ကျွန်တော် အိပ်ရာက နိုးတော့ ည ၁၁ နာရီ ထိုးနေပြီ၊ ပြတင်းပေါက် အပြင်ဘက်မှာတော့ နှင်းတွေ တဖွဲဖွဲ ကျနေဆဲ၊ ကျွန်တော် စောင် ခြုံပြီး ကွေးနေရင်းနဲ့၊ နှိုးစက်နာရီကို လှမ်းကြည့်လိုက်တော့ နာရီက ရပ်နေတာကို တွေ့ရတယ်။ ဒါနဲ့ ကျွန်တော် နာရီဓာတ်ခဲဝယ်ဖို့ မေ့သွားတာပဲလို့ သိလိုက်တယ်။
ရာသီဥတုကလဲ အေးလိုက်တာ လွန်ရော၊ အိပ်ရာက ထချင်စိတ်ကို လုံးဝမရှိလှပါဘူး။ ဒီလိုနဲ့ ကျွန်တော်လဲ မေမေ့ဆီကို ဖုန်းလှမ်းဆက်လိုက်ပြီး.... " အမေ...ကျွန်တော့်နှိုးစက်နာရီ ဓာတ်ခဲ အားကုန်သွားပြီ...၊ မနက်ဖြန် ရုံးမှာ အစည်းအဝေးရှိတယ်၊ အစောကြီး သွားရမယ်၊ မနက် ၆ နာရီကျရင် ကျွန်တော့်ကို ဖုန်းဆက်ပြီး နှိုးပေးပါ" လို့ ပြောတော့ ... အမေက " ကောင်းပြီ သားလေး၊ စိတ်ချလက်ချ အိပ်ပါ. အမေနှိုးပါ့မယ် " ဆိုပြီး ကြည်လင် တက်ကြွ တဲ့ လေသံနဲ့ ပြန် ပြောပါတယ်။
ဖုန်းမြည်တော့ ကျွန်တော် အိပ်မက် မက်လို့ ကောင်းတုန်းပေါ့ ၊ အပြင်ဘက်မှာတော့ မှောင်အတိပါပဲ.... တစ်ဘက်က အမေက ပြောတယ် "သားလေး အိပ်ရာထတော့လေ... ဒီနေ့ အစည်းအဝေးရှိတယ်မလား"... ကျွန်တော်လဲ လက်က နာရီကို လှမ်းကြည့်လိုက် တော့ ၅ နာရီ မိနစ် ၄၀ ပဲ ရှိသေးတယ်.။ ကျွန်တော်လဲ စိတ်ပျက်တဲ့လေသံနဲ့ ပြန်ပြောလိုက်တာက "အမေကလဲဗျာ ... အမေ့ကို ၆ နာရီ မှ နှိုးခိုင်းတာ မဟုတ်လား.... ကျွန်တော် အိပ်မက် မက်လို့ ကောင်းနေတုန်းဗျ....အမေနှိုးတာနဲ့ ကျွန်တော့် အိပ်မက်လှလှလေးတော့ သွားပါပြီဗျာ " .... ဒီလိုပြောတော့ အမေက တဘက်က ဘာစကားမှ ခွန်းတုံ့ မပြန်ပါဘူး... ဒါနဲ့ ကျွန်တော်လဲ ဖုန်းကို ချလိုက်ပါတယ်။
နောက်တော့ ထပ်အိပ်လို့ မရတာနဲ့ ရေမိုးချိုးပြီး အိမ်ကနေ ထွက်လာခဲ့ပါတယ်။ ရာသီဥတုကလဲ အရမ်းအေးချမ်းလှပါတယ်.... ကောင်းကင်တစ်ခွင်လုံးလဲ နှင်းတွေနဲ့ ပိတ်ဖုံးလို့ မြင်ကွင်းကလဲ မှုန်တိမှုန်ဝါးပါပဲ။ ဘတ်စ်ကား ဂိတ်ေ၇ာက်တော့ ကျွန်တော့် ခြေထောက်တွေက အေးခဲနေပြီ.... အရပ်လေးမျက်နှာမှာတော့ မဲမှောင်နေဆဲပဲ ရှိပါသေးတယ်။ ကျွန်တော့် ဘေးမှာတော့ ဆံပင်ဖြူဖြူအဘိုးအို တစ်ယောက်နဲ့ အမယ်အိုတစ်ယောက် မတ်တပ် ရပ်နေကြတယ်.... အဘိုးအိုက အမယ်အိုကို " မင်းကိုယ်မင်း ကြည့်စမ်း တစ်ညလုံးလဲ ကောင်းကောင်းမအိပ်ဘူး... မနက်အစောကြီးလဲ ငါ့ကို နှိုးသေးတယ်.... အခုလဲ အကြာကြီး စောင့်နေရပြန်ပြီ " လို့ ပြောတာကို ကျွန်တော်ကြားလိုက်ပါတယ်။
တကယ်လဲ အဘိုးအို ပြောတာ ဟုတ်ပါတယ်... ဘတ်စ်ကားတစ်စီးလာဖို့စောင့်ရတာလဲ အနည်းဆုံး ၁၅ မိနစ်လောက်ကြာတာလေ။ နောက်ဆုံးတော့ ဘတ်စ်ကားတစ်စီး ကျွန်တော်တို့ ရှေ့ကို ဆိုက်ရောက်လာပါတယ်... ကျွန်တော်က ကားပေါ်တက်လိုက်ပါတယ်... ကားဒရိုင်ဘာ က လူငယ်တစ်ယောက်ပါပဲ၊ သူက ကျွန်တော်လဲ တက်ပြီးရော... ကားကို ချက်ချင်း မောင်းဖို့ ဟန်ပြင်လိုက်ပါတယ်...ဒါနဲ့ ကျွန်တော်က " ဒီမယ် ကားဆရာ.... အောက်မှာ လူကြီး နှစ်ယောက် ကျန်သေးတယ်လေ... ရာသီဥတု ဒီလောက်အေးတာ... သူတို့ခမျာ စောင့်နေရတာ ကြာလှပြီ.... ခင်ဗျားကသူတို့ကို မစောင့်ပဲ ဘာလို့ ကားကို ချက်ချင်း မောင်းရတာလဲ " လို့ စိတ်ဆိုးတဲ့ လေသံနဲ့ ပြောလိုက်ပါတယ်။
အဲဒီ ကားဆရာလူငယ်က ကျွန်တော့်ကို " အရေးမကြီးပါဘူး ကိုယ့်လူ.... သူတို့က ကျွန်တော့်ရဲ့ အဖေနဲ့ အမေပါ.... ဒီနေ့ ကျွန်တော့်ရဲ့ ပထမဆုံး ကားစ မောင်းတဲ့နေ့လေ... ဒါကြောင့် ကျွန်တော့်ကို သူတို့ လာကြည့် ကြ တာပါ " လို့ စိတ်အေးလက်အေးနဲ့ ပြန်ပြောပါတယ်။
ကျွန်တော်လဲ မျက်ရည်လည်မိပါတော့တယ်... အဲဒီ အချိန်မှာ ကျွန်တော့်ဖုန်းထဲကို အဖေ့ဆီက မက်ဆေ့ခ်ျ တစ်စောင် ၀င်လာပါတယ်။ အဲဒီထဲမှာ "သား ... မင်းအမေက ပြောတယ် သူသိပ်နေမကောင်းဘူးတဲ့.... သူတစ်ညလုံးလဲ ကောင်းကောင်းမအိပ်ရသေးဘူးလေ... ပြီးတော့ မင်း နောက်ကျမှာစိုးလို့အစောကြီးလဲ အိပ်ရာ ထရသေးတယ်လေ " ဆိုတဲ့ စာလေးပါပဲ ....
