်းပြောတဲ့ ဒေါ်အေးသွယ်ကို ဒေါသစိတ် ထောင်းကနဲ့ ဖြစ်သွားပြီး
“ သမီး အဖေကို အဲဒီလို မပြောပါနဲ့ ”
“ အံ့မယ် အံ့မယ် ကြည့်စမ်း အာဂပါလား ဖအေတူသမီးပဲ သူ့အဖေအကြောင်း ပြောလိုက်တာ ငါ့များ စားမဲ့ ၀ါးမဲ့ပုံနဲ့ ကြည့်နေတယ် ငါက အဖြစ်ပြောတာပါအေ စေတာနာမပါပဲ အေးသွယ်တို့က စကားထဲတောင် ထည့်မပြောဘူးအေ့ ကဲကဲ ရော့ဒီမှာ တစ်သောင်း နင့်အမေကို ပြောလိုက် ဒီနေ့ ၁၆ရက် နောက်လ ၁၆ ရက်နေ့ကို ချက်ချင်းပြန်လာရွှေး မရွှေးလို့ကတော့ အဆုံးပဲလို့ ပြောလိုက် ”
ကျမရင်ထဲ နင့်နေအောင်နာရပါတယ်။ အဆိုးဆုံးက အဖေ့လို လူဆိုးလူမိုက်မဟုတ်တဲ့သူကို ဒီလိုပြောတာ အခံရခက်ဆုံး။ အဖေဟာ ထောင်ထဲရောက်နေတာ လူမိုက်တွေ လုပ်တဲ့လုပ်ရပ်ကြောင့် ရောက်နေတာ မဟုတ်။ အဖေဟာ မိသားစုအပေါ်တအားခင်တွယ်တယ်။ အမေ့ဆိုလည်း တအားချစ်တယ်။ ကျမတို့ မောင်နုမတွေအပေါ်ဆို တအားယုယကျင်နာတယ်။ ဆုံးမတာတောင် အမေနဲ့မတူ ညင်သာတိုးတိုးတိတ်တိတ်လေးနဲ့ နားဝင်အောင် ပြောတက်တယ်။ ကျမ သင်္ချာတော်တာ အဖေသင်ပြပေးလို့ပါ။ အဖေဟာ လူတော်တယောက်ပါ။ အဖေ ဘာလို့ထောင်ထဲရောက်တယ် ပြောရင် အမေအိပ်ယာဝင် အဖေ့အကြောင်းလေးတွေ ပြောသလိုပဲ။ အဖေဟာ ကိုယ့်တိုင်းပြည် လူမျိုးအတွက် ကိုယ်ကျိုးစွန့်တဲ့ လူတယောက်။ ပြီးခဲ့ နှစ်အနည်းငယ်ကမှ အဖေ့ကို သူတို့ဖမ်းပြီးထောင်ချလိုက်ကြတယ်။ လူဘ၀တသတ်တာစာ ထောင်သက်မို့ အဖေ့ကို ကျမတို့ ဒီတသတ်မတွေ့ရတော့ဘူးလို့ ထင်ရပေမဲ့ ကျမစိတ်ထဲ ယုံကြည်နေမိသည်။ အဖေ့ကို ပြန်တွေ့ရမယ် ဒါမှမဟုတ် ငြိမ်းချမ်းရေးရမဲ့ တနေ့တော့ အဖေပြန်လာမှာပါ။ အဖေပြန်လာမှ အဖေ့ရင်ခွင်ထဲ ပြေးဝင်ပြီး ကျမ အားရပါးရ အော်ငိုပြစ်လိုက်မယ်။ ဟုတ်တယ် အဲလို ငိုမှာ ကျမှ အမေ့ရှေ့မှာ အမေ့စိတ်ဆင်းရဲမှာ ဆိုးလို့မငိုခဲ့တာ အဖေထောင်ကျထဲက ခုထိတိုင်အောင်ပါပဲ။ အဖေ ထောင်ထဲမှာ ကျန်းမာ ချမ်းသာပါစေ။
x x x x x x
“ အေးအေးနု… အေးအေးနု …ဟဲ့ အေးအေးနု ရှိလား ”
