twitter
    Find out what I'm doing, Follow Me :)

ဤဘလောက်သည်ကျွန်တော်နှစ်သက်သောစာစုများနှင့် ကျွန်တော်ခံစားချက်အရေးအသားလေးများစုစည်းထာခြင်းဖြစ်သည်။လာလည်သူ၊မလာတဲ့ သှူမှန်သမျှအေးချမ်းကြပါစေ.......

Saturday, September 3, 2011

သံဃမဟာနာယက အဖွဲ့က မိုးပြာဆရာတော်ကို အနိုင်ကျင့် ထောင်ချသလား


ဗုဒ္ဓ၀ါဒသည် အစဉ်အလာ ထုံးစံအားဖြင့် အကြမ်းဖက်မှုကို ဆန့်ကျင်ပြီး၊ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ တရား လက်ကိုင်ပြုကာ ငြိမ်းချမ်းရေးကို လျှောက်လှမ်းသော ဘာသာတရား ဖြစ်သည်။ ဘာသာမတူသူ၊ အယူဝါဒ မတူသူနဲ့ အမြင်မတူသူများအပေါ် သည်းခံမှု (tolerance) ပေးစွမ်းနိုင်တဲ့ ဘာသာတရား တစ်ခုအဖြစ်လည်း ကမ္ဘာ့အလယ်မှာ ကျော်ကြားနေဆဲ ဖြစ်သည်။
အယူအဆ မတူသူများအပေါ် ဗုဒ္ဓ၀ါဒရဲ့ ခန္တီတရားနဲ့ပတ်သက်ပြီး၊ ဘီစီ ၂၆၈ မှာ ရေးထိုးခဲ့တဲ့ အိန္ဒိယပြည့်ရှင် အသောကမင်းရဲ့ ကျောက်စာတိုင်ကလည်း ထပ်မံသက်သေခံနေသည်။ အသောကမင်းက သူ့ကျောက်စာတိုင်မှာ အောက်ပါအတိုင်း ရေးထားသည်။
"အခြားဘာသာများအပေါ် ဝေဖန်ရှုတ်ချပြီး မိမိဘာသာကိုသာ ချီးမွမ်းမနေသင့်။ မိမိဘာသာ သာသနာကို တိုးတက်ကြီးပွားအောင်လုပ်ရင်းပင်၊ အခြားဘာသာ အယူဝါဒများကိုလည်း အားပေးချီးမြှောက်မှု ပြုကြရမည်။ ဒီလိုမဆောင်ရွက်ရင်၊ အခြားဘာသာ အယူဝါဒများအတွက် ဘေးအန္တရာယ်ဖြစ်စေသလို၊ မိမိဘာသာကိုလည်း မြေမြှုပ်သဂြိုင်္ဟ်ပြီးသား ဖြစ်သွားလိမ့်မည်...."
အနောက်တိုင်း အတွေးအခေါ်မှာ ပြင်သစ်စာရေးဆရာကြီး ဗောလ်တဲယား ရဲ့ အဆိုအမိန့်တစ်ခုကလည်း ဘာသာအယူဝါဒနဲ့ အမြင် အယူအဆ မတူသူတို့အပေါ် သည်းခံမှုနဲ့ ပတ်သက်ပြီး နာမည်ကြီးသည်။
"ခင်ဗျား ပြောတဲ့ဟာကိုတော့ ကျုပ်သဘောမတူဘူး၊ ဒါပေမဲ့ ခင်ဗျား အဲဒါ ပြောဆိုခွင့် ရဖို့တော့ ကျုပ် အသေခံပြီး ကာကွယ်ပေးသွားမယ်" ဆိုတဲ့ စကားဖြစ်သည်။
အသောကမင်းကြီးရဲ့ ကျောက်စာတိုင်ရော၊ ဗောလ်တဲယား ရဲ့ စကားကပါ နှစ်ခုစလုံးက လူသားထုအတွက် လွတ်လပ်စွာ သဘောကွဲလွဲခွင့်နဲ့ လွတ်လပ်စွာ ကိုးကွယ်ခွင့်တို့ကို အကြီးအကျယ် အားပေးရာ ရောက်ခဲ့သည်။
-------------------------
မကြာခင်က မြန်မာအင်ဂျင်နီယာဖိုရမ် အဖွဲ့က သူတို့ ၀ဘ်ဆိုဒ်မှာ အငြင်းပွားဖွယ် ဗုဒ္ဓဘာသာ အယူအဆ တစ်ခုအကြောင်း ဆွေးနွေးထားသည်။ အင်ဂျင်နီယာတွေက ဘာသာရေးကို ဆွေးနွေးထားတဲ့အတွက် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ရဲ့ ဘာသာရပ်နယ်ပယ်များ ပေါင်းစည်းထိစပ်မှု သက်သေပြယုဂ်တစ်ခုဟုပင် ဆိုရမည်။
မြန်မာအင်ဂျင်နီယာတွေ ဆွေးနွေးတဲ့ အကြောင်းရာက ပစ္စုပ္ပန် ကမ္မ၀ါဒ ဗုဒ္ဓဘာသာ အကြောင်း ဖြစ်သည်။ ပစ္စုပ္ပန် ကမ္မ၀ါဒ အယူအဆကို တင်ပြတဲ့ မိုးပြာဆရာတော် (ခေါ်) ဆရာတော် ဓမ္မ၀ိဟာရီ ရှင်ဥာဏ အကြောင်း ဖြစ်သည်။
ရှင်ဥာဏ က သံဃမဟာနာယအဖွဲ့ကို ရှေ့ဘ၀၊ နောက်ဘ၀ အယူမှားတွေနဲ့ ပတ်သက်ပြီး ဖယ်ရှားပေးဖို့ တောင်းဆိုတဲ့အခါ၊ သံဃာဂိုဏ်းခွဲဖို့ ကြံတယ်ဆိုပြီး၊ သံဃာမဟာနာယက ဆရာတော်ကြီးများက ရှင်ဥာဏ ကို (၃) နှစ် ထောင်ချလိုက်တဲ့ အကြောင်း ဖြစ်သည်။ နောက်မှ နာယက ဆရာတော်ကြီးများက တရားနိုင် ပြန်ပေးပြီး မှားယွင်းမှုလို့ဟု ပြောဆိုဝန်ခဲ့သည်။
ကျမ်းစာအုပ် တစ်ဒါဇင်ကျော် ရေးသားသူ ဆရာတော် ဓမ္မ၀ိဟာရီ ရှင်ဥာဏ ထောင်ကပြန်ထွက်လာတော့လည်း ပစ္စုပ္ပန် ကမ္မ၀ါဒ ဗုဒ္ဓဘာသာ ဆိုပြီး ရန်ကုန်တွင် သီးခြားရပ်တည် သီတင်းသုံးသည်။ ၀ါနီရောင် သင်္ကန်း မ၀တ်ဆင်စေဘဲ၊ သင်္ကန်းအပြာရောင်သာ ၀တ်ခွင့်ပြုသည်။
အမြင်မကြည်လင်တဲ့ သံဃာမဟာနာယကအဖွဲ့က ရှင်ဥာဏကို စစ်အစိုးရနဲ့ပေါင်းပြီး ထောင်ထဲ ပြန်ထည့်လိုက်ပြန်သည်။ ဆရာတော် ရှင်ဥာဏ မှာ သူ့အယူအဆအတွက် အဓမ္မ၀ါဒီအဖြစ် အစွပ်စွဲခံရပြီး၊ လက်ရှိအချိန်ထိ ထောင်ထဲမှာပင် ရှိနေသေးသည်။
ဆရာတော် ရှင်ဥာဏရဲ့ ပစ္စုပ္ပန် ကမ္မ၀ါဒ အယူအဆမှာ မြန်မာထေရ၀ါဒဗုဒ္ဓဘာသာဝင်များကြားတွင် ယခုချိန်ထိ ရေပန်းစားမှု မရှိပါ။ သို့သော် သံဃနာယက အဖွဲ့အတွက်တော့ ပြိုင်ဘက် အဓမ္မအယူအဆအဖြစ် သဘောထားကာ အမျိုးမျိုး ပိတ်ပင်တားမြစ်ထားရုံမက၊ မိမိအမြင်ရှုထောင့်တစ်ခု တင်ပြသူကို ထောင်ချထားသည်။ ထိုကဲ့သို့ အတွေးသစ်အမြင်သစ် တင်ပြသူကို နိုင်ငံတကာ တက္ကသိုလ်များတွင်တော့ မိစ္ဆာဒိဌိ ဟု မသတ်မှတ်ဘဲ စာတမ်းတစ်ခု(thesis) အဖြစ် လက်ခံထားကြမည်သာ ဖြစ်သည်။
အခုတော့ အခြားဘာသာကွဲများကိုတောင် ရပ်တည်ခွင့် ပေးထားတဲ့ မြန်မာနိုင်ငံမှာ၊၊ ဗုဒ္ဓဘာသာကို အမြင်တစ်ခုဖြင့် တင်ပြသူကို ထောင်ချထားသည်မှာ ခန္တီတရား လက်ကိုင်ထားတဲ့ ထေရ၀ါဒ သမိုင်းအတွက် အမည်းစက် စွန်းထင်းဖွယ်ရာ ဖြစ်သည်။
သံဃမဟာနာယက ဆရာတော်များရဲ့ လုပ်ရပ်က မြန်မာနိုင်ငံမှာ ဘာသာရေး လွတ်လပ်ခွင့် အားနည်းမှုကို ထင်ဟပ်ဖော်လျက် ရှိသည်။ သံဃာမဟာနာယက အဖွဲ့ဟာ လွတ်လပ်သော ဘာသာရေးအဖွဲ့ မဟုတ်ဘဲ၊ အာဏာပိုင် ယန္တရားသဖွယ် အမြင်ကွဲလွဲသူများအပေါ် ရက်ရက်စက်စက်ပြုမူရာ ရောက်နေသည်။
နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်သူ ဆရာတော် ဦးဇ၀နကတော့၊ ရှင်ဥာဏ ရဲ့ ပစ္စုပ္ပန် ကမ္မ၀ါဒ အပေါ် အမှားအမှန် ဝေဖန်မှုမပေးလိုကြောင်း၊ အားလုံးလွတ်လပ်စွာ ဆွေးနွေးရမည့် အကြောင်းအရာဖြစ်ကြောင်း ပြောသည်။
သို့သော် ရှင်ဥာဏရဲ့ အယူအဆကို လက်ခံတာ မခံတာ အပထား၊ သူ့အယူအဆကို တင်ပြခွင့်ရဖို့အတွက် ထောင်အကြိမ်ကြိမ်ကျခံ နေရသူမို့ လေးစားထိုက်တဲ့ ပုဂ္ဂိုလ်ဖြစ်ကြောင်း၊ သံဃာနာယကအဖွဲ့အနေနဲ့ အာဏာရှိသူနဲ့ ပေါင်းပြီး ရှင်ဥာဏကို အနိုင်ကျင့်ရာရောက်ကြောင်း ဦးဇ၀န ကမိန့်ကြားသည်။
မြန်မာနိုင်ငံသည် အမြင်အယူအဆ ပေါင်းစုံ ရှင်သန်ခွင့်ရှိဖို့၊ ဘာသာရေး လွတ်လပ်ခွင့်ရရှိဖို့၊ ဒီမိုကရေစီပန်းတိုင် ရောက်ရှိဖို့ လျှောက်လှမ်းနေကြချိန် ဖြစ်သည်။ လက်ရှိ သံဃမဟာနာယကအဖွဲ့ရဲ့ ရှင်ဥာဏ အပေါ် ပြုမူပုံမှာ မြန်မာလူထုရဲ့ အတွေးအခေါ် လွတ်လပ်ခွင့်အတွက် အန္တရာယ်ရှိစေရုံသာမက၊ အနာဂတ် ထေရ၀ါဒ သာသနာရေး အတွက်ပါ စိုးရိမ်ဖွယ် ရှိမှုကို ထင်ဟပ်ပြသနေသည်။
ဝင့်ထန်း

3 comments:

  1. ကျနော့် အမြင်တော့ အရှင် ဇဝန လိုပဲ ထောင်ချတာက မတရားဘူးထင်ပါတယ်။ ဘာလို့တုန်း ဆိုတော့ ရှင်ဥာဏက စာအုပ်တောင် ပုံနှိပ်ခွင့် မရတဲံ အချိန်မှာ ကျန်တဲ့ဘက်က အယူအဆချင်း လွတ်လွတ်လပ်လပ် စိတ်ကြိုက် ကြိုက်သလို ချေပနေလို့ ရပါလျက်နဲ့ ထောင်ချလိုက်လို့ပါ။ နောက် လူတွေက ကိုယ့်ဦးနှောက်နဲ့ ကိုယ် စဉ်းစားကြဦးမှာပဲ။ မိုးပြာဂိုဏ်း ပြောသမျှလည်း လက်ခံမှာမှ မဟုတ်တာ။

    ReplyDelete
  2. ကျုပ်တို့ဘုရားကို ဘုရားတုလို့ပြောတာကတော့
    ထောင်ချသင့်ပါတယ်...။လွတ်လပ်ခွင့်ရှိတယ်...
    သူ့ကိုယ်သူဘုရားလို့သူပြောတယ်...အပြစ်မပြောဘူး....။
    ဘုရားကိုကိလေသာမကုန်ဘူးလို့ပြောတာကတော့ နည်းနည်းလွန်သွားပြီ...
    အပြင်မှာဆိုသတ်မိလိမ့်မယ်...ထောင်ထဲမှာပဲနေပါ...မင်းအေးချမ်းနေမှာ ဥာဏ...။
    ဘာသာတရားအသစ်ထူထောင်လို့ရပါတယ်... ယေရှု,မိုဟာမက်,ဗုဒ္ဓ,ဘဟာအီဘာသာ..
    အစရှိသဖြင့်ပေါ့..ဘာသာတရားတစ်ခုအတွင်းမှာ နောက်တစ်ခုတည်ထောင်တာတော့
    မကောင်းဘူး...ညောင်ပင်ကိုနွယ်တက်သလိုပဲ...ညောင်ပင်ကိုဝါးမျိုမယ့်အရေးပဲဖြစ်တယ်။
    လုံးဝမသက်ဆိုင်တဲ့ဘာသာတရားတစ်ခုလို့သက်သေပြချင်ရင် ဗုဒ္ဓဆိုတဲ့နာမည်ကိုမသုံး
    နဲ့...မစော်ကားနဲ့...မပုပ်ခတ်နဲ့...အခုကအဲလိုမဟုတ်ဘူးလေ...။
    သူထူထောင်လို့ရပါတယ်...ငါဟာ ဘုရား...ဒါမှမဟုတ် ငါ့ဘုရားနာမည်က ဘယ်သူပေါ့...
    အဲလိုပေါ့...အဲလိုလည်းမဟုတ်ဘူး...သူဖြတ်သန်းရာလမ်းတစ်လျှောက်မှာလည်း
    ထူးခြားဖြစ်စဉ်တစ်ခုမှမရှိဘူး...ဘာသာတရားတစ်ရပ်ထူထောင်နိုင်လောက်အောင်လည်း
    ကြီးမြတ်မှုမရှိဘူး... စိတ်ထားမြင့်မြတ်မှုမရှိဘူး...ယေရှု,မိုဟာမက်,ဗုဒ္ဓ..သူတို့ဟာသူတို့
    ကြီးကျယ်မြင့်မြတ်မှုတွေသမိုင်းမှာရှိကြတယ်... တန်ခိုးပြတာကိုဆိုလိုတာမဟုတ်ဘူးနော်...
    ဥာဏကဘာရှိတုန်း...ပြန်ကြည့်လိုက်တော့ ရဟန္တာဆိုပြီးလိမ်လို့ထောင်ကျ...
    ပြီးတော့မှ ဒီဘာသာမဟုတ်ဘူး..နောက်ဘာသာတစ်မျိုးပါဆိုပြီး ထပ်လိမ်..ဆွမ်းအလကား
    စားနေတာပဲလေ...သူ့ကို ကိုးကွယ်လို့ရတယ်...ယုံကြည်တဲ့သူတွေ...တစ်ခုပဲရှိတယ်...
    ဗုဒ္ဓဘာသာကိုမစော်ကားနဲ့...ဗုဒ္ဓအမည်နာမကို အသုံးမချနဲ့...မင်းနဲ့မဆိုင်တော့ဘူးလေ..။
    ဗုဒ္ဓဟောတာတွေကိုမင်းမှလက်မခံတာ... မိုက်ရင်လည်း ဒေ၀ဒတ်လောက်ဖြစ်အောင်မိုက်
    စမ်းပါ... သာမညောင်ညလောက်မလုပ်ပါနဲ့... မိုးပြာဂိုဏ်းကို အများကြီးလေ့လာပြီးပြီ...
    ဘုန်းကြီးလည်း မေထုန်မှီဝဲလို့ရတယ်ဆိုပဲ...။ဟာသ ပဲ။လိင်ဆက်ဆံတဲ့ဘုန်းကြီးကို
    ငါက ဆွမ်းလောင်းရမယ်ပေါ့။တိရိစ္ဆာန်တွေကိုသတ်လို့ရတယ်တဲ့။နေ့တိုင်းနွားသတ်နေ
    တဲ့ဘုန်းကြီးကို ငါက ကန်တော့ရမှာလားဟင်။ မိုးပြာဂိုဏ်းရဲ့ ဘုန်းကြီးဆိုတာ လူသာမန်
    လိုပါပဲ..သိပ်မထူးပါဘူး...။အရင်ဘ၀..နောက်ဘ၀ မရှိဘူးဆိုကတည်းကိုက
    မင်းရဲ့ဘာသာကို ပစ္စုပ္ပန်ကမ္မ၀ါဒ လို့တပ်လို့ရတယ်...နောက်က ဗုဒ္ဓဘာသာလို့
    တပ်ခွင့်မရှိတော့ဘူး။ ဗုဒ္ဓက ရှေးဘ၀ နောက်ဘ၀ကို ဟောတယ်။ မဟာယာနမှာလည်း
    ရှေးဘ၀ နောက်ဘ၀ကိုဟောတယ်။
    အတွေးအခေါ်လွတ်လပ်ခွင့်ကိုလက်ခံပါတယ်။သာသနာကို
    ညစ်နွမ်းစေမယ့်အတွေးအခေါ်ဆိုရင်တော့ ချေမှုန်းရလိမ့်မယ်။တခြားထေရ၀ါဒ တိုင်းပြည်
    တွေကြားမှာ ငါတို့တိုင်းပြည်နာမည်ပျက်တယ်ကွာ။မွတ်စလင်တွေရန်ကိုကာကွယ်ဖို့မစဉ်း
    စားပဲ ကိုယ့်ကိုယ်ကို ဘုရားလို့ထထအော်နေတာကတစ်မျိုးလေးပါလားနော်။
    ဘာလို့ဖမ်းဆီးထောင်ချသလဲ...ဘာမှနားမလည်တဲ့လူထုဆိုတာရှိသေးတယ်...
    တောရွာတွေကိုသွားကြည့်ပါ...ငါကရွာကလာတဲ့လူပါပဲ...သူတို့က ယုံကြတယ်...
    မိရိုးဖလာဗုဒ္ဓဘာသာဝင်တွေ...စစ်မှန်တဲ့ဗုဒ္ဓဘာသာဝင်ဖြစ်အောင်တောင် မနည်း ကြိုးစား
    ဆွဲဆောင်နေရတာ... အဲလို အဖျက်သမားတွေနဲ့ဆိုသွားပြီ။ အိုကေ ဥာဏ...
    ငါကတော့ မင်းထက်ပိုပြင်းတယ်...ဘုရားတောင်ရှိခိုးတဲ့လူမဟုတ်ဘူး...ဆယ်နှစ်ကျော်
    ပြီ...ကျိုက်ထီးရိုးသွားတာတောင်ဘုရားရှိခိုးတာမဟုတ်ဘူး... ဒါပေမယ့် ...လေးစားရမယ့်
    လူကိုသိတယ်...မစော်ကားဘူး...သူပြခဲ့တဲ့လမ်းကိုလိုက်ပြီး သူ့ကိုစော်ကားသလို
    ဘယ်တော့မှမလုပ်ဘူး...။ဗုဒ္ဓဟာ ငါ အလေးစားဆုံးပုဂ္ဂိုလ် ပါပဲ...
    ဟောပြောတဲ့အပိုင်းမှာရော... ကိုယ်ကျင့်တရားမှာရော... ဗုဒ္ဓဟာ စံနမူနာပဲ...။
    မင်းကတော့ သူတပါးအိမ်ပေါ်တက်နေပြီး အခန်းတစ်ခန်းရအောင် အတင်းလုပ်နေတဲ့
    လူတစ်ယောက်ပေါ့။ မင်းကိုငါတို့အားလုံးမေ့သွားကြမှာပါ ဥာဏ။ အသက်ကြီးတာကို
    မေ့ထားပြီး ဥာဏလို့ပဲခေါ်လိုက်တယ်။ အဲဒီအတွက် ငရဲကျမယ်ဆိုလည်း အဲဒီငရဲကို
    ငါသွားမယ်။ ငါလုပ်သမျှကို ငါခံဖို့အတွက် ငါ့မှာ ထိုက်တန်တဲ့သတ္တိရှိပါရဲ့။
    (ရိုင်းပျမှုပါသွားရင် ခွင့်လွှတ်ပါလို့ တောင်းပန်ပါတယ် သူငယ်ချင်းတို့ရေ)

    ReplyDelete
  3. ခေတ်အဆက်ဆက်မှာ သံဃာဆိုတာ ဝါနီရောင်သင်္ဃန်းနဲ့ ပဲသီတင်းသုံးလာတာ သူ့ကျမှမိုးပြာရောင်တဲ့ မိုးပြာဂိုဏ်းတဲ့ ဟဟဟား ဂိုဏ်ထောင်ချင်ရင် ဂိုဏ်းစတားလုပ် ဘန်းကြီးမဝတ်နဲ့ သာသနာပျက်တယ်ဗျ

    ReplyDelete

ဘယ်သူမဆို ဝေဖန်သွားလို့ ရပါတယ်
အပြုသဘောနဲ့ ပေါ့ 
အားလုံးပျော်ရွင်ကျပါစေ.....