twitter
    Find out what I'm doing, Follow Me :)

ဤဘလောက်သည်ကျွန်တော်နှစ်သက်သောစာစုများနှင့် ကျွန်တော်ခံစားချက်အရေးအသားလေးများစုစည်းထာခြင်းဖြစ်သည်။လာလည်သူ၊မလာတဲ့ သှူမှန်သမျှအေးချမ်းကြပါစေ.......

Sunday, March 27, 2011

ဘဝ ရဲ့ အဆင့် ၃ ဆင့်...

ဘဝမှာ အဆင့်ကြီး ၃ ဆင့် ရှိတယ်တဲ့။

ပထမ အဆင့် (ဆယ်ကျော်သက်အရွယ်) အချိန် နဲ့ ခွန်အား ရှိတယ် ဒါပေမယ့် ပိုက်ဆံမရှိဘူး။

သတိရမိသေးတယ်။ ငယ်ငယ်က ဆို ဘာမဆို စားချင်တယ်၊ ခုံခုံမင်မင် လဲရှိတယ်။ ကိုယ့်ကိုယ်ကိုယ် တောင်ငါတော်တော်ငတ်တာပဲလို့ထင်
ခဲ့သေးတယ်။ သိပ်မစားရဘူးလေနော်။ ငယ်ငယ်ကဆို အမေက မုန့်ဖိုးလဲသိပ်မပေးဘူး။ ဘာပဲ စားရ စားရ သိပ်ကောင်းတယ် လို့ထင်တယ်။ လူကြီး သိပ်ဖြစ်ချင်တာလေ။ မြန်မြန်ကြီး မြန်မြန် အလုပ်လုပ် မြန်မြန်ပိုက်ဆံရှာ ကိုယ်စားချင်တာ ဝယ်စား ကြိုက်သလောက်စား အသေစား။ အဲ့လိုနေချင်ခဲ့ဘူးတာလေ...

အချိန်ဆိုတာတွေကလဲ ပေါလွန်းလို့ တနေ့တနေ့ ရွာရိုး ကိုးပေါက် ချောင်းပေါက်အောင် လျောက်သွားနေခဲ့တာပ
ခွန်အားကလဲ ရှိသလားတော့မမေးနဲ့ မျောက်ရှုံးအောင်ဆော့တယ် ဆိုတာ ကိုယ်တို့ ကိုပြောတာပဲ (တကယ်ပါ ကိုယ်တို့ ဆယ်ကျော်သက်အရွယ်က ခုခေတ်ကလေးတွေနဲ့မတူဘူး ရည်းစားသညာ ကိစ္စဆိုလဲမရှိဘူး ကျောင်းရယ် အိမ်ရယ် ကျူရှင်ရယ် ပဲ ကျောင်းပိတ်ရက်ရှည်တွေ ဆိုရင်တော့ အသေဆော့ဖို့လောက်ပဲ ဆယ်ကျော်သက် တောင် မျိုးစုံအောင်ဆော့နေသေးတယ် ကိုယ်က ပဲကံကောင်းပြီး ရန်ကင်းမှာနေခဲ့ရလို့ပဲလားတော့မသိ ကိုယ်တို့ အိမ်တွေက တိုက်တွေ အလယ်မှာ ကစားကွင်း ကိုပတ်ပြီးဆောက်ထားကြတာ ပတ်ပတ်လည်မှာတိုက်ချည်းဆိုတော့ ကလေးတွေကလဲ များမှများ
ကျောင်းပိတ်ရင် စိန်ပြေးတမ်းတို့ ထုတ်စီးတိုးတမ်းတို့ တူတူပုန်းတမ်းတို့ နောက် ရောမ်းရိုက်တာ လို့ ကိုယ်တို့ ခေါ်တဲ့ မြန်မာမှုပြုထားတဲ့ (ဘေ့စ်ဘောပါ) ကော် ဘောလုံးသေးသေးလေးကို သစ်သားပြားလေးနဲ့ ရိုက်ပြီး ပြေးရတာပေါ့ ထုတ်တွေကိုရောက်အောင်လေ၊ နောက် ခိုတွန်းတာ၊ အို စုံနေတာပဲ တကယ့်ကို ဆော့ခဲ့ကြပါတယ်