“ သမီး သွား တံခါးဖွင့်ပေးလိုက်အုန်း ဘယ်သူလဲ မသိဘူး ”
မနက်က၀ယ်လာတဲ့ မုန့်ဟင်းခုါးနှစ်ထုပ်ကို ကျမတို့ သားအမိလေးယောက် ထမင်းတွေနဲ့ ရောသုတ်ခါ ကျို့တို့ကျဲတဲ့ ဆင်းဆင်းရဲရဲ နယ်စားနေတဲ့ အချိန် အပြင်က ဧည့်သည်လာခြင်း ဖြစ်သည်။
“ အော်… အမေ ဒေါ်ကြီးခင်ဝမ်း လာလည်တယ် ”
မခင်ဝမ်းဆိုတာ တခြားမဟုတ် တဖတ်ရပ်ကွက်က အတိုးချေးစားနေတဲ့ သူတယောက်ပါ။ အင်မတန်အပေါက်ဆိုးလှသမို့ ကျမ သူ့ကိုမြင်မြင်ချင်း ရင်ထဲ တအားထိတ်သွားတော့သည်။ သူ့အသံဗျဲကြီးနဲ့တော့ ငါတို့ သားအမိတွေ အရှက်တော့ ကွဲပါပြီ။ ထင်တယ် အသံကြီးနဲ့ ဟစ်ခါ ၀င်လာလေပြီ။
“ အောင်မလေးဟယ် တကယ်ထဲ ညည်းဟယ် ပိုက်ဆံချေးထား အတိုးလဲမပေး လာလည်း အကြောင်းမကြား အတိုးပေးဖို့က သုံးရက်ကျော်သွားပြီ ”
အောင်မလေး အမေရယ် အမေ့မျက်နာကို သမီးမကြည့်ရက်ပါ။ အမေ့မျက်နာလေးမှာ အသနားခံတဲ့ မျက်နာ၊ ငိုတော့မယ် မျက်နာ၊ စိတ်ပျက်အားကျတဲ့ မျက်နာ။ သားသမီးတွေရှေ့မှာ အရှက်ရတာမို့ အားကိုးစရာ မဲ့နေတဲ့ အမေ့မျက်နာ။ အဖေ့ရှိစဉ်က တင့်တင့်တယ်တယ်နေလာခဲ့တဲ့ အမေ။ မျက်နာ မငယ်ခဲ့ရဖူးတဲ့အမေ။ ခု အဖေမရှိတော့တဲ့ နောက်မှာ အမေရယ် အမေရယ် အမေရယ်… ။ အမေကတော့ ပျာပျာသလဲ ထရမလိုလို ထိုင်ရမလိုလိုနဲ့
“ မခင်ဝမ်း မခင်ဝမ်း လာ ထိုင်ပါရှင် ထိုင်ပါအုန်း… ကျမ ဒီနေ့ရအောင်လာပြီး အတိုးလေးရအောင် ဆပ်ပါ့မယ် ရှင် ”
အို အမေရယ် ဘယ်လိုဆပ်မတုန်း မနေ့က ပိုက်ဆံတွေလဲ ကျောင်းအတွက်သုံး စားသောက်စရာတွေဝယ်နဲ့ ကုန်ပြီလေ။ အိမ်မှာ ပေါင်စရာကလည်း မရှိတော့သလို ဘာပစ္စည်းမှလည်း မကျန်တော့ပေ။
“ အိုဟို ခုတခါထဲပေးလိုက် ညည်းတို့က စိတ်မချရပါဘူးအေ.. ”
အဲဒီလို ပြောလိုက်တော့ အမေ့မှာ ခြေမကိုင်မိ လက်မကိုင်မိ စားလက်စပေကျံနေတဲ့ ထမင်းကိုင်ထားတဲ့ လက်ကလေးတွေကို ထမင်းခွက်ထဲထည့်ရင် အားကိုးစရာ မရှိတဲ့ ကျမကို လှမ်းကြည့်နေတယ်။ အမေ့အကြည့်တွေက တမျိုး ရှက်ခြင်းလား၊ တွေဝေခြင်းလား၊ သမီး အမေတို့ အဖြစ်ကို ကြည့်ပါ ဆိုတဲ့သဘောလား၊ အားကိုးတဲ့ အကြည့်လား။ စိတ်ဓာတ်ကျပြီး တွေဝေရာကြည့်နေတဲ့ အကြည့်လား ဆိုတာ ကျမ မသိနိုင်။
“ ဟဲ့ ငါပြောတာ မကြားဘူးလား အေးအေးနု ”
အပြစ်ရှိတဲ့ကျောင်းသူတယောက်ကို ဆရာမကို ရိုက်စစ်နေသည့်နုယ်။
“ ဟုတ်ကဲ့ မခင်ဝမ်း ကျမ ကျမ ဒီနေ့ရအောင် လာခဲ့ပါမယ် ဆက်ပါ့ ”
အမေ့စကားမဆုံးခင် မခင်ဝမ်းကြီးကတန်းလန်း၊ ထမင်းဝိုင်ကလည်း တန်းလန်း။ အပြင်မှ ခေါ်သံကြားရတော့သည်။
“ မအေးအေးနု မအေးအေးနုတို့ အိမ်လားမသိဘူး ခင်ဗျာ ”
ကျမထွက်ပြေးလာချင်မိပြီ။ နောက်ထပ် အကြွေးတောင်းမဲ့ သူတွေလား မသိ။ အိမ်အပြင်ထွက်ကြည့်တော့ ရင်ထဲတမျိုးဖြစ်သွားတယ်။ အိမ်အပြင်မှာ လူတွေက အများကြီး။ ဘာတွေလဲ။ အင်္ကျီအဖြူ ၀တ်ထားတဲ့ လူကြီးတွေကော လူငယ်တွေကော အယောက် သုံးဆယ်ကျော် လေးဆယ်လောက်ရှိမည် ထင်။
“ ဒီအိမ်က မအေးအေးနုတို့ အိမ်လားသမီး ”
“ ဟုတ်ကဲ့ ဦး ”
“ သမီး အမေရှိလား သမီး ” မေးတဲ့ပုံက သိပ်အားမရတဲ့ပုံ။
“ ဟုတ် အိမ်အပေါ်တက်ပါ ဦးလေးတို့ ”
“ အမေ ဧည့်သည်တွေ အများကြီးလာတယ် ”
ဒါပေမဲ့ တော်သေးတယ် ကျမတို့ ဆယ်ပေ ဆယ့်နှစ်ပေ အိမ်လေးထဲကို ၀င်လာ လူကြီး ၅ယောက်ပါ။ လူကြီးတွေကြည့်ရတာ တကယ့်တည်တည်ငြိမ်ငြိမ်နဲ့ လူကြီးလူကောင်းပီသတဲ့ ပုံတွေမို့ အမေမပြောနှင့် ဒေါ်ခင်တောင် ရှဲသွားရအောင် ဂျောင်ကပ်သွားရပြီ။ သူတို့ ရင်ဘက်တွေမှာလည်း ခွတ်ဒေါင်းအလံ တံဆိပ်လေးတွေနဲ့ မို့ အဖေ့အသိတွေ ဆိုတာသေချာတယ်။ ရှေ့မှလာတဲ့ အသက် ၇၀လောက်ရှိတဲ့ လူကြီးကပဲ။
“ သမီးက မအေးအေးနု နော် ”
အမေ ထရမလိုလို ထိုင်ရမလိုလိုဖြစ်နေလို့ ဒီလူကြီးက ကျမတို့နဲ့ အမေ့ရှေ့ ထမင်းဝိုင်းမှာပဲ ထိုင်ချရင်း
“ သမီး ထိုင် ထိုင်လိုက်အုန်း ”
“ သမီး ယောက်ျားက မောင်အောင်နိုင်နော် ”
“ ဟုတ်ကဲ့ ဦးလေး ကိုအောင်နိုင်ဘာဖြစ်လို့လဲဟင် ”
“ သမီး စိတ်ကို ငြိမ်ငြိမ်ထားနော် သမီး… မောင်အောင်နိုင် မနေ့ညကပဲ ထောင်ထဲမှာ ဆုံးရှာပြီ သမီးရယ် ”
“ ရှင် ”
ကျမ ရင်ဘက်တခုလုံး နာကျင်လာသလို မျက်ဝန်းမှာ မျက်ရည်တွေကျလာပြီလေ။ ကျမနားထဲ မယုံနိုင်လောက်အောင်ပဲ။ ကျခမယုံကြည်နေတာကို အဖေ့ကို ပြန်တွေ့ရမယ်လို့ ယုံကြည်နေခဲ့တယ် ခုတော့ ခုတော့။ အမေ ချက်ချင်းမငိုသေးပါ ။ အမေက ကျမကို လှမ်းကြည့်နေလေပြီ။ အမေ့အကြည့်တွေက အဓိပါယ်ပေါင်းစုံနဲ့ ဆိုတာ ကျမသိတယ်။ ဒီအခြေအနေမှာ ဂျောင်ထဲက မခင်ဝမ်းကပဲ
“ အေးအေးနု အေးအေးနု ငိုချလိုက်ပါအေ… ညည်းအဖြစ်က ဆိုးလိုက်တာ အေးအေးနုရယ် ”
ကျမ ဘယ်လိုမှ စိတ်မထိန်းနိုင်တော့ပါ… အော်ခေါ်လိုက်တော့တယ်
“ အမေ ”
“ သမီး ”
“ အမေ သမီးအဖေ့ကို ပြန်ခေါ်ပေးပါ… သမီး အဖေကို ချက်ချင်းပြန်ခေါ်ပေးပါ ….ဦးလေးတို့ရယ် …ကျမ အဖေကို ပြန်ခေါ်ပေးပါ… ကျမတို့မှာ ခု အဖေမရှိရင် ဘယ်လိုမှ မဖြစ်လို့ပါ.. သမီးတို့ မိသားစုဘ၀လေးက အဖေရှိမှ ဖြစ်မှာ… ကျမတို့ မိသားစု ခု ဘ၀ပျက်နေပြီ ဦးကြီးတို့ရယ်… ကျမ အဖေ မသေဘူးမှတ်လား ကျမ အဖေသေလို့ မဖြစ်ဘူး ဦးလေးကြီးတို့ရယ်… ”
“ ရက်စက်လိုက်ကြတာကွယ် သမီးရယ် အမေတို့တွေရဲ့ ဘ၀လေးတွေတော့ ပျက်ပါပြီ ”
အမေငိုလေပြီ။ ကျမ အမေ့ကို ဖတ်ပြီး အော်ငိုနေသလို. အမေကလည်း မောင်လေး အငယ်ဆုံးလေးကို ဖတ်ခါ ငိုနေတော့တယ်။ မောင်လေးနှင့် ညီမငယ်လေးတို့မှာ တအားငယ်သေးတော့ ငိုရမှန်းမသိ။ အမေကတော့ သူ့သားအငယ်ဆုံးလေးကို ဖတ်ခါ။
“ သားလေးရယ် သားလေးရယ်. မင်းအဖေကြီး အမေတို့ သားအမိကို ထားပြီး တကယ်အပြီးထွက်သွားပြီ သားလေးရယ်… အမေတို့ ဘ၀ပျက်ပြီ… အမေ သားကိုပဲ အားကိုးစရာ ရှိတော့တယ် သားရယ် ၊ အမေ့ကိုတော့ သားအဖေကြီးလို ပစ်မထားခဲ့ပါနဲ့ သားလေးရယ် ”
ကျနော် ဆက်ရေးဖို့ရာ မတက်နိုင်တော့လို့ ဒီနေရာမှာ နားခွင့်ပြုပါ
မောင်အေးချမ်းဆွေ
၇.၈.၂၀၁၁
No comments:
Post a Comment
ဘယ်သူမဆို ဝေဖန်သွားလို့ ရပါတယ်
အပြုသဘောနဲ့ ပေါ့ 
အားလုံးပျော်ရွင်ကျပါစေ.....