ဒီစာလေးကိုလဲ ဖတ်ပြီးတော့ ကျွန်တော့် ခေါင်းထဲကို စကားပုံလေး တစ်ခု ရုတ်တရက် ချဉ်းနင်း ၀င်ရောက်လာပါတယ်
" မိဘတွေက သားသမီးကို တစ်ခုခုပေးတဲ့ အခါ..... သားသမီးတွေက ရယ်ကြ တယ် "
" သားသမီးတွေက မိဘတွေကို တစ်ခုခု ပေးတဲ့အခါမှာတော့ ... မိဘတွေက ငိုကြတယ် "
စာဖတ်သူရော မျက်ရည်ကျနေပြီလား.... ကျွန်တော်က တော့ အဲဒီ အကြောင်းကို ပြန်တွေးမိတိုင်း အခုချိန်ထိ မျက်ရည် လည်နေရတုန်းပါပဲ.... နှစ်ပေါင်းများစွာ အိုမင်း မစွမ်း မိဘတွေရဲ့ မေတ္တာတရားကို ကျွန်တော်တို့ သတိမပြုမိခဲ့ကြဘူး... တကယ်တော့ ကျွန်တော်တို့ရဲ့ နှလုံးသားထဲမှာ မိဘတွေ ကျွန်တော်တို့ အပေါ်မှာ ထားရှိတဲ့ ကရုဏာတရားနှင့် ပြီးပြည့်စုံတဲ့ ချစ်ခြင်းတရားတွေကို သိတတ်ခဲ့ကြရင် ဘယ်လောက်ကောင်းလိုက်မလဲ။
ကျွန်တော်က တော့ ဒီဇာတ်လမ်းလေးထဲမှာ ပါတဲ့ သူရဲကောင်းမိဘတွေအကြောင်းကို အမြဲ သတိရနေမိပါတယ်... အခုအချိန် ပြန်တွေးလိုက်မိတိုင်း စိတ်မကောင်းဖြစ်ရပါတယ်၊ တကယ်လို့သာ ကျွန်တော်တို့ဟာ မိဘတွေအပေါ်မှာ စိတ်ရှည်သည်းခံပြီး နားလည်မှုလေးတွေ ပေးစွမ်းနိုင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဘ၀မှာ အသက်ရှင်ရတာ ပိုပြီး ပျော်ရွှင်ကြည်နူး ပြည့်စုံပြီး ချမ်းသာသုခတွေနဲ့ ပြည့်စုံကြရမှာပါ။ အခု အချိန်မှာ ကျွန်တော်တို့ လုပ်သင့်တာက မိဘတွေကို စိတ်ရှည်ရှည်နဲ့ ပြန်လည် သိတတ်ပေးတာ...ဖုန်းနဲ့ပဲဖြစ်ဖြစ် စကားလေး တစ်ခွန်း နှစ်ခွန်းပြောပြီး နှုတ်ခွန်းဆက်တာ... တစ်ခါတစ်လေ သူတို့နားမှာ အဖော်ပြုပေးတာတွေ ပါပဲ။ ကျွန်တော်တို့ တကယ် လုပ်ချင်စိတ်ရှိရင် ခက်ခဲတဲ့ အလုပ်တွေ မဟုတ်လှပါဘူး ....
မူရင်း ၊ ၊ 父母的关爱 ကို ဆီလျော်အောင် ဘာသာပြန်ခံစားသည်။
ကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်....
စာချစ်သူများအား ကျေးဇူးတင်ပါတယ်...
08/ Aug/ 2011
12:05 am
(ဇေယျာ)
No comments:
Post a Comment
ဘယ်သူမဆို ဝေဖန်သွားလို့ ရပါတယ်
အပြုသဘောနဲ့ ပေါ့ 
အားလုံးပျော်ရွင်ကျပါစေ.....