တနေ့တနေ့ ဘယ်လိုကစားရမလဲ ဘာစားရမလဲ ဘဲတွေးနေတာ အဲ့တာ တကယ့် ကလေးဘဝပေါ့
အပူအပင်လဲမရှိ ဘာဆို ဘာမှမသိ

နောက်တော့

ဒုတိယအဆင့် (အလုပ်လုပ်ရတဲ့ အရွယ်လေ) ငွေ နဲ့ ခွန်အား ရှိတယ် ဒါပေမယ့် အချိန်မရှိဘူး

ခုလောလောဆယ် ရောက်နေတဲ့ အရွယ်ပါပဲ တကယ်ပါ တနေ့တနေ့ အလုပ်လုပ် အလုပ်ကို သွား အလုပ်လုပ် အိမ်ပြန်လာ အလုပ်ဆက်လုပ် စနေ တနင်္ဂနွေ မပြီးသေးတဲ့ အလုပ်လုပ် လုပ်နေလိုက်ရတဲ့ အလုပ်တွေ မပြီးတော့ပါလားလို့တောင် တခါတခါ တွေးမိတယ်။

တကယ်တော့လဲ အလုပ်ဆိုတာမျိုးက ရှာလုပ်ရင်လုပ်သလို မပြီးနိုင်ဘူးလေ။ အစားစားဖို့အတွက် အလုပ်လုပ်ကြတယ်။ လိုချင်တာတွေအတွက်အလုပ်လုပ်ကြတယ်။ ဝယ်ချင်တာတွေဝယ်နိုင်ဖို့အတွက် အလုပ်လုပ်ကြတယ်။ အကျိုးအမြတ်တွေ ရချင်လို့ အလုပ်လုပ်လုပ်ကြတယ်။ လူသားကောင်းကျိုး အများကောင်းကျိုးအတွက် အလုပ်လုပ်ကြတယ်။ စသဖြင့်ပေါ့လေ....အကြောင်းအမျိုးမျိုးအတွက် အလုပ်လုပ်ကြတယ်။ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ဘဝမှလား....

ဒါပေမယ့် အခုခေတ်ကြီးက သိပ်မြန်ပါတယ်။ တနေ့တနေ့ ကုန်သွားတာ တနှစ်တနှစ်ကုန်သွားတာ အချိန်တွေ ကုန်တာ ကုန်တာ သိပ်မြန်တယ်။ အခု ဒီမှာ လာလုပ်နေတာ ၂ နှစ်ခွဲရှိပြီ မျက်စိတမှိတ်အတွင်းပဲ.... in a blink of an eye ပဲ တကယ်ပါ။ နောက် မြို့ ကြီးပြကြီးမှာနေရတာ တကယ့်ဘဝ ပျောက်နေသလိုပါပဲ။ တခါကရေးဖူးသလို ပါပဲ တခါတခါ ကိုယ်တို့တွေ ဘဝကိုခဏ ရပ်ပြီး သေချာကြည့်ဖို့လိုပါမယ်။ ကနေတဲ့ မိန်းမငယ်လေးရဲ့ ကြွကြွ ရွရွ ကနေတဲ့ ခြေထောက်လေးတွေ၊ ပွင့်ဟ လာမယ့် နှုတ်ခမ်းဖူးဖူးလေးတွေ တောတောင်တွေကြားထဲက သစ်စေ့ ဖွက်နေတဲ့ ရှဥ့်ကလေးတွေ ကိုကြည့်ဖို့အချိန်ပေးနိုင်ရပါမယ်။
ဒါပေမယ့် ပြန်ခြုံရရင် ခုနက ပြောတဲ့ ဒုတိယအရွယ်မှာ ကျတော်တို့ အချိန်ရှားပါတယ် မရှိသလောက်ရှားတာပါ။

နောက်ဆုံးအနေနဲ့က

တတိယအဆင့် (သက်ကြီးတမ်း) အချိန်ရှိတယ် ငွေရှိတယ် အင်အားမရှိတော့ဘူး

ဒါကတော့ မရောက်သေးတဲ့ ဘဝပေမယ့် မြင်နေရတယ် ပတ်ဝန်းကျင်မှာ ရှိတယ်။ လေ့လာရင် မြင်နိုင်တာပေါ့နော်....လျာရှည်လေ တွေ့ရှိလေပဲဟာ

အရင် က တိုးဂိုက် လုပ်ဖူးပါတယ် အဖိုးကြီးတွေအဖွားကြီးတွေ ရီတိုင်ယာ ယူတော့ ဆုမိဆောင်းမိလဲတော်တော်ရှိနေပြီ။ အချိန်တွေလဲ ရှိနေပြီ ငယ်ငယ်က စိတ်ကူးယဉ်ခဲ့သလို အသက်ကြီးလာရင် ကမ္ဘာပတ်မယ်ပေါ့ ဒါပေမယ့် ဘာဖြစ်သလဲဆိုတော့ အရွယ်က စကားပြောလာပြီလေ။ အသက်ကြီးလာတော့ တုန်တုန်ချည့်ချည့် ဆီးက ခဏခဏ သွားချင်၊ စိုးရိမ်စိတ်တွေကများ စသဖြင့်ပေါ့လေ။

တနေရာတနေရာ သွားမယ်ဆိုရင်လဲ စိတ်သွားတိုင်းကိုယ်မပါတော့။
ခက်တာက ဘဝဆိုတာအဲ့လိုပဲလေ ရတာမလို လိုတာမရ...တဘဝလုံး သေကောင်ပေါင်းလဲ လုပ်လာတဲ့ အလုပ်တွေ ဆုလာတဲ့ပိုက်ဆံတွေ အကုန်ပြည့်စုံနေပြီ ဘဝမှာ... တိုက်လဲရှိပြီ ကားလဲရှိပြီ...စည်းစိမ်ချမ်းသာတွေလဲပြည့်စုံနေပြီ....လုပ်ချင်တာလုပ်ဖို့ အချိန်လဲရှိလာပြီ ဒါပေမယ့် လုပ်ချင်တာလုပ်ဖို့ ခွန်အားတော့ မရှိတော့ပြန်ဘူး၊ ဘုရားသခင်ဆိုတာကြီးက မကောင်းဘူးနော် လူတွေကို ပြည့်ပြည့်စုံစုံပေးလိုက်ရင်ပြီးရော် အဲ့တာဆို အော် ငါ့မှာ ဟိုဟာရှိပြန်တော့ ဒီဟာမရှိ ဆိုတဲ့ မောဟတွေတွေ ဟိုဟာလေးလိုချင်လိုက်တာ ဒီဟာလေးလိုချင်လိုက်တာ ဆိုတဲ့ လောဘတွေ သူ့ကျတော့ ရှိတယ် ငါ့ကျတော့ မရှိဘူးဆိုတဲ့ ဝန်တို မစ္ဆိရိယ တွေ အော် ငါ့ဘဝက တယ်မကောင်းလိုက်ပါလားဆိုတဲ့ သောကတွေ ဘယ်ရှိတော့မလဲနော် ဘုရားသခင်ကသာ အကုန်ဖန်ဆင်းတယ်ဆိုရင် ပြည့်ပြည့်စုံစုံ တခါတည်းဖန်ဆင်းလိုက်ပါတော့နော့....

နောက်ဆုံးတော့လဲ ဒီလိုနဲ့ပဲ...အချိန်တွေတဖြည်းဖြည်းကုန်လာ လုပ်ချင်တာတွေက မလုပ်ရ ရှိနေတဲ့ ပိုက်ဆံတွေကို လူမသေသေးဘူး သားသမီးတွေက မျက်စောင်းထိုင်း ဒီလိုနဲ့ပဲ ကိုယ်တို့ ရဲ့ ဘဝ တတိယအဆင့်ကို ရောက်ရအုံးတော့မှာပေါ့လေ....
-- 

တီချမ်း

                   

No comments:

Post a Comment

ဘယ်သူမဆို ဝေဖန်သွားလို့ ရပါတယ်
အပြုသဘောနဲ့ ပေါ့ 
အားလုံးပျော်ရွင်ကျပါစေ.....