twitter
    Find out what I'm doing, Follow Me :)

ဤဘလောက်သည်ကျွန်တော်နှစ်သက်သောစာစုများနှင့် ကျွန်တော်ခံစားချက်အရေးအသားလေးများစုစည်းထာခြင်းဖြစ်သည်။လာလည်သူ၊မလာတဲ့ သှူမှန်သမျှအေးချမ်းကြပါစေ.......

Saturday, April 9, 2011

အဆိပ်သင့်ပန်း ..

(၁)

ကျမဟာ မူးယစ်ဆေးဝါး ပတ်ဝန်းကျင် မှာ ကြီးပြင်းလာခဲ့သူ တစ်ယောက် ဖြစ် ပါတယ်။ အိမ်မှာဆိုရင် ဖေဖေက အရက်နဲ့ဆေးလိပ်ကို နေ့စဉ်သောက်သုံးသူ တယောက် ဖြစ်ပါတယ်။ အစ်ကို ကတော့ ဘိန်းကို စွဲစွဲလန်းလန်း သုံးစွဲသူပါ။

အိမ်ဘေးမှာ နေထိုင်တဲ့ ဦးကြီးကလည်း အရက်နဲ့ ဆေးလိပ်ကို အမြဲသောက်တယ်။

ကျမ ငယ်ငယ်ကတည်းက ဖေဖေ အရက်စသောက်ခဲ့တယ်လို့ မှတ်မိပါတယ်။ ဖေဖေက အရက်သောက်ရင် သူများ အိမ်မှာ သိပ်မသောက်တတ်သလို ဆိုင်မှာထိုင်ပြီးလည်း မသောက်ပါဘူး။ ဖေဖေ အရက်သောက်ချင်ရင် ကျမကို သွားအ၀ယ်ခိုင်းတတ်ပါတယ်။

ကျမ အသက် ၂၀ ကျော်တဲ့အထိ ဖေဖေ့အတွက် ရှက်ရှက်နဲ့ အရက်သွားဝယ်ပေးရတယ်။ ဖေဖေ့အတွက် အရက်ထွက်ဝယ်ပေးရရင် သူငယ်ချင်းတွေကို ရှက်မိတယ်။ တခါတလေ သွားမ၀ယ်ပေးဘူးလို့လည်း ဖေဖေ့ကို ငြင်းခဲ့ဖူးပါတယ်။

(၂)

ဖေဖေ့အတွက် မကပါဘူး။ အစ်ကိုလည်း အသက်အရွယ်ရလာတော့ အရက်သောက်လာတယ်။ ဒါပေမဲ့ သူတို့တွေကိုယ်တိုင်က သွားမ၀ယ်ချင်ဘူး။ “ညီမလေး…အစ်ကို့အတွက် အရက်သွားဝယ်ပေးပါဦး၊ ညီမလေးအတွက် မုန့်တထုတ်လည်း ၀ယ်လာခဲ့လိုက်ပေါ့” ဆိုပြီး အစ်ကိုက ချော့ပြီး သွားဝယ်ခိုင်းတတ် ပါတယ်။

ပြီးတော့ ကျမအိမ်ဘေးမှာနေတဲ့ ဦးကြီးတယောက်ပေါ့။ သမီး ဦးကြီးတို့အတွက် အရက်သွားဝယ်ပေးပါအုံးဆို ခိုင်းတတ်တယ်။ ကျမကတော့ မိသားစုကြား၊ ဆွေမျိုးကြားမှာ အရက်ဝယ်ပေးတဲ့ ပေါ်ပြူလာခိုင်းဖတ်လို ဖြစ်ခဲ့တယ်။ ရွာမှာဆိုရင် ကျမမသိတဲ့ အရက်တွေ၊ အရက်ဆိုင်တွေ သိပ်ရှားပါတယ်။ လွယ်အိတ်တလုံးနဲ့ နေ့စဉ် ပုံမှန်ဆိုသလို အရက်ဆိုင်ကို ရောက်တတ်ပါတယ်။ နောက် ကျမဟာ ဒီပတ်ဝန်းကျင်တွေကြားမှာ စိမ်းမနေတော့ဘဲ ထမင်းစားရေသောက်လို ဖြစ်လာတယ်။

ဖေဖေက အရက်သောက်ပေမယ့် အိမ်မှုကိစ္စကိုတော့ ကျေပွန်သူတယောက် ဖြစ်ပါတယ်။ မေမေက အိမ်မှုကိစ္စ ၀ါသနာမပါတော့ ခြံအလုပ်နဲ့ပဲ နစ်မြှုပ်နေသူပါ။ ဖေဖေက သီးနှံအားလုံး ပြုစုပျိုးထောင်ပေးတယ်။ အိမ်မှာရှိတဲ့ မုန်ညင်းချဉ်ခြောက်၊ ပဲပုတ်ခြောက်စတဲ့ အခြောက်မျိုးစုံကိုလည်း ဖေဖေက မပျင်းမရိ စီမံတတ်သလို ရွှေဖီချိန်အတွက် အမြဲတမ်း အဆင်သင့် လုပ်ပေးတတ်တယ်။ ပြီးတော့ လက်သမားလည်း လုပ်တယ်။ သူများဆီမှာ သွားအလုပ်လုပ်တာပါ။

အလုပ်နဲ့ပတ်သက်လာရင်တော့ ဖေဖေ့ကို အတော်အားကျမိတယ်။ ဖေဖေ မလုပ်တဲ့အရာ သိပ်ရှားတယ်။ လက်မှုပညာလား၊ စက်မှုပညာလား အားလုံးတတ်တယ်။ လက်မှုပညာဆိုရင် တခုပြီးတခု တီထွင်ကြံဆပြီး လုပ်တတ်တယ်။ စက်ပစ္စည်းဆိုလည်း ဒီလိုပဲ အမျိုးမျိုးပြင်တတ်တယ်။ ဒီတော့ ရွာက ဖေဖေ့ကို အားကိုးအားထားရှိသလို ကျမတို့ အိမ်မှုကိစ္စအတွက်လည်း ဖေဖေကိုပဲ အားကိုးရတယ်။

ဒါပေမဲ့ ဖေဖေက အရက်ကို သိပ်ကြိုက်လွန်းတယ်။ ဖေဖေအရက်သောက်ရင် အလုပ်သိပ်မဖြစ်တော့ဘူး။ ဖေဖေထက သူများအိမ်မှာ သွားစုသောက်တာ သိပ်ဝါသနာမပါတော့ သူများက ကျမတို့အိမ်မှာ လာသောက်တာပေါ့။ ကျမတို့အိမ်လာသောက်ရင် ကျမရယ်၊ မေမေရယ် အရမ်းကို စိတ်ဆင်းရဲရတယ်။ ဖေဖေက ရှိတာကို ဝေမျှစားတဲ့ လူစားမျိုးလေ။ အိမ်မှာရှိတဲ့ ဟင်းကောင်းတွေဆို တစ်ခါမှ မိသားစုချည်း သက်သက်စားရတာ မရှိဘူး။ ဟင်းကောင်းရှိရင် ဖေဖေ့သူငယ်ချင်းတွေက လူကြီးလူငယ်မရွေး အိမ်မှာလာ စုသောက်တတ်ကြတယ်။ ညသန်းခေါင်အထိ သူတို့က စားသောက်ပြီး နေတတ်တယ်။

အိမ်မှာ ကြက်မွေးထားတယ်ဆိုပေမယ့် ကျမတို့ကြက်က မိသားစုအတွက် မွေးထားတာမဟုတ်ဘဲ ဧည့်သည်တွေအတွက်ပဲ ဖြစ်ခဲ့ရတယ်။ တခါတလေ လက်ထဲမှာရှိတဲ့ ပိုက်ဆံကိုတောင် အရက်ဖိုးအဖြစ် တောင်းကြတယ်။ သူတို့ စားသောက်ပြီးရင် ကျမ၊ ဒါမှမဟုတ် မေမေက မနက်အစောကြီးထပြီး အိုးခွက်ပန်းကန်တွေ ဆေးရတာ အကြိမ်ကြိမ်ပါပဲ။ တခါတလေ ဧည့်သည်တွေ စိတ်တိုင်းမကျရင် ဖေဖေက ကျမတို့ကို အော်ငေါက်တတ်သေးတာမို့ သူတို့တတွေအတွက် အမြဲတမ်း စိတ်တိုင်းကျအောင် စီစဉ်ပေးရတယ်။

(၃)

တခါတလေ ဖေဖေက အရက်သောက်ရင် သွေးဆိုးတယ်လို့ ပြောရမလား မသိဘူး။ စိတ်တိုင်းမကျဘူးဆို အိမ်မှာရှိတဲ့ အိုးခွက်ပန်းကန်ကို ကိုင်ပေါက်တာတို့ ခွဲပစ်တာတို့ လုပ်တတ်တယ်။ မေမေကိုတော့ မရိုက်ပါဘူး။ မေမေကလည်း ဘာမှမပြောဘူး။ မေမေက အရုပ်လေးတရုပ်နဲ့တူတယ်။ ဖေဖေ့စိတ်တိုင်းကျပဲ ဖြစ်နေတယ်။ ဖေဖေ အဲလိုကြမ်းပြီဆိုရင် ကျမ အရမ်းကြောက်တယ်။

ဘယ်သူမဆို ပတ်ဝန်းကျင်နဲ့ နေရတယ် မဟုတ်လား။ ကျမက မိန်းကလေး၊ အပျိုပေါက်စဆိုတော့ ပတ်ဝန်းကျင်ကို ရှက်တတ်လာတယ်။ ဒါပေမဲ့ ဖေဖေ အရက်မသောက်နဲ့လို့ တခါမှ မပြောဖူးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဖေဖေက အရက်ကို အရမ်းကြိုက်တယ်လေ။ ဒါပေမဲ့ တခါတလေ ပတ်ဝန်းကျင်က ပြောချင်ဆိုချင်လာတယ်။

“သမီးဖေဖေကို မပြောဘူးလား။ အရက်မသောက်နဲ့၊ ပိုက်ဆံလည်းကုန်တယ်။ သမီးမေမေလည်း စိတ်ဆင်းရဲတယ်” စတဲ့စကားတွေ ကျမကို ပြောလာတတ်တယ်။ တခါတလေ ဖေဖေ့ကို အရက်မသောက်ပါနဲ့လို့ ပြောချင်တယ်။ ဒါပေမဲ့ မပြောရဲခဲ့ဘူး။ ငယ်ကတည်းက ကျွေးမွေးပြုစုခဲ့တဲ့ အဖေတယောက်ကို သမီးတယောက်အနေနဲ့ ပြောလိုက်ရင် စော်ကားရာ ကျမလားပေါ့။ ဖေဖေကလည်း ကျမကို အစ်ကို့ထက် ချစ်တယ်။ အရမ်းလည်း အလိုလိုက်ခဲ့ပါတယ်။ ဒါကြောင့်မို့ တခါတလေတော့ ဖေဖေ့ ကျန်းမာရေးအတွက် အရက်လျော့သောက်ပါလို့ ပြောခဲ့မိတယ်။

(၄)

အစ်ကိုလည်း တဦးတည်သောသားဆိုတော့ မိဘအပေါ် အရမ်းကို နွဲ့ဆိုးဆိုးတတ်သလို မိဘတွေကလည်း အလိုလိုက်ခဲ့ကြတယ်။ နောက် စီးပွားရေး အဆင်ပြေတဲ့အချိန်ဆိုတော့ အစ်ကို ပိုက်ဆံဘယ်လောက်လိုသလဲ။ ရှာပေးတတ်ကြတယ်။ နောက်တော့ အစ်ကိုက ဘိန်းစားတွေနဲ့ သွားပေါင်းတယ်။ ဖေဖေကလည်း သူ့သား ပိုက်ဆံပိုပိုလိုလို သုံးနိုင်အောင်ဆိုပြီး တရုတ်အိမ်မှာ ညအလုပ်သွားလုပ်ခိုင်းတယ်။

အလုပ်ရှင်က လခကို ပိုက်ဆံမပေးဘဲ ဘိန်းပဲ ပေးတယ်။ ဒါနဲ့ အစ်ကိုလည်း ဘိန်းစွဲသွားတာပေါ့။ နောက်တော့ အိမ်က လက်ဖက်ကို အချိန်သုံးလေးဆယ် ခိုးရောင်းတတ်လာတယ်။ အိမ်က မိဘတွေက မသိဘူး။ ကျမက သိတယ်။ ဒါပေမဲ့ အစ်က “အိမ်ကို ပြန်ပြောရင် မင်းတော့မလွယ်ဘူးမှတ်”တဲ့။ ခြိမ်းခြောက်ထားတယ်။ ကျမလည်း ကြောက်တာနဲ့ ဘာမှပြန်မပြောဖြစ်ပါဘူး။

နောက်တော့ ဘယ်လောက်အထိ ဖြစ်သွားသလဲဆို အစ်ကိုက အိမ်မှာတင် ဘိန်းရှုလာတဲ့အထိ ဖြစ်လာတယ်။ ကျမလည်း ဖေဖေ့ကို ပြောပြချင်တာ ပါးစပ်ကို ယားနေတာပဲ။ ကျမ ဘာဖြစ်လို့ သိလည်းဆိုတော့ အစ်ကို့ အိပ်ယာကို မကြာမကြာ သွားကြည့်တတ်လို့။ အဲမှာ ဟိုကြည့်ဒီကြည့်လုပ်ရင်း အစ်ကိုသုံးတဲ့ ပစ္စည်းကရိယာကို တွေ့ရတယ်။ တခါတလေ ဘိန်းဖြူနံပါတ်ဖိုးကို အိမ်အထိ သယ်လာတယ်။ ဒီအချိန်မှာ ရွာမှာ လူအများစုက ဘိန်းစားတာ ခေတ်စားနေတော့ ဘယ်သူမှ လာမပြောဘူး။ မိဘတွေပဲ ကိုယ့်သားသမီးကို နိုင်အောင်ထိန်းတဲ့ စနစ် ဖြစ်နေတယ်။

(၅)

နောက်တော့ ကျမ မနေနိုင်တော့ဘူး။ အစ်ကို အသုံးပြုတဲ့ ပစ္စည်းကို ဖေဖေဆီ သွားပေးလိုက်တယ်။ ဖေဖေက အိမ်သာထဲ သွားပစ်လိုက်ရော။ ဒါပေမဲ့ အကိုကတော့ သူများအိမ်မှာ သွားရှုတာပဲ။ တနေ့မှာ မမျှော်လင့်ဘဲ ပလောင်စစ်တပ်တွေက ရွာမှာ ဘိန်းရှုတဲ့သူတွေကို စာရင်းလာကောက်တယ်။ အစ်ကိုလည်း အဲဒီစာရင်းမှာ ပါသွားတာပေါ့။

နောက်တော့ ပလောင်စစ်တပ်တွေက ဘိန်းစားအားလုံးကို ဖမ်းပြီး ဇရပ်ပေါ်မှာ နေခိုင်းတယ်။ ရွာကို လုံးဝ ဆင်းခွင့်မပေးဘူး။ မိသားစုတွေက နေ့တိုင်း ထမင်းချိုင့် ပို့ပေးရတယ်။ တချို့ နှစ်ပေါင်းများစွာ ဘိန်းရှုခဲ့တဲ့ လူတွေကျတော့ ဖြတ်ရခက်တော့ ချက်ချင်းကြီး ဘိန်းဖြတ်ခိုင်းလို့ မရဘူး။ နည်းနည်းစီး ပေးရှုတယ်။ ဖြစ်ချင်တော့ ဇရပ်က ကျမတို့အိမ်နဲ့ သုံးအိမ်ကျော်ပဲ ဝေးတယ်။

နှစ်ပေါင်းများစွာ ဘိန်းရှုခဲ့တဲ့ လူတွေကမရှုရင်မနေနိုင်တော့ ပတ်ဝန်းကျင်ကို ရန်ရှာတ်ကြတယ်။ သူတို့ကို ထိပ်တုံးနဲ့ ခတ်ထားတယ်။ ကျမကတော့ မြို့ပေါ်ကျောင်းတက်နေတာမို့ ဘာမှမသိဘူး။ ရွာပြန်လာတော့ သူငယ်ချင်းတွေ နောက်ပြောင်ကြတယ်။ “အတော်ပဲ မင်းရောက်လာတာ။ မင်းအစ်ကို ဘုန်းကြီးဝတ်နေတယ်။ ထမင်းချိုင့် နေ့တိုင်းသွားပို့ရမယ်”တဲ့။ ကျမစဉ်းစားတယ်။ ဘုန်းကြီးဝတ်တာနဲ့ ထမင်းချိုင့်ပို့တာ ဘာဆိုင်လဲပေါ့။ ဘယ်ဟုတ်မလဲ။ ဇရပ်မှာ ဘိန်းစားတွေ ထားတာကိုး။

မိဘတွေကို ထမင်းချိုင့် မပို့စေချင်တာနဲ့ ကျမပဲ နေ့တိုင်း တာဝန်ယူပြီး ထမင်းချိုင့် သွားပို့ပေးတယ်။ ကျမလည်း အသက်အရွယ်ရလာတော့ ရှက်တတ်လာတာပေါ့။ ဖေဖေဆိုရင် ဒေါသဖြစ်ပြီး အစ်ကို့ကို တရက်မှ သွားမတွေ့ဘူး။ သူများ မိဘဆိုရင် သားလေး ဘာစားချင်လဲ၊ ဘာဖြစ်ချင်လဲ လုပ်ပေးတာမျိုး တွေ့ရတယ်။ ဖေဖေက သူ့သားကို သူအလိုလိုက်ခဲ့လို့ အခုလို ဖြစ်ရတယ်ဆိုပြီး ဖြေလို့မရအောင် ဖြစ်နေတယ်။

ဘိန်းသမားတွေကို မြင်ရတော့လည်း အရမ်းသနားမိတယ်။ ဘာဖြစ်လို့လဲဆို တချို့က ထိပ်တုံးနဲ့။ တချို့ဆိုရင် ဘိန်းဆာလို့ ခွေပြီးအိပ်နေတာနဲ့။ တချို့ဆိုရင် မနေနိုင်လို့ ရေကန်ထဲမှာ သွားစိမ်နေတာနဲ့ အဲလိုမျိုးတွေ တွေ့နေရတယ်လေ။ ညရောက်ရင် သူတို့ရဲ့ ညီးတွားအော်ဟစ်သံတွေ ကြားနေရတယ်။ အဲဒီထဲမှာ သေသွားတဲ့ လူလည်း ရှိတယ်။

(၆)

တညမှာ ဘိန်းစားသူတွေကြားမှာ နှစ်ဂိုဏ်းကွဲကြပြီး ရန်ပွဲအကြီးအကျယ် ဖြစ်ကြတယ်။ အားလုံး ရွာထဲဆင်းပြီး တုတ်ကိုင်ဓါးကိုင်ပြီး ရိုက်ကြသတ်ကြတယ်။ သူတို့ရဲ့ အော်သံကို ကြားရတော့ အရမ်းကို စိတ်တွေ ကယောင်ချောက်ချား ဖြစ်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမ အစ်ကိုတယောက်လည်း ပါနေတယ်လေ။

ဖေဖေ့ကို သွားကြည့်ဖို့ ပြောတော့လည်း သေချင်သေပလေ့စေဆိုပြီး သွားမကြည့်ဘူး။ မေမေကလည်း အတော် နေမကောင်းဖြစ်နေတယ်။ ကျမ ဘယ်သူ့ကို သွားတိုင်ပင်ရမလဲ မသိဘူး။ ဦးလေး ဦးကြီးတို့ဆီလည်း မသွားရဲဘူး။ တညလုံး စိတ်သောကတွေ ဖြစ်ရတယ်။ နောက်ရက်ကျတော့ ကျမအစ်ကိုအပါအ၀င် ၇ ယောက်ကို ဖမ်းလိုက်တယ်။ သူတို့ကို တခြားနယ်ပို့မယ်လို့ ရပ်ကွက်ဥက္ကဌက ဖေဖေ့ကို လာပြောတယ်။ ဖေဖေကတော့ အေးအေးဆေးဆေးပါပဲ။ ပို့ရင်လည်း ပို့ပါစေပေါ့။ မေမေကတော့ သူ့သားပါသွားမှာ စိုးရိမ်ပြီး ပိုက်ဆံရှာ၊ ဥက္ကဌထံ သွားတောင်းပန်ပြီး ပြန်ရွေးခဲ့ရတယ်။ အဲဒီအချိန်ကာလမှာ ဘိန်းစားတွေ ခဏတာ ငြိမ်သက်သွားတာကို တွေ့ရတယ်။

အိမ်ဘေးနားက တယောက်ဆိုရင် ဘိန်းထိုးရင်း အသက်ဆုံးရှုံးခဲ့ရတယ်။ ပြီးတော့ ဘိန်းစားလို့ နယ်ပိုင်တွေက လာဖမ်းရင် လျော်ကြေးပေးရသလို ထောင်ထဲ ရောက်သွားသူတွေလည်း ရှိပါတယ်။ ဒါတွေဟာ နောက်ဆက်တွဲ ပြဿနာတွေပါ။

ဒါတွေဟာ ကျမကိုယ်တွေ့ပါ။ ဘိန်းဖြူ ဘိန်းမဲ ရှုတဲ့သူတွေ၊ အရက်မူးပြီး သောင်းကျန်းတဲ့သူတွေ ကျမ နေ့စဉ် ကြုံတွေ့ခဲ့ရပါတယ်။ ကြာတော့ ဒါတွေနဲ့ ရင်းနှီးကျွမ်းဝင်ပြီး ဖြစ်ရိုးဖြစ်စဉ်တခုလို ဖြစ်သွားတော့တာပါပဲ။ ဒီအခြေအနေတွေအောက်မှာ ရွာရဲ့ တိုးတက်မှု၊ လူငယ်တွေရဲ့ တိုးတက်မှုဟာ ဘာမှရှိမလာတော့ဘူး။ အခုလည်း ယောက်ျားသားများဟာ တရွာလုံးလိုလို အရက်နဲ့ မူးယစ်ဆေးဝါး သုံးစွဲနေကြပြန်တယ်။ ရွာမှာ အရက်မမူးတဲ့ ဘိန်းမရှုတဲ့ ယောက်ျားကို ထမင်းထုတ်ထမ်းရှာမယ်ဆိုရင်တောင် ထမင်းသာမက လူပါ သိုးသွားနိုင်တယ်လို့ ဆိုရမလိုပါပဲ။

(၇)

မူးယစ်ဆေးဝါး သုံးစွဲတဲ့သူရှိတဲ့ မိသားစုတစုဟာ ပျော်ရွှင်ချမ်းမြေ့မှုကို ဖန်တီးပေးနိုင်တဲ့ မိသားစုတစု မဖြစ်နိုင်သလို တိုးတက်တဲ့ မိသားစုလည်း မဖြစ်နိုင်ပါဘူး။ ကျမရဲ့ မိသားစုကို ကြည့်မယ်ဆိုရင် အရင်က အဆင်ပြေတဲ့ မိသားစုလို့ ပြောလို့ရပါတယ်။ နောက်ပိုင်းတော့ မိသားစု စီးပွားရေးက တဖြည်းဖြည်း ကျဆင်းလာတယ်။ အစ်ကိုကလည်း မိသားသုအတွက် မထောက်ပံ့နိုင်တဲ့အပြင် သူ့ဘိန်းဖိုးအတွက်တောင် အနိုင်နိုင်ရှာနေရတယ်။

ဖေဖေကတမျိုး သားကတဖုံဆိုတော့ မေမေ့ခင်မျာ စိတ်ချမ်းသာလက်ချမ်းသာ နေရတယ်လို့ မရှိခဲ့ဘူး။ ပြောရမယ်ဆိုရင်တော့ တမိသားစုလုံးအတွက် စိတ်ဖိစီးမှုတွေ အားလုံးကိုစုပြီး ခံစားခဲ့ရတယ်။ ငွေရေးကြေးရေး အဆင်မပြေတော့ မိသားစုအတွင်းမှာ ပြဿနာတွေ တခုပြီးတခု ၀င်လာတယ်။ ကိုယ့်မိသားစုကြောင့် ပတ်ဝန်းကျင်ကြားမှာ မျက်နှာငယ်လာတယ်။ ပတ်ဝန်းကျင်ကလည်း ကျမတို့ မိသားစုကို အရင်လို တလေးတစား မရှိတော့ဘူး။ ပတ်ဝန်းကျင်ကြားမှာ သိပ်ပြီး မ၀င်ဆန့်ချင်တော့ဘူး။

ဒါတွေအားလုံးကို ပြန်လည်သုံးသပ်ကြည့်မယ်ဆိုရင် မူးယစ်ဆေးဝါးဟာ လူတွေကို ဘယ်လောက် ဒုက္ခ ရောက်စေတယ်ဆိုတာ ထင်ရှားပါတယ်။ မိသားစု၊ ဒီကမှတဆင့် ရပ်ကွက် မြို့ရွာ နောက်ဆုံး တမျိုးသားလုံး အတွက်ပါ အန္တရာယ်သိပ်ကြီးတဲ့ ရန်သူပဲ ဖြစ်ပါတယ်။

(၈)

ဒါကြောင့် ဘိန်းစိုက်ပျိုးမှုတွေ၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေ၊ ရောင်းဝယ်ဖောက်ကားမှုတွေကိ ထိထိရောက်ရောက် ဖော်ထုတ်အရေးယူဖို့ လိုအပ်သလို၊ မူးယစ်ဆေးဝါး သုံးစွဲသူတွေကိုလည်း ပြင်းပြင်းထန်ထန် တားမြစ်ဖို့ လိုအပ်ပါတယ်။ အမျိုးသားရေး အသိနဲ့ တိုက်ခိုက် ချေမှုန်းသွားဖို့ လိုပါတယ်။

အခုအချိန်မှာ နအဖတွေက ဘိန်းစိုက်နှုန်းတွေ လျော့ကျသွားပါပြီလို့ ပြောနေပေမယ့် ဘိန်းရှုနှုန်း ဘိန်းရောင်းနှုန်းက မလျော့ကျတာ တွေ့နေရပါတယ်။ ဒါဆိုရင် ဘိန်းစိုက်နှုန်း လျော့ကျတယ်လို့ ပြောလို့ မရပါဘူး။ ဘိန်းရှုတဲ့ လူတွေကို ဖမ်းဆီရုံနဲ့ ဘိန်းရှုနှုန်းက ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ ဘိန်းစိုက်ပျိုးတဲ့ သူတွေရယ်၊ ဘိန်းရောင်းတဲ့ လူတွေကိုပါ တားဆီးပိတ်ပင်ပါမှ ကျမတို့ရဲ့ အနာဂတ်မှာ ချမ်းမြေ့သာယာတဲ့ ဘ၀ကို ပိုင်ဆိုင်နိင်ကြမှာပါ။

ကျမလည်း ညသန်းခေါင်ယံမှာ ဘိန်းသမားတွေရဲ့ ညည်းညူသံတွေ၊ အော်ဟစ်သံတွေ၊ ရန်ဖြစ်သံတွေကို နောက်ထပ်တခါ မကြားချင်တော့ပါဘူး။ သာယာချမ်းမြေ့တဲ့ မိသားစုဘ၀မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေချင်ပါတယ်။ ကျမလိုပဲ လူသားတွေကိုလည်း မူးယစ်ဆေးဝါးရဲ့ အဆိပ်သင့်သူတွေ မဖြစ်စေဖို့အတွက် တဦးချင်း အသိစိတ်ဓါတ်နဲ့ တားဆီးကာကွယ်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။

ဒီဒါင်းကီခြိုဝ်း

(၂၀၀၉ ခုနှစ် ငြိမ်းချမ်းရေး တည်ဆောက်သူ အမျိုးသမီးများအသင်းမှ ထုတ်ဝေသော 'လောင်းရိပ်ကို ကျော်ဖြတ်ခြင်း ၂' စာအုပ်မှ ထုတ်နှုတ် ဖော်ပြပါသည်။)

No comments:

Post a Comment

ဘယ်သူမဆို ဝေဖန်သွားလို့ ရပါတယ်
အပြုသဘောနဲ့ ပေါ့ 
အားလုံးပျော်ရွင်ကျပါစေ.....