twitter
    Find out what I'm doing, Follow Me :)
ဤဘလောက်သည်ကျွန်တော်နှစ်သက်သောစာစုများနှင့် ကျွန်တော်ခံစားချက်အရေးအသားလေးများစုစည်းထာခြင်းဖြစ်သည်။လာလည်သူ၊မလာတဲ့ သှူမှန်သမျှအေးချမ်းကြပါစေ.......
Thursday, August 18, 2011
မျက်ရည်ကျဖွယ် အဖြစ်အပျက်
ကျွန်တော့်အမျိုးသမီး အိုက်ကျန်းဟာ တစ်ခုသော ဆောင်းရာသီမှာ ကွယ်လွန်သွားခဲ့ပါတယ်...သူမက သွေးကင်ဆာဝေဒနာရှင်ပါ၊ ဆေးရုံတက်ပြီး အလွန်တိုတောင်းတဲ့ သုံးလကြာကာလအတွင်း ဘ၀တစ်ပါးသို့ ကူးပြောင်းသွားခဲ့ပါတယ်။
ကျွန်တော် သူမကို ဆေးရုံကနေ အိမ်ကို ပြန်ခေါ်လာတဲ့  နှစ်သစ်ကူးရက် တစ်ရက်မှာ... သူမက လိုအပ်တာတွေ သိမ်းဆည်း၊ အ၀တ်အစားတွေကို ခေါက်သိမ်း၊ ပြီးတော့ သူမရဲ့ မှတ်ပုံတင်တွေနဲ့ အရေးကြီးစာရွက်စာတမ်းတွေထားတဲ့ နေရာကို ကျွန်တော့်ကိုပြပါတယ်။ နောက်ပြီး သူမရဲ့ ရှိသမျှ ဓာတ်ပုံတွေ အကုန်လုံးကိုလဲ သိမ်းလိုက်ပါသေးတယ်။ အဲဒီနောက် လက်ဆွဲအိတ်ကို ကိုင်လိုက်ပါတယ်။ သူမရဲ့ သမီးဖြစ်သူနဲ့ နှုတ်ဆက်စကားဆိုပါတယ်။ ၁ နှစ်ခွဲ အရွယ်သာ ရှိသေးတဲ့ ၀မ်ဝမ်လေးဟာ အံ့သြတဲ့ အမူအရာလေးနဲ့ ခေါင်းမော့ပြီး မိခင်ဖြစ်သူကို မေးလိုက်ပါတယ် "မေမေ...ဘယ်သွားမလို့လဲ "
     " မေ့မေ့ရဲ့ အသည်းတုံးလေး....ရတနာလေးရယ် " ဆိုပြီး အိုက်ကျန်းဟာ မြေကြီးပေါ် ဒူးထောက်ထိုင်လိုက်ပါတယ်။ "မေမေ့ကို မွှေးမွှေးပေး ပါကွယ်... မေမေ နိုင်ငံခြားသွားရတော့မယ် "
    သူတို့ သားအမိ နှစ်ယောက်ရဲ့မျက်နှာမှာတော့ ၀မ်းနည်းမှုတွေကို အထင်းသားတွေ့နေရပါတယ်။ အိုက်ကျန်းရဲ့ ပါးနှစ်ဖက်မှာတော့ မျက်ရည်တွေစီးဆင်းလို့ပါပဲ။
    အငှားယာဉ်ပေါ်မှာ... ကျွန်တော့် ဇနီးဖြစ်သူဟာ ရှိုက်ကြီးတင်ငိုကြွေးပါတယ်... ဆိုဖာထက်မှာ လူးလိမ့်ရင်း အော်ဟစ်ငိုကြွေးပါတယ်။ ကျွန်တော်က တစ်ဘက်က ကားသမားကို အမြန်မောင်းခိုင်း... တစ်ဘက်ကလည်း ဇနီးဖြစ်သူကို ရင်ခွင်ထဲမှာ နှစ်သိမ့်ရင်း သူမရဲ့ နာမည်ကို ရွတ်ဆိုနေမိပါတယ်။ ဒါပေမဲ့ ကျွန်တော်သဘောပေါက်သွားတာက... ဘယ်လိုမိခင်မျိုးမှ သူမလို စိတ်ခိုင်ခိုင်ထားဖို့ မလွယ်ပါလား ဆိုတာကိုလေ။
    ဇနီးဆုံးပြီး ရက်နှစ်ဆယ်ကျော်လောက် ကြာတော့... နိုင်ငံခြားကနေ ပထမဆုံးစာတစ်စောင် သူမရဲ့ နာမည်နဲ့ ရောက်လာပါတယ်။ စာအိတ်ပေါ်မှာ တံဆိပ်ခေါင်းကပ်ထားပါတယ်...စာအိတ်နောက်မှာတော့ နေ့စွဲကို ရေးထားပါတယ်။ ကျွန်တော်က စာအိတ်ကိုဖွင့်ပြီး ၀မ်ဝမ်လေးကို ဖတ်ပြပါတယ် ....
    "ချစ်သမီးလေး.... ၀မ်ဝမ်လေးရေ...မေမေ့ကို သတိရရဲ့လား... မေမေလဲ သမီးကို သတိရပါတယ်၊ နေ့တိုင်းသတိရပါတယ်ကွယ်၊ မေမေက အခု နိုင်ငံခြားကနေ သမီးကို စာပို့လိုက်တာ၊ နောက်ထပ်ဒီမှာ အကြာကြီးထပ်နေရဦးမယ်..ပြီးမှ ပြန်လာနိုင်မှာလေ... မေမေမရှိတဲ့ အချိန်မှာ... ၀မ်ဝမ်လေးက ဖေဖေ့စကားနားထောင်ရဲ့လား...ပြီးတော့ ဒေါ်လေးစကားကိုလဲ နားထောင်ရမယ်နော်"
    နောက်ဆုံးစာကြောင်းက "မေမေ သမီးကိုပွေ့ဖက်ထားမယ်သမီးရယ် "
    ဒီစာတွေ အားလုံးကို ကျွန်တော် ရေမွှေးလက်ကိုင်ပုဝါနဲ့ သေသေချာချာ သိမ်းထားပါတယ်။ စာစုစုပေါင်း ၁၇ စောင် တိတိပေါ့။ တစ်ပတ်ခြားတစ်ခါ ဒီစာတွေထဲက စာတစ်စောင်စီ ရရှိခဲ့ပါတယ်။ စာထဲမှာတော့ အိုက်ကျန်းက အခမ်းအနား ပွဲတော်တွေတက်ရင် ဘယ်လို အ၀တ်တွေ ၀တ်ဆင်ရမယ်... ဂတ်စ်ကုန်ရင် လဲရမဲ့နေရာ...ကလေးရဲ့ ပညာရေးနဲ့ဆိုင်တဲ့ သင်ကြားမှုစံနစ်တွေ..အာဟာရပြည့်အောင် ကျွေးမွေးဖို့တွေ... စသဖြင့် စုံလို့ပါပဲ ။ ဒီစာတွေကို ဖတ်ရင်းနဲ့...ကျွန်တော်မျက်ရည်မကျအောင် ထိန်းခဲ့ရပါတယ်။
    ကလေးက အမေဖြစ်သူကို သတိရတဲ့ အခါ .... အိုက်ကျန်းရဲ့စကားတွေနဲ့ ကလေးအငိုတိတ်အောင် နှစ်သိမ့်ပေးခဲ့ရပါတယ်။ ကလေးကလဲ သူမ မိခင်ကို နိုင်ငံခြားမှာ ရှိနေတယ်လို့ပဲ ထင်နေပါတယ်။ ပြီးတော့ သူမ မိခင်ရဲ့ စာတွေမျှော်လိုက်ရတာလဲ အမောပါပဲ။
    ၉ စောင်မြောက် စာမှာတော့၊ အိုက်ကျန်းက ကျွန်တာ့်ကို ၀မ်ဝမ်လေးအတွက် မိခင် အသစ်တစ်ယောက်ရှာဖို့ တိုက်တွန်းပါတယ်။ သူမနေရာမှာ အစားထိုးမဲ့ လူတစ်ယောက်ပေါ့။ "ရှင် အိမ်ထောင်ထပ်ပြုပါ...စိတ်မကောင်းမဖြစ်ပါနဲ့... ကျွန်မကလဲ ရှင့်ဇနီးပါပဲ " လို့ စာထဲမှာ ရေးထားပါတယ်။
    ၁ နှစ်ကြာပြီးနောက်၊ မိတ်ဆွေတစ်ယောက်က မိတ်ဆက်ပေးလို့ ကျွန်တော့်ရဲ့ ဒုတိယဇနီး ရလိနဲ့ သိကျွမ်းခဲ့ရတယ်။ သူမဟာ တစ်ခုလပ်ပေမဲ့.. ...အမူအရာ...ပုံစံ အသွင်အပြင်ကတော့ အိုက်ကျန်းနဲ့ အတူတူပါပဲ...မတူတာကတော့ သူမက ကလေးမရနိုင်တော့ပါဘူး...ပြီးတော့ ကလေးအတွေ့အကြုံလဲမရှိပါဘူး.... ကျွန်တော်သဘောကျတာက..သူမဟာ ရိုးသားပြီး သွက်လက်ချက်ချာတယ်လေ။ ကျွန်တော်နဲ့ ရလိတို့ဟာ သမီးလေး ၀မ်ဝမ်အကြောင်းကို ပြောဖြစ်ကြတယ်။ ပြီးတော့ သူမရဲ့ သဘောထားကိုမေးကြည့်တဲ့အခါ ရလိက "ကျွန်မစမ်းကြည့်ချင်တယ် ... ကျွန်မကို ၀မ်ဝမ်နဲ့ တွေ့ဖို့ ခေါ်သွားပေးလေ...ဒါမှ ကျွန်မကို သူသဘောကျမကျ သိရမှာပေါ့" လို့ပြောပါတယ်။
    ဧပြီလကုန်လောက်မှာ .... ကျွန်တော်က ၀မ်ဝမ်ကို သူမအမေ နောက်ဆုံးအနေနဲ့ ရေးပို့လိုက်တဲ့ စာတစ်စောင်ကို ဖတ်ပြလိုက်ပါတယ်။
    "ချစ်သမီး လေးရေ... သမီးကို သတင်းကောင်းတစ်ခုပြောပြရမယ်... မေမေ စာသင်တာ ပြီးသွားပြီ....အဲဒါမေမေ ပြန်လာရတော့မယ်...ဖေဖေနဲ့ သမီးလေးတို့ကို ပြန်တွေ့ရတော့မယ် သမီးရဲ့ ... သမီးဝမ်းမသာဘူးလား ...ဒီလောက်အချိန်ကြာပြီဆိုတော့ သမီးလေး မေမေ့ကို မှတ်မိပါဦးမလား... "
    နေသာလေလာတဲ့ တစ်နေ့မှာတော့.... ကျွန်တော်က ဇနီးဖြစ်သူ ရလိကို အိမ်ကို ခေါ်လာခဲ့ပါတယ်။
    "၀မ်ဝမ်လေးရေ.." လို့ကျွန်တော်ခေါ်လိုက်တဲ့ အသံဟာ တုန်ယင်နေတယ်လို့ ခံစားမိပါတယ်။ "သမီးမေမေပြန်လာပြီ... လာကြည့်ပါဦး "
    ရလိက သူမကို ရင်ခွင်ထဲမှာ ထွေးပွေ့လိုက်ပြီး ... ရင်ဘတ်ထဲမှာ သူမရဲ့ပုခုံးကို ပုတ်ပေးလိုက်ပါတယ်။ ရလိက ကျွန်တော့်ကို လှမ်းကြည့်လိုက်ပါတယ် ...သူမမျက်ဝန်းထဲမှာလဲ မျက်ရည်များစွာနဲ့ပေါ့။
    "ကလေးရယ် ...." ရလိက ၀မ်ဝမ်ရဲ့ပါးလေး ကို နမ်းရှုံ့ လိုက်ပြီး "မေမေ နောက်ထပ်ခွဲမသွားတော့ပါဘူးကွယ်  " လို့ပြောလိုက်ပါတယ်။
    ဒီအဖြစ်အပျက်တွေဟာ ကလေးရဲ့ မိခင်က တစ်နှစ်ခွဲမတိုင်ခင် သူမ ဆေးရုံတက်စဉ်က အချိန်ယူပြင်ဆင်ခဲ့တာတွေပဲ ဖြစ်ပါတော့တယ်
မူရင်း၊ ၊流泪的故事
စာချစ်သူများအားကျေးဇူးတင်ပါသည်။ ကျေနပ်နှစ်သိမ့်နိုင်ကြပါစေ...
(ဇေယျာ) 18/Aug/2011, Thursday , 1:00 pm
No comments:
Post a Comment
ဘယ်သူမဆို ဝေဖန်သွားလို့ ရပါတယ်
အပြုသဘောနဲ့ ပေါ့ 
အားလုံးပျော်ရွင်ကျပါစေ